စာရေး သူသည် ဗမာဖြစ်၏။ အမိဗမာ၊ အဖဗမာ၊ အဘိုးအဘွားအားလုံး ဗမာဖြစ်သော စာရေးသူသည် ဤမြေမှာနေ ဤရေကိုသောက်၍ ကြီးပြင်းလာသူတစ်ယောက်အနေဖြင့် နိုင်ငံကိုချစ်၏။ လူမျိုးကိုချစ်၏။ လူမျိုးဟုဆိုရာ၌ တိုင်းပြည်အတွင်းနေထိုင်သော တိုင်းရင်းသားအားလုံးကို ဆိုလိုပါသည်။ ထို့ထက် ပို၍ ဘိုးစဉ်ဘောင်ဆက် အမွေခံရရှိခဲ့သော ယဉ်ကျေးမှုအတတ်ပညာနှင့် သာသနာတော်ကို မြတ်နိုး၏။
ဤမြေမှာနေ၊ ဤရေကိုသောက်၍ ကြီးပြင်းခဲ့ရသော သူတို့အတွက် တိုင်းပြည်၏ ကျေးဇူးသစ္စာကို စောင့်သိရပါမည်။ တိုင်းပြည်၏အကျိုးကို မိမိနိုင်သည့်ဘက်မှ ဆောင်ရွက်ရပါမည်။ မဟုတ်လျှင် ကျေးဇူးကန်းသူသာဖြစ်၏။ ကျေးဇူးကန်းခြင်းသာဖြစ်သည်။ ကျေးဇူးသိခြင်းသည် ကတညုတမင်္ဂလာဖြစ်၏။ သို့ဖြစ်၍ ကျေးဇူးကန်းခြင်းသည် ကတညုတမင်္ဂလာကိုပျက်စေသောကြောင့် အဓမ္မ၀ါဒဖြစ်သည်။ ထိုကြောင့် ကျေးဇူးကန်းသူကို အ ဓမ္မ၀ါဒီ မိစ္ဆာဒိဋ္ဌိဟုခေါ်ဆိုနိုင်ပါသည်။
မည်သည့်ဘာသာအယူဝါဒကို ကိုးကွယ်သည်ဖြစ်စေ ကျေးဇူးကန်းသူသည် မှားယွင်းသောအယူကို ဆုပ်ကိုင်၍ အဓမ္မလမ်းကြောင်းကို လျှောက်လှမ်းနေကြသူများဟု ဆိုပါသည်။ စာရေးသူ၏ ပထမဆောင်းပါးမှ ထေရ၀ါဒအုတ်မြစ်ဟူသည် ကိုယ်ကျင့်သိက္ခာသာလျှင်ဟု ရေးခဲ့ပါ၏။ ဂေါတမမြတ်စွာဘုရားသည် လွန်ခဲ့သောနှစ်ပေါင်း ၂၅၀၀ ကတည်းက ထေရ၀ါဒကို တည်ဆောက်ခဲ့၏။ ယခု ၂၅၀၀ ကျော်ခဲ့ပြီဖြစ်၏။ တိတိကျကျဆိုရလျှင် ၂၅၅၁ ရှိခဲ့ပြီဖြစ်သည်။ မြတ်စွာဘုရား၏ ၀ါဒက အနတ္တ၊ မဇိမဒေသတွင် အတ္တကိုဖယ်၍ အနတ္တတံခွန်ကိုလွင့်ပြီး၊ မြတ်စွာဘုရားထူထောင်ခဲ့သော ထေရ၀ါဒသာသနာတော်သည် အန္ဒိယနိုင်ငံမှစခဲ့၏။
အေဒီ(၁)ရာစုမှစ၍ အိန္ဒိယနိုင်ငံသားတို့သည် အရှေ့ဘက်တလွှား နယ်ချဲ့ခဲ့၏။ အေဒီ(၉)ရာစုတွင် စုမတ္တရာအင်ပိုင်ရာကို တည်ထောင်ပြီးဖြစ်သည်။ ထိုအထဲတွင် အင်ဒိုချိုင်းနားကျွန်းဆွယ်တစ်ခုလုံးပါ၏။ မလေးရှား၊ ကမ္ဘောဒီးယား၊ ထိုင်း စသည်တို့သည် ထိုခေတ်မှ ဗုဒ္ဓဘာသာနိုင်ငံများဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာသိရ၏။ ယခုမူ ထေရ၀ါဒငါးနိုင်ငံသာ။ ထိုငါးနိုင်ငံ၌ပင် ထေရ၀ါဒအုတ်မြစ် အမှန်တကယ် ခိုင်နေပါ၏လော။
သမိုင်းအရ မြန်မာနိုင်ငံ၏ ထေရ၀ါဒအုတ်မြစ်ကို ပုဂံခေတ်မှချသည်ဆိုဦး (မှတ်ချက်-ထို့ထက် စောစီးစွာ ရောက်နေကြောင်း အထောက်အထားနဲ့ တင်ပြရန် ကြိုးစားနေသည်) နှစ်ပေါင်း ၁၀၀၀ နီးနေပါပြီ။ အမှန်တကယ် ခိုင်မာသော ထေရ၀ါဒအုတ်မြစ်ကို စာရေးသူတို့ ချနိုင်ပါပြီလော။ ကိုယ်ကျင့်သိက္ခာကိုအခြေခံ၍ လောကမှ လွန်မြောက်ရာ ၀ိမုတ္တိကို ညွှန်ပြတော်မူခဲ့သော မြတ်စွာဘုရား၏ အဆုံးအမကို အမှန်တကယ် လိုက်နာမည်ဆိုပါက မိမိပုဂ္ဂိုလ်ရေးပိုင်ဆိုင်မှုထက်၊ ကိုယ်ကျင့်သိက္ခာကိုသာ ဦးစားပေးရပါမည်။ မြတ်စွာဘုရား၏ အဆုံးအမကို အတိအကျလိုက်နာနိုင်မှသာလျှင် ထေရ၀ါဒအုတ်မြစ်ခိုင်မာပါမည်။
သို့သော် … မိမိသည် မြတ်စွာဘုရား၏ အဆုံးအမကို မည်မျှလိုက်နာနေသနည်းဟု ပြန်ပြီးမေးရမလိုဖြစ်နေ၏။
ထို့အတွက် အားလုံးမှာ တာဝန်ရှိပါသည်။ အားလုံးဟုဆိုရာ၌ ရဟန်းလည်းပါ၏။ သီလရှင်လည်းပါ၏။ ဥပသကာ၊ ဥပသိကာမများလည်းပါ၏။ ထိုအဆိုပါ ပုဂ္ဂိုလ်တို့သည် မိမိတို့ဆိုင်ရာ တာဝန်များကို သိအောင်အားထုတ်ရပါမည်။ သိပြီးသည်နောက် လိုက်နာကျင့်ကြံနိုင်အောင် ကြိုးစားရပါမည်။ သို့မဟုတ်ပါက ထေရ၀ါဒသည် ရေတိမ်နက်ရပါလိမ့်မည်ဟု စကားဆိုရင်း …… ။
နှလုံးစိတ်ဝမ်း ငြိမ်းချမ်းကြပါစေ … ။
Tuesday, January 29, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment