Thursday, January 31, 2008

သသာနာတော်အရေးတွေးပေးပါ(၃)

အခုတလော ထေရ၀ါဒသာသနာတော်အတွက်ရည်စူးပြီးတော့ စာရေးဖြစ်တယ်၊ တကယ်လိုအပ်နေတယ်လို့ ခံစားမိလို့ပါ၊ ဘုရားပြောတာတမျိုး၊ လိုက်လုပ်တာကတမျိုး၊ တလွဲစီဖြစ်တာတွေ တွေ့နေရတာများတော့၊ သိသလောက်လေးကို ဝေမျှယုံပေးပါ၊ သိလွန်းတတ်လွန်းလို့တော့ မဟုတ်ဘူး၊ မှားတာတွေဟာ ကြာလာရင် အမှန်ဖြစ်သွားတတ်တယ်။ အခုကျွန်တော်တို့တိုင်းပြည်မှာက ဗုဒ္ဓ၀ါဒရဲ့ အခြေခံလိုအပ်ချက်တွေကို စေ့စေ့ငှငှ လေ့လာဖို့ အရမ်းလိုအပ်နေပါပြီလို့ဆိုရင် ရယ်(ရီ)ကြမလားဘဲ။ စဉ်းစားကြည့်ပါ … ၀ိပဿနာ တရားစခန်း တိုင်းမှာ လူတွေ အရမ်းကိုများပါတယ်။ တရားစခန်းကထွက်တဲ့အခါ ဒီလူတွေရဲ့ နှလုံးသားတွေ ပြောင်းလဲ သွားကြပါသလား ? ဘာကြောင့် အဲလိုဖြစ်ရတာလဲ ? တရားရဲ့ဂုဏ်တော်ထဲမှာ `အကာလိကော´ `အခါမလင့် အကျိုးပေး၏´ ဆိုတဲ့ ဂုဏ်တော်ပါပါတယ်။ အဲဒီတရားရဲ့ အကျိုးကိုရော တကယ်ခံစားခဲ့ရပါသလား ? ရှိတော့ ရှိပါလိမ့်မယ်။ ရှားပါတယ်။ နှလုံးသားထဲတွင် တကယ့်တရား မကိန်းအောင်းသ၍ နှလုံးသားကိုပြောင်းလဲစေရန် မစွမ်းဆောင်နိုင်ပါ။ လှူတန်းတဲ့နေရာမှာလည်း တကယ်လိုအပ်နေသော နေရာများ၊ ပုဂ္ဂိုလ်များကို မျက်ကွယ်ပြု၍ ရေများရာရေလျှံကာ လှူဒါန်းနေကြသည်ကို တွေ့ရပါသည်။ အလှူ့ရှင်တော်တော်များများသည် ကားစီး၍ သွားနေသော နာမည်ကြီးသည့် သံဃာတော်အရှင်သူမြတ်များကိုသာလှူဒါန်းချင်ကြပါသည်။ ကျောင်းတိုက် အတွင်း နေထိုင်၍ စာပေများကိုသင်ကြားနေသော၊ သာသနာ့ဝန်ကို မိမိနိုင်သည့်ဘက်မှ ကျေပွန်စွာ ထမ်းဆောင်လိုသော ဆင်းရဲသည့်သံဃာတော်များကိုလည်း မမေ့သင့်ပါ။ ကျွန်တော်သည် ဤသို့ စာပေသင်ကြား နေသော ဆင်းရဲသည့် သံဃာတော်များကို မြင်ရသည့်အခါ အလွန်တရာ ၀မ်းနည်းမိပါသည်။ ဥပသကာ၊ ဥပသကီများအနေဖြင့် ဘတ်(စ်)ကားတိုးစီး၊ ဝေးလံသောခရီးများကို ခြေလျင်ကြွမြန်း၍ ဆွမ်းတစ်နပ် ရရန်အတွက် အားသွန်ခွန်စိုက်ပြီး ကြိုးစားနေရသော သံဃာတော်များကိုလည်း မပင်ပန်းရအောင် စောင့်ရှောက် သင့်ပါသည်။ မြတ်ဗုဒ္ဓသည် လောကမှ လွတ်မြောက်ကြောင်းဖြစ်သော လောကုတ္တရာတရားများကိုသာ ဟောကြားခဲ့သည်မဟုတ်။ လောကီလူ့ဘောင်မှ လူသားများအတွက် ကျင့်သင့်ကျင့်ထိုက်သော လူ့ဝတ္တရားများကို ဟောကြားခဲ့ပေသည်။ သို့တိုင်လျက် ကျွန်တော်တို့လူ့ဘောင်မှလူသားများ မေ့နေကြသည်လော ? မသိ၍လော ? ဟောပြောဆုံးမမည့်သူ မရှိ၍လော ? ထိုဝတ္တရားများကို မကျင့်ကြတော့သည်ကို တွေ့ရသည်မှာ ၀မ်းနည်းဖွယ် ကောင်းပါသည်။ မိဘ၀တ်ကို ရသော မိဘများ၊ ဘယ်နှယောက် ကျန်သေးသနည်း။ ထိုမိဘတို့သည် ဘုရားဟော ခဲ့သော မိဘ၀တ္တရားအတိုင်း ကျင့်ခဲ့ကြသည်လော ? အလားတူပင် သားသမီးတို့သည်လည်း ဘုရားဟောသည့် သားသမီးကျင့်ဝတ်အတိုင်း မိဘအပေါ် ကျင့်ရကောင်းမှန်း မသိကြတော့ချေ။ အလားတူပင် ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ်၊ အလုပ်သမားကျင့်ဝတ်၊ အလုပ်ရှင်ကျင့်ဝတ်တို့ကို မည်မျှ လိုက်နာနေကြ သနည်း။ ယခု ထေရ၀ါဒနိုင်ငံဟုဆိုသော ကျွန်တော်တို့နိုင်ငံ၌ပင်လျှင် ထိုကျင့်ဝတ်တရားတို့သည် ပျောက်ကွယ် နေပါ၏။ သို့ဖြစ်လျှင် ထေရ၀ါဒသာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ထိုကျင့်ဝတ်သိက္ခာတို့ကို ပြန်လည် အသက်သွင်းတည်ဆောက်ရန်လိုအပ်ပါကြောင်းကို မျှဝေခံစားရင်း … … … … ။
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ …. ။

No comments: