Monday, February 4, 2008

စကားပြောတတ်မှ နိဗ္ဗာန်ရ


ဗုဒ္ဓဘာသာ မြန်မာလူမျိုး တို့ အတွက် နေ့စဉ် လူမှု စကားအသုံးအနှုံးအများစုတွင် ဗုဒ္ဓဘုရားအဆုံးအမ များ စိမ့်ဝင်ပြန့်နှံ့ နေသည် ကိုတွေ့ရပါတယ်။ စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကို ပယ် နှစ်ခွန်း တွယ် ဆိုတဲ့ စကား ရှိပါတယ်။ အဲဒီစကား လုံးများက ဗုဒ္ဓမြတ်ဘုရား ရဲ့ သုဂတ ဂုဏ်တော် နှင့်တိုက် ရိုက်ဆက်စပ် ပတ်သက်နေပါတယ်။ သုဂတော အနက် နှစ်ချက် က သုဂတော- ဟုတ်မှန် ကျိုးများ ကြိုက် မကြိုက်အားဖြင့် နှစ်ပါး သော စကား ကောင်း ကိုသာ ပြောဆိုတတ်သော မြတ်စွာဘုရား၊ သုဂတော- နိဗ္ဗာန် သို့ ကောင်းစွာ ကြွသွား တော် မူသော မြတ်စွာဘုရား .ဖြစ်ပါတယ်။ အဲဒီအထဲက နှစ်ပါးသော စကား ကောင်းဆိုတာကို ၊

မစ္ဇျိမ ပဏ္ဏာသ ပါဠိတော် မှာ.
(၁) ဟုတ်မှန် ၍ အကျိုးရှိပြီး သူလည်း နာလိုသော စကား၊
(၂) ဟုတ်မှန် ၍ အကျိုးရှိပြီး သူများ မနာလိုသော စကား၊
(၃) ဟုတ်မှန် ၍ အကျိုးမရှိ သူများလည်း မကြားနာ လိုသော စကား၊
(၄) မဟုတ်မမှန် အကျိုးရှိ၍ သူများ ကြားနာလိုသော စကား၊
(၅) မဟုတ် မမှန် အကျိုးမရှိ သူများ ကြားနာလိုသော စကား၊
(၆) မဟုတ် မမှန် အကျိုးလည်းမရှိ သူများလည်း မကြားနာလိုသော စကား၊ ဟူသော ဤ စကား ခြောက်ခွန်းတွင် ဘုရားရှင် တို့မှာ ပ- ဒု စကား နှစ်ခွန်းကို သာ သင့်လျော်သလို သုံးစွဲတော်မူကြပြီး၊ နောက်လေးခွန်း ကို လုံးဝ ပြောဆိုခြင်း မပြုဟု ဆိုပါတယ်။

မိမိက ကောင်းသော အကျိုးရှိသော စကားကို ပြောဆိုနေစေကာမူ နားထောင်သူ တစ်ပါး၏ စရိုက် နှင့် ကိုက်ညီမှ သာ အဲဒီစကားကို အလိုက်သင့် လက်ခံ သဘောကျပေလိမ့်မယ်။ စကားပြောရာ တိုက်တွန်း ရာ ၌ ကောင်းမွန် သည်ပင် ဖြစ်စေကာမူ နားထောင်သူ အလို အကြိုက်စရိုက် နှင့် မကိုက်ညီပါမူ မကောင်းသော စကားဟု အထင်ခံရတတ်ကြောင်း ဒုက္ကထာသုတ် (အံ-၅-ပါ-၁၅၉)မှာ ဖေါ်ပြထားပါတယ်။
(၁) သဒ္ဓါတရား မရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် မကောင်းသော စကား.
(၂) သီလ မရှိသူအား သီလနှင့်စပ်သော စကားသည် မကောင်းသော စကား၊
(၃) အကြားအမြင်နည်းပါးသူအား အကြားအမြင် များမှုနှင့် စပ်သော စကားသည် မကောင်းသော စကား၊
(၄) ၀န်တိုသူအား စွန့်ကြဲမှု နှင့် စပ်သော စကားသည် မကောင်းသော စကား ၊
(၅) ပညာမရှိသူအား ပညာနှင့် စပ်သော စကားသည် မကောင်းသော စကား .အဖြစ်အထင်ခံရကြောင်း နှင့်

အပြန်အလှန်အားဖြင့် နားထောင်သူရဲ့ အလို အကြိုက် စရိုက်နဲ့ ကိုက်ညီလျှင်မူ ထိုသူအတွက် စကားကောင်းဖြစ် ရပြန်တယ်။ ဒီတော့
(၁) သဒ္ဓါတရား ရှိသူ အတွက် သဒ္ဓါ တရား နှင့်စပ်တဲ့စကား သည် စကားကောင်း..
(၂) သီလ ရှိသူအတွက် သီလတရားနှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၃) အကြားအမြင် များသူအတွက် အကြားအမြင်ဗဟုသုတ နှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၄) စွန့်ကြဲမှု ရှိသူအတွက် ပေးကမ်းစွန့်ကြဲမှု နှင့်စပ်တဲ့စကားသည် စကားကောင်း၊
(၅) ပညာ ရှိသူအတွက် ပညာ နှင့် စပ်တဲ့စကား ဟာ စကားကောင်းဖြစ်တယ်။

မိမိမှာ ရှိနေတဲ. သဒ္ဓါ.သီလ.ဗဟုသုတ.စာဂ .ပညာ စတဲ့ အရာကို ပြောကြားလာရင် ထိုအရာတွေနှင့် ပြည့်စုံနေတဲ့အတွက် နှစ်သက်ဝမ်းမြောက်မှု ကို ရတယ်။ ဒါကြောင့် အဆိုပါ ပုဂ္ဂိုလ်ငါးမျိုး တို့ အားပြောအပ်တဲ့ စကား သည် ပုဂ္ဂိုလ် အစားစား ကို လိုက်၍ ကောင်းတဲ့စကား ဖြစ်လာရတယ် လို့ ဘုရားရှင်က ညွှန်ပြဟောဆိုပါတယ်။

ဒါ့အပြင် စကားကောင်း တို့ရဲ့ အင်္ဂါ (၄) ပါးကို သဂါထာဝဂ္ဂ သံယုတ် ၊ သုဘာသိတ သုတ်မှာ ဆိုထားပါသေးတယ်။
ကောင်းစွာဆိုအပ်တဲ့စကား၊ မကောင်းသဖြင့် ဆိုအပ်တဲ့ စကားမမည်၊ အပြစ်လည်း မရှိ၊ ပညာ ရှိတို့ မကဲ့ရဲ့အပ် တဲ့စကား (ပညာနုံဖျင်း လူ့ဗာလ နှင့် ဘာသာခြားတို့ ကဲ့ရဲ့ချင် ကဲ့ရဲ့ပါစေ) လို့ညွှန်ပြထားတာက..
(၁) ကောင်းစွာ ဆိုအပ် တဲ့ စကား၊
(၂) တရားနှင့် ညီသော စကား၊
(၃) ချစ်ခင်ဖွယ် သော စကား၊
(၄) မှန်သော စကား၊

အဲဒီ ၄ ပါးမှာ (၁) က ပထမ အမြတ်ဆုံး စကား (ဟုတ်မှန် ကျိုးများ ကြိုက်မကြိက် .ဆိုသော စကား) ၊ (၂) (၃)(၄) ကား အစဉ်အတိုင်း အမြတ်စကား ဟု ဘုရားရှင် ညွှန်ပြတော်မူပါတယ်။

စကားဆိုတာ လူတိုင်း ပြောဆိုနေကြတာပါ။ ပြော သာ ပြော နေတယ်။ မတတ်တာ က စကား လို့ ဆိုကြပါသေးတယ်။ ဘာကြောင့်လဲ…စကားကောင်း မပြောတတ်တဲ့အတွက် ဟု ပင် ဆိုရပါလိမ့်မယ်။

စကားပြောသူနှင့် စပ်ပြီး ပုဂ္ဂိုလ် သုံး မျိုး ရှိကြောင်း ဂူထဘာဏီ သုတ်(အံ-၃-ပါ-၁၂၅) မှာ ဆိုထားပါတယ်။ အချို့
က မြင်တာ ကို မမြင်ဘူး၊ မြင်တာကိုမြင်တယ် စသည်ဖြင့် မုသာဝါဒ ကိုရေလဲ သုံး တတ်တဲ့ သူမျိုး၊ လာဘ်ပေးလာဘ်ယူ မတရားသက်သေလိုက် တတ်တဲ့သူမျိုးများ၊ ၊မုသား မပါ လင်္ကာမချော လို့လည်း သူတို့ရဲ့ အပြစ်ကိုကာဗာ လုပ်တတ်သူ များ ရှိပါတယ်။ အဲဒီသူမျိုးကိုတော့ မစင် ကဲ့သို့ မကောင်းသော အနံ့ ရှိသော စကား ကို ဆိုတတ် သူ- ဂူထဘာဏီ ပုဂ္ဂိုလ် တဲ့။

အချို့ ကတော့ မြင်တာ ကိုမြင်တယ်၊ မမြင်တာ ကို မမြင်ဘူး၊ ဟု မှန်မှန်ကန်ကန် ပြောဆိုတတ်သူများရှိပါတယ်။ အပြစ်လုပ်မိရင်လည်း ၀န်ခံ တယ်။ သိလျက် မမှန်တဲ့ စကားကို မပြော ဆို။ ထိုသူများကိုတော့ ပန်းကဲ့ သို့ ကောင်းသော အနံ့ ရှိသော စကားကို ပြောတတ်သူ - ပုပ္ဖဘာဏီ ပုဂ္ဂိုလ် ။

နောက်ဆုံး တစ်မျိုးကတော့ အပြစ်ကင်းတဲ့စကား၊ နှစ်လိုဖွယ် စကား ၊ ယဉ်ယဉ်ကျေးကျေး ပြော တတ်တယ်။ ထိုသူများကိုတော့ ပျားကဲ့ သို့ချိုသာ စကားကို ဆိုတတ်သူ - မဓုဘာဏီ ပုဂ္ဂိုလ် ဟု ဘုရားရှင် မိန့်ဆိုတော် မူပါ တယ်။

နေ့စဉ် လူမှု ဆက်ဆံ ရေးနယ်ပယ်၊ တစ်ဦးနှင့် တစ်ဦး စကားပြောဆို ဆက်ဆံ ရာမှာ ဘယ်နည်းဘယ်ပုံ စကားကို ပြောရမယ်။ ဘယ်လိုဘယ်ပုံ မပြောသင့်ဘူး၊ ဘယ်လိုမျိုး စကား ပြောသူ ကို ရှောင်၊ ဘယ်လိုမျိုး စကားကို ပြောရင် လူအများရဲ့ ချစ်ခင် နှစ်သက် မှု ကို ရပြီး လူမှု ဆက်ဆံ ရေးမှာ အောင်မြင် နိုင်မယ်…စသည်ဖြင့် ပိဋကတ် တော်ထဲမှာ အသေးစိတ် နည်းပေး ညွှန်ပြထားတာ တွေ့နိုင်ပါတယ်။ စကားပြောကောင်းသူတစ်ယောက် ဖြစ်လာဖို့ သင်ယူလေ့ကျင့်ကြဖို့ လိုအပ်မယ် လို့ထင်ပါတယ်။

စကားပြောကောင်းခြင်းဖြင့် နေ့စဉ် လူမှု ဆက်ဆံရေမှာ အဆင်ပြေအောင်မြင်ခြင်း၊ အပေါင်းအသင်း ၀င်ဆန့်ခြင်း၊ လုပ်ငန်းအဆင်ပြေချောမွေ့ခြင်း၊ အများရဲ့ ချစ်ခင်လေးစားမှု ရရှိခြင်း စတဲ့ လက်ငင်းအကျိုးများသာမက နိဗ္ဗာန် မ၈်ဖိုလ် ပန်းတိုင် သို့ပင် ပို့ဆောင်ပေးနိုင်တယ် လို့ ဆိုရင် ပိုလွန်းသည် ဟု တစ်ချို့က ဆိုချင် ဆိုကြပါလိမ့်မယ်။

ဆက်ပါဦးမယ်..
ဘုရားပွင့်တော်မူလာခြင်းက လောက သားအားလုံး ဆင်းရဲကင်းပျောက်ချမ်းသာရောက်ဖို့ အတွက်ဖြစ်ပြီး ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား နှင့် ဆင်းရဲငြိမ်းရာအမှန်တရား နှင့် ဆင်းရဲကင်းပျောက်ချမ်းသာရောက် စေနိုင်တဲ့လမ်းစဉ် ကျင့်စဉ် တရား ကိုညွှန်ပြခဲ့ပါတယ်။ သစ္စာလေး ပါး လို့သိနားလည်တဲ့အရာပါပဲ။ အဲဒီအထဲက နိဗ္ဗာန်ရောက်စေတဲ့ လမ်းစဉ်အဖြစ် မဂ္ဂင် ရှစ်ပါး ကိုဟောဖေါ်ညွှန်ပြတော်မူပါတယ်။ မဂ္ဂင် ရှစ်ပါး ကို အကျဉ်းချုပ်လိုက် ပါ က သီလ၊ သမာဓိ၊ ပညာ ဤ သုံးပါး ရပါတယ်။ ထိုတွင်. သီလ မရှိရင် သမာဓိ မတည်၊ သမာဓိ မတည် လျှင် ပညာ မဖြစ် ၊ ပညာ မပ်ါလျှင် နိဗ္ဗာန် ရောက်ရိုး ထုံးစံ မရှိရကား၊ သီလ တရားသည် နိဗ္ဗာန် ရကြောင်း အခြေခံ ပင် ဖြစ်နေပါ၏။ သီလ မဂ္ဂင်များ စုံညီရေးအတွက် သမ္မာ ၀ါစာ သည် မရှိမဖြစ် အရေးပါနေပါ၏။ စကားမပြောတတ်လျှင် သမ္မာ ၀ါစာမဖြစ်၊ သမ္မာ ၀ါစာ မဖြစ်လျှင် မဂ္ဂင် မရထိုက်၊ မဂ္ဂင် မရ ထိုက်လျှင် မဂ် မဆိုက်နိုင်၊မဂ် မဆိုက်လျှင် နိဗ္ဗာန် မရ နိုင် ဖြစ်ရ လေသောကြောင့် - စကားပြောတတ်မှ နိဗ္ဗာန်ရ၊ နိဗ္ဗာန် ရချင် စကားကောင်းပြောတတ်သူ ဖြစ်အောင် သင် ဟု သာ ညွှန်းဆိုလိုက်ရပါ သတည်း။ ။



No comments: