Sunday, July 20, 2008

ရွှေလက်တွဲကြမည်ဆိုပါလျှင်

ကပ္ပိယ “အရှင်ဘုရား….၀ါဆိုလဆန်း(၁၄)ရက်ကို မင်္ဂလာဆွမ်းယူမလို့တဲ့ဘုရား”
စာရေးသူ “ဒီရက်မှာ ဆွမ်းဒကာရှိနေတယ်လေ ကပ္ပိယကြီး”
ကပ္ပိယ “ဒါဆိုရင် ၁၃)ရက်နေ့ကို ပေးလိုက်ရရင်ကောင်းမလားဘုရား”
စာရေးသူ “ကောင်းသားပဲ” ဟုပြောလိုက်ပါသည်၊ ခဏကြာသောအခါ ကပ္ပိယကြီးသည် စာရေးသူရှိရာသို့ ပြန်ရောက်လာကာ “အရှင်ဘုရား….(၁၃)ရက်နေ့က ပြဿဒါးရက် ဖြစ်နေလို့တဲ့ အဲဒီရက်တော့မယူချင်ဘူးလို့ ပြောနေပါတယ်ဘုရား” ပြောလာပါသည်။
ရက်ရာဇာပြဿဒါးစသည့် ပြက္ခဒိန်ပါရက်များသည် လူသားများအား အလွန်ဖမ်းစားနေသည်ဟု ထင်မိပါသည်၊ ထိုရက်များသည် လောကီကိစ္စတွင် နေရာယူထားသည်သာမက ကုသိုလ်ရေးဆိုင်ရာတွင်လည်း နေရာအသင့်အတင့်ယူနေသည်ကို တွေ့ရပေသည်။
သူတို့၏ ရွှေလက်တွဲမည့်အရေးကို ရက်ရာဇာ ပြဿဒါး ရွေးနေကြပေသည်၊ အကယ်၍ ပြဿဒါးရက်တွင် မင်္ဂလာဆောင်သည့် မင်္ဂလာမောင်မယ်များသည် ရာသက်ပန် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်သွားတော့မည်လော၊ ထိုအိမ်ထောင်ရေး အတွက် ပြဿဒါးကအဓိကျပါ၏လော တွေးစရာဖြစ်နေပေသည်။ ထို့အတူ ရက်ရာဇာရွေး၍ လက်ထပ်မင်္ဂလာပြုကြသော မင်္ဂလာမောင်မယ် များအတွက် ရာသက်ပန် မကွဲမပြဲပဲ ချမ်းသာသော အိမ်ထောင်ရေးတစ်ခု ဖြစ်တော့မည်လော၊ ထိုအိမ်ထောင်ရေးအတွက် ရက်ရာဇာက အဓိကကျပါ၏လော ……..လောပေါင်းများစွာ အတွေးနယ်ချဲ့ မိပါတော့သည်။
လောကတွင် အိမ်ထောင်စုအတော်များများသည် ရက်ရာဇာ ၊ နေ့ကောင်းရက်မြတ် ရွေးပြီးမှ လက်ထပ်ယူကြသည်က များပါသည်၊ သို့ပါလျှက် မကြာမီ အိမ်ထောင်ရေး ပြိုကွဲကြသည်မှာ အဘယ့်ကြောင့်ပါနည်း၊ ရက်ကောင်းနေ့မြတ်များသည် အိမ်ထောင်ရေး မပြိုကွဲစေရန် မတတ်နိုင်သကဲ့သို့ ပြဿဒါးရက်များသည်လည်း ခိုင်မြဲနေသည့် အိမ်ထောင်ရေးကို မဖြိုခွင်းနိုင်ခဲ့သည်မှာ လူ့ပတ်ဝန်းကျင်တွင် အထင်အရှားပင် မြင်နေရပါသည်။
ထို့ကြောင့် လက်ထပ်မည့်သူများသည် ဘ၀တစ်လျှောက်လုံး အိမ်ထောင်ရေး၊အဆင်ပြေစေရန် ရက်ရာဇာ၊ပြဿဒါး ရွေးစရာမလို လွတ်လပ်စွာဖြင့် မင်္ဂလာပွဲကို ဆင်နွဲကြပါရန်တိုက်တွန်းလိုသည့်အပြင် သာယာသောအိမ်ထောင်ရေးတစ်ခုကို ဖန်တီးချင်ကြသော ဇနီးမောင်နှံများအတွက် မြတ်ဗုဒ္ဓ ဟောတော်မူခဲ့သော လမ်းညွန်ချက်များရှိခဲ့ပေသည်၊ ထိုလမ်းညွန်ချက်အတိုင်း လိုက်နာကျင့်သုံးနိုင်လျှင် ယခုပစ္စုပ္ပန်ဘ၀တွင် သာယာပျော်ရွှင်သောအိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်သကဲ့သို့နောင်တမလွန်ဘ၀အတွက်လည်း အတူတကွ ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်း ဟူသကဲ့သို့ ဘ၀အစဉ်အဆက်ပြန်လည်တွေ့ဆုံရတတ်ပေမည်။
ရွှေလက်တွဲမည့်သူများအတွက် မြတ်ဗုဒ္ဓ ညွန်ပြတော်မူခဲ့သည့် လမ်းညွန်ချက်ကား………..
(၁)သမသဒ္ဓါ (တူမျှသောယုံကြည်မှု)
(၂)သမသီလ(တူမျှသောကိုယ်ကျင့်တရား)
(၃)သမစာဂါ (တူမျှသော စွန့်ကြဲမှု)
(၄)သမပညာ ဖြစ်ပါသည်၊ (တူမျှသော ပညာရှိမှု)
သမသဒ္ဓါ ဟူသည်
တူမျှသော ယုံကြည်လက်ခံမှုဖြစ်သည်၊ ဇနီးမောင်နှံနှစ်ဦးသည် တူညီသည့် ယုံကြည်မှုရှိရမည်၊ ဤတွင် ယုံကြည်မှုဟူသည် လောကရေး၊ ဓမ္မရေးရာအားဖြင့် နှစ်ပိုင်းခွဲ၍ ပြောရပေမည်၊ လောကရေးရာအားဖြင့် ယုံကြည်သည်ဆိုရာဝယ်၊ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို ယုံကြည်ရမည်ဖြစ်သကဲ့သို့ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို အပြန်အလှန် ယုံကြည်ရပေမည်။
ထိုသို့ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို ယုံကြည်သည်ဟု ဆိုရာဝယ် ခင်ပွန်းဖြစ်သူသည် မိမိဇနီး ယုံကြည်လက်ခံနိုင်လောက်သည့် အပြောဆို အပြုအမူ အနေအထိုင် ကောင်းမွန်ရန် အထူးလိုအပ်ပေသည်၊ ခင်ပွန်းဖြစ်သူသည် ဇနီး၏အရှေ့တွင်တစ်မျိုး၊ နောက်ကွယ်တစ်မျိုး အခြေအနေပြောင်းနေမည်ဆိုပါက ဇနီးသည်၏ ယုံကြည်လက်ခံနိင်မှုကို ရရှိမည်မဟုတ်ပေ၊ သို့ဖြစ်လျှင် ထိုအိမ်ထောင်ရေးသည် မည်သို့ သာယာ နိုင်ပါမည်နည်း။ ထို့ကြောင့် ခင်ပွန်းသည် ဇနီး၏ ယုံကြည်လက်ခံမှုကို အပြည့်အ၀ရရှိစေရမည်၊ ယုံကြည်လက်ခံနိုင်အောင်လည်း နေတတ်ရမည်၊သို့မှသာ သာယာသည့် အိမ်ထောင်စု တစ်ခုကို ဖန်တီးနိုင်လိမ့်မည်။
တဖန် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ယုံကြည်လက်ခံသည်ဟု ဆိုရာဝယ် ဇနီးသည်သည် မိမိခင်ပွန်း ယုံကြည်လက်ခံနိုင် လောက်သည့် အပြောအဆို အပြုအမူ အနေအထိုင် ကောင်းမွန်ရန် အထူးလိုအပ်လှပေသည်၊ အရှေ့တွင်တစ်မျိုး နောက်ကွယ်တစ်မျိုးဆို လျှင် ခင်ပွန်းဖြစ်သူ မယုံကြည်နိုင်သည်မှာ မဆန်းပေ၊သို့ဆိုလျှင် ထိုအိမ်ထောင်ရေးသည် သာယာပျော်ရွှင်ဖွယ်မရှိနိုင်ပေ၊ ထို့ကြောင့် ဇနီးသည်သည် မိမိခင်ပွန်း၏ ယုံကြည်လက်ခံမှုကို အပြည့်အ၀ ရရှိစေရမည်၊ ယုံကြည်လက်ခံအောင်လည်း နေတတ်ရပေမည်၊သို့မှသာ တစ်ဦးကိုတစ်ဦးယုံကြည်မှုအပြည့်ရှိကာ သာယာသည့်အိမ်ထောင်စု တစ်ခုကို ဖန်တီးနိုင်လိမ့်မည်။ ဤကား လောကရေးရာ ယုံကြည်မှုဖြစ်ပေသည်။
ဓမ္မရေးရာအားဖြင့် လက်ခံယုံကြည်မှုဟူသည် ရာသက်ပန်လက်ထပ်ကြတော့မည်ဆိုလျှင် ဘာသာအယူဝါဒခြင်းတူညီရပေမည်၊ ဘာသာအယူဝါဒမတူညီလျှင် အမိုက်ကစ ပြသဒ်မီးလောင်ဆိုသည့်သကဲ့သို့ သူ့ဘာသာ ကိုယ့်ဘာသာ အပြစ်မြင်ပြီး အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်ကြပေသည်၊ ဘာသာမတူ အိမ်ထောင်ပြု၍ အဆင်ပြေနေသည်ကား အနည်းစုသာဖြစ်ချေသည်၊ထို့ကြောင့် ဘာသာ အယူဝါဒခြင်းတူညီကာ အိမ်ထောင်ပြုကြလျှင် ပို၍အဆင်ပြေကာ ကောင်းမွန်ပါလိမ့်မည်၊ ဘာသာအယူဝါဒတူလျှင်(ယုံကြည်မှုခြင်းတူလျှင်) အသွင်တူ အိမ်သူဖြစ် ဆိုသည့်မြန်မာစကားပုံကဲ့သို့ ပျော်ရွှင်သော အိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်ကြပေလိမ့်မည်။




သမသီလ ဟူသည်
တူမျှသော ကိုယ်ကျင့်တရားကို ခေါ်ပါသည်၊ ကိုယ်ကျင့်တရားသည် ဇနီးမောင်နှံများအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ ဇနီးမောင်နှံနှစ်ဦးသာမဟုတ် လောကလူသားအားလုံးအတွက် အရေးကြီးသော တရားတစ်ခုဖြစ်သည့်အပြင် ဘ၀၏ အရှေ့ဆုံးတန်းတွင် နေရာရရန်အတွက် အထောက်ပံ့များစွာပေးနိုင်ပေသည်။
တူညီသော ကိုယ်ကျင့်တရားရှိရမည်ဆိုရာဝယ် ခင်ပွန်းဖြစ်သူသည် ငါးပါးသီလကို စောင့်ထိန်းရမည်ဖြစ်သကဲ့သို့ ဇနီးဖြစ်သူကလည်း ငါးပါးသီလ စောင့်ထိန်းရပါမည်။ သာယာပျော်ရွှင်သော အိမ်ထောင်စုတစ်ခုအတွက် ငါးပါးသီလသည် အခြေခံကျသော တရားတစ်ခုဖြစ်နေပါသည်၊ ထိုသီလတည်းဟူသောကိုယ်ကျင့်တရားကြောင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအပြည့်ဝရရှိနိုင် ပါသည်၊ ဥပမာ-ခင်ပွန်းဖြစ်သူ အရက်မူးလာလျှင် ဇနီးဖြစ်သူစိတ်ညစ်ရသည်၊ထိုမှတဆင့် လေးစားမှုနည်းကာ တစ်ဦးနှင့်တစ်ဦး အဆင်မပြေဖြစ်ကြကာ နောက်ဆုံးတွင် အိမ်ထောင်ရေးပြိုကွဲသည်အထိ ဖြစ်နိုင်ပေသည်၊ ထို့အတူ စာရိတ္တသီလဟုခေါ်ဆိုရသည့် ကျင့်ရမည့်ကျင့်ဝတ်တရားတို့တွင် လင်ကျင့်ဝတ်ကို ခင်ပွန်းဖြစ်သူက ကျင့်သုံးရန်နှင့် ဇနီးဖြစ်သူက မယားကျင့်ဝတ်ကို ကျင့်သုံးလိုက်နာသင့်ပေသည်။
ဇနီးမောင်နှံနှစ်ဦးစလုံး၌ ကိုယ်ကျင့်တရားကောင်းမွန်ပါက သာယာသောအိမ်ထောင်စုတစ်ခုဖြစ်ကာ နောင်တမလွန် ဘ၀အတွက် အခြေအနေကောင်းသော သုဂတိဘုံသို့ ရောက်ရှိနိုင်ပေသည်၊ တစ်နေရာတွင် မြတ်စွာဘုရားသည် ဇနီးမောင်နှံတို့၏ ကိုယ်ကျင့်တရားဆိုင်ရာကို ဖေါ်ညွန်းထားပါသည်၊ လောကတွင် ဇနီးမောင်နှံလေးမျိုးရှိပါသည်၊ သူသေယောင်္ကျားနှင့်မယားနတ်သမီး၊ သူသေမယားနှင့်ယောင်္ကျားနတ်သား၊ သူသေမယားနှင့်ယောင်္ကျားသူသေ၊ မယားနတ်သမီးနှင့်ယောင်္ကျားနတ်သား ဟူ၍ ဇနီးမောင်နှံလေး မျိုးရှိရာတွင် သူသေဟူသည် သီလမရှိသော သူကိုခေါ်ပြီး၊ နတ်သား/နတ်သမီး ဟူသည် သီလရှိသည်ကို ခေါ်ကြောင်း သီလကို အခြေခံ၍ ပြဆိုထားပေသည်။
ထို့ကြောင့် ပစ္စုပ္ပန်၌ ပျော်ရွှင်သော အိမ်ထောင်စုဖြစ်သည့်အပြင် တမလွန်ဘ၀တွင် ချမ်းသာသောဘုံ၌ အတူတကွဖြစ်လိုလျှင် ယခုဘ၀တွင် ကိုယ်ကျင့်တရားဟူသည့် ငါးပါးသီလကို အတတ်နိုင်ဆုံး စောင့်ထိန်းကြရန် အထူးလိုအပ်ပါသည်။
သမစာဂါ ဟူသည်
စာဂဟူသည် ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်းကို ခေါ်သည်၊ ဤ၌ ဇနီးမောင်နှံနှစ်ယောက်စလုံး စွန့်ကြဲပေးကမ်းလှူဒါန်းမှုနှင့် ပြည့်စုံရပါမည်၊ ဤနေရာ၌ လောကနှင့်ဓမ္မရှုထောင့် နှစ်မျိုးဖြင့် ကြည့်ရပါဦးမည်။
လောကရေးရာအားဖြင့် ဇနီးမောင်နှံများ ဘ၀တွင်လုပ်ကိုင်၍ အဆင်ပြေသောအခါ (ပြေလည်သောအခါ)တွင် နှစ်ဖက်မိဘများအား လိုအပ်ပါက ထောက်ပံ့ပေးကမ်းကြရပါမည်၊ ဇနီးဖြစ်သူက မိမိ၏ မိဘများအားထောက်ပံ့ပေးချင်သည်ဆိုပါက ခင်ပွန်းဖြစ်သူအား တိုင်ပင်ပြောဆိုရပါသည်၊ ခင်ပွန်းဖြစ်သူထံမှ သဘောတူညီမှုရရှိခဲ့ပြီဆိုပါက ပေးကမ်းစွန့်ကြဲနိုင်သကဲ့သို့ ခင်ပွန်းဖြစ်သူ၏ မိဘများအား ထောက်ပံ့ချင်သည်ဆိုပါက ဇနီးသည်အားတိုင်ပင်ရပါသည်၊ သဘောတူညီမှု ရရှိပြီဆိုလျှင် ခင်ပွန်း၏ မိဘဆွေမျိုးများအား ထောက်ပံ့အကူအညီပေးသင့်ပေသည်၊သို့မှသာ တစ်ဦးနှင့်တစ်ဦး အဆင်ပြေကြပေမည်။
တဖန် ဓမ္မရှုထောင့်မှ ကြည့်ကြမည်ဆိုလျှင်လည်း အလှူဒါနပွဲကို ချိန်ခါမဆွဲ ပြုလဲပြုချင်သပဆိုလျှင် ထိုအလှူဒါနပွဲအတွက် ဇနီး မောင်နှံနှစ်ယောက် စိတ်တူကိုယ်တူဖြစ်စေရန် တိုင်ပင်ကြရပါသည်။ နှစ်ဦ်းသားတို့၏ သဘောတူညီမှုကို ရရှိပြီဆိုတော့မှ ကုသိုလ်ပြုသင့်ပေသည်။ ဤသည်ပင်လျှင် တူမျှသော စာဂ ရှိသည်ဟု ပြောဆိုကြပါသည်။
တစ်ခါက စာရေးသူထံ ဇနီးမောင်နှံနှစ်ဦးယောက်ရှိလာပါသည်၊ ကိစ္စကားအခြားမဟုတ် အလှူပြုလုပ်ရန် လာရောက်လျှောက်ထားခြင်းဖြစ်သည်၊ နှစ်ယောက်သားတိုင်ပင်ထားခြင်း မရှိသည့်အတွက် စာရေးသူ၏ အရှေ့တွင် ထိုအလှူနှင့်ပတ်သက်၍ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို မတိုင်ပင်ရကောင်းလား ဟုဆိုကာ စကားများကြပါတော့သည်၊ စာရေးသူသည် မနေနိင်ရကား ထိုအလှူအတွက် အဆင်ပြေစေရန် အစကတည်းကတိုင်ပင်ရပါကြောင်း၊ ဒါပေသည့် ဖြစ်ပြီးသည့်ကိစ္စတစ်ခုအတွက် ပြန်ပြင်၍မရနိုင်တော့ပါကြောင်း ခင်ပွန်းဖြစ်သူကလည်း ဇနီးဖြစ်သူ၏ အပြစ်ကိုမမြင်ဘဲ အပြစ်မှခွင့်လွတ်လိုက်လျှင် ထိုကိစ္စမှာ ပြီးသွားမှာဖြစ်ကြောင်း ငြိမ်းချမ်းရေးတရား ဟောလိုက်ရပါတော့သည်။
ဆိုလိုသည်မှာ အလှူဒါနပြုလုပ်သည့်အခါ ဇနီးမောင်နှံများသည် မတိုင်ပင်ဘဲ ပြုလုပ်ကြသောကြောင့် စကားများရန်ဖြစ်ခြင်း စသည့် မဖြစ်သင့်သည့်အရာများဖြစ်လာကာ အမှိုက်ကစ ပြသဒ်မီးလောင် ဆိုသကဲ့သို့ နောက်ဆုံး တစ်ယောက်အပေါ်တစ်ယောက် အပြစ်မြင်ကာ အိမ်ထောင်ရေး ကွဲပြဲသွားတတ်ပါသည်၊ ထို့ကြောင့် အိမ်ထောင်ရေးသာယာပျော်ရွှင်စေရန် အလှူပြုလုပ်သည့်အခါတိုင်း တစ်ယောက်ကိုတစ်ယောက်တိုင်ပင်ခြင်းဖြင့် တူညီသောစာဂ တရားများရှိပါက သာယာပျော်ရွှင်ဖွယ် အိမ်ထောင်စုတစ်ခုကို ဖန်တီးနိုင် သည့်အပြင် တမလွန်ဘ၀တွင်လည်း အတူတကွ ဖြစ်နိင်ပါသည်။
သမပညာ ဟူသည်
တူညီသော အသိဥာဏ် ရှိရမည် ဖြစ်ပါသည်၊ ဘ၀ကို ရုန်းကန်လှုပ်ရှားကြရသည့်အခါတွင် လွယ်ကူစွာဖြေရှင်းရသော အရာများ ရှိသကဲ့သို့ တစ်ခါတစ်ရံ ခက်ခဲသည့်ပြဿနာကိုလည်း ဖြေရှင်းကြရပေသည်၊ထိုသို့ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းကြရာတွင် ခင်ပွန်းဖြစ်သူက ငါလုပ်လျှင်ဖြစ်သည်ဟုဆိုကာ မတိုင်ပင်ဘဲ မနေရပေ၊ ဇနီးဖြစ်သူအား အခက်အခဲကို မည်သို့ပြုလုပ်သင့်ကြောင်း တိုင်ပင်ပြောဆိုရပါသည်၊ အဘယ့်ကြောင့်နည်း တစ်ယောက်တည်း ဦးနှောက်နှင့် ဖြေရှင်းသည်ထက် နှစ်ယောက်ဦးနှောက်ဖြင့် ကိုင်တွယ်ဖြေရှင်းပါက ပို၍မှန်ကန်ပေလိမ့်မည်၊ ထိုကဲ့သို့ဘ၀တွင် အခက်အခဲပေါင်းစုံတို့ဖြင့် ရင်ဆိုင်လာရပါက ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိရမည်ဖြစ်ပေသည်၊မည်သို့ပင်ဖြစ်စေ တစ်ဦးကိုတစ်ဦးနားလည်မှုပေးကာ တိုင်ပင်ကြမည်ဆိုပါက တူညီသော ပညာရှိသည်ဟု ဆိုရချေမည်။
အချုပ်ဆိုရသော် ဇနီးမောင်နှံများသည် တရားလေးမျိုးဖြင့် ပြည့်စုံအောင်ကျင့်သုံးနိုင်ကြမည်ဆိုလျှင် ပြဿဒါး ရက်မကောင်းသော်လည်း သာယာပျော်ရွှင်သော အိမ်ထောင်မှုဘ၀ခရီးကို ဖန်တီးနိုင်သည့်အပြင် နောင်ဘ၀တွင်လည်း အတူတကွဖြစ်ကြရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါတော့သတည်း။

ဦးကောဝိဒ(မြိတ်)
19, July, 2008, 9:14 pm