Wednesday, December 31, 2008

ပြီးပြည့်စု့သောသီလဟူသည် (၂)

Happy New Year
ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျနော်လေးစားရတဲ့ ရေးဖေါ်ရေးဖက် နဲ့စာ ဖတ်သူများ အားလုံး မင်္ဂလာရှိသောနှစ်သစ်မှာ ဓမ္မထွန်းကားအောင် ဆောင်နိုင်သည်ဖြစ်စေ သောဝ်။

သုတေသနအတွက်ပါနာတိပါတကံကျူးလွန်နေရတဲ့အတွက်သီလပင်မလုံနိုင်။

ဒီအထက်ကစာသားလေးကတော့ ကျနော်လေးစားတဲ့အစ်ကိုကြီးတစ်ယောက်က ရေးခဲ့တာပါ အားလုံး လဲသိကြမှာပါ မြင့်မိုရ်ဦးဘလော့ ပိုင်ရှင် ဒေါက်တာညဏ်ပါ။

လောကဆိုကတည်းက အဓမ္မနဲ့ဓမ္မတို့ အားပြိုင်စစ်ခင်းရာဟု ပညာရှင်တို့ဆိုကြ၏ ဆိုခဲ့သည်အတိုင်း လည်းလောကသည် ဓမ္မနဲ့အဓမ္မတို့အားပြိုင်မှုရှိနေသည်မှာဓမ္မတာ
ဓမ္မက အနိုင်ရသည့်အခါ လောကသည်တည်ငြိမ်၏ အေးချမ်း၏ ထို့အတူလောကသားတို့ ချမ်းသာ၏ လောကသားဟူရာ၌ လူလည်းပါ၏ နတ်လည်းပါ၏ တရိစ္ဆာန်လည်းပါ၏ ခြုံငုံပြောဆို ရပါလျှင် (31) ဘုံမှမလွတ်မြောက်သေသူအားလုံးကို လောကသားများဟု ဆိုနိုင်ပါ၏။သို့အတွက်လောကကြီးတကယ်တန်းငြိမ်းချမ်းရန်အတွက်အားလုံးတွင်တာဝန်ကိုယ်စီရှိကြပါ၏ လောက၌ အဓမ္မတရားတို့ မထွန်းကားအောင် မပျံ့ပွားအောင်ကြိုးစားအားထုတ် ရာ၏ ထိုသို့အားထုတ်ရာ၌ မိမိကိုယ်ကိုလည်းကောင်း မိမိ၏ဘ၀ကို လည်းကောင်း လောကအတွက် စတေးရမည်သာဖြစ်ပါ၏ ဘုရားအစရှိသောသူတော်ကောင်း တို့သည် အလော်တော် ဘ၀ များ၌ ငါးပါးသီလကို ချိုးဖေါက်ခဲ့သည်သာ သို့သော် အဆိုပါ ပုဂိုလ်တို့ ချိုးဖေါက်ခြင်းကား လောက၌ဓမ္မ ထွန်းကားရေးအတွက် အနစ်နာ ခံခြင်းသာလျှင်ဖြစ်သည် ကို ပိဋကတ်တော်များတွင် ဖတ်ရှုခဲ့ကြပြီးသာဖြစ်ပါလိမ့်မည်။

ကျတော်တို့ လည်း ကိုယ့်မြေ ကိုယ့်ရေ ကို တိုင်းတပါးတို့ ထိခိုက်စော်ကားလာ သည်ရှိသော် ပါဏာတိပါတ သိက္ခာပုဒ် ကို ချိုးဖျက်မည်သာ။ “သူ့နိုင်ငံသားသံမှုန့်စားမှ ဒို့ဓါးတုံးလိမ့်” ဟူသော အယူကိုကိုင်ပြီး တိုက်မည်သာဖြစ်ပါ၏

စင်စစ်ထေရ်ရ၀ါဒ အရ ဘ၀ကို တည် ဆောက်မည်ဆိုပါလျှင် မိမိ၏ဘ၀ကိုလောက အတွက် အနစ်နာခံပေးဆပ် ပါမှ ဖြစ်ပါလိမ့်မည်။

ကျနော်တို့ တိုင်းပြည်သည် ထေရ၀ါဒတိုင်းပြည်ဟုဆိုကြ၏ အမှန်တကယ်ထေရ၀ါဒ အုပ်မြစ် ခိုင်နေပြီလော အမှန်တကယ်ကိုယ်ကျင့်သိက္ခာကို တန်ဖိုးထားတတ်ပြီလော မေစရာတွေရှိနေမည်သာ။ အမှန်တကယ် ဓမ္မတရားတို့ ထွန်းကားနေသည်လား မဆုံသေးသောမေး ခွန်းများ တွေးစရာများရှိနေပါ၏ ကျနော်တို့ကိုယ်တိုင်က ရော ထေရ်ရ၀ါဒ၏ စစ်မှန်သော အနက်အဓိပါယ် ဆုတ်ကိုင်မိပြီလော ဟု စစ်တမ်းထုတ် အဖြေရှာနေဆဲဖြစ်ပါ သည်။

သီလတော်သည် ဘုရားပွင့်လည်းရှိ၏ ဘုရားမပွင့်သော် လည်းရှိနေသည်သာဖြစ်ပါသည် သို့အတွက် ငါးပါးသီလတော်ကို နိစ္စသီလတော်ဟုဆို ကြ၏ လောကငြိမ်ချမ်းရေးအုတ်မြစ် ဟု လည်းဆိုပါ၏ ထိုအတွက် ဘုရားသသာနာတော်အတွင်း ရှိသောငါးပါးသီလတော်သည် သစ္စာ ဆိုက်နိုင်သော အသိတိုင် အောင် အကျိုးပြုပါ လိမ့်မည်ဟု ကျနော်ယုံပါသည်။ ကျနော်တို့အနေဖြင့် လည်း သစ္စာဆိုက် အောင် အနက်ကိုရှာဖွေဆန်ံထုတ်ပါမှ သာသနာတော်အတွင်းသီလကို မြင်ပါလိမ့်မည်။သို့မှပို၍လောက ငြိမ်းချမ်းမည်ဖြစ်ပါ၏။

တတိယသိက္ခာပုဒ်တော်အရ ကာမေသုမိစ္ဆာရ ကို ကြည့်မည်ဆိုပါက

တိုက်ရိုက်အနက်= ကာမအရာ၌ မှားယွင်းစွာကျင့်ခြင်း

သွယ်ဝိုက်အနက်= မိမိရသင့်ရထိုက်သော အခွင့်ရေး ထက်ပို လိုခြင်း/ ယူခြင်း

ဆန့်ကျင်အနက်= မိမိရပိုင်ခွင့်များကို လောကအတွက်စွန့် လွတ်ခြင်း

ဟုဆို၏

သမုတိသစ္စာအရ ကာမအရာ၌ မှာယွင်းယုတ်ညံ့စွာကျင့်ခြင်း ဟူဆိုရာတွင် သူတစ်ပါးသားမယား သားသမီး ကိုဆို၏

ပရမတ္ထသစ္စာအရ ကာမဂုဏ်ဆိုရာ၌ ရူပါရုံလည်းပါ၏ သဒ္ဒါရုံလည်းပါ၏ ဂန္ဓာရုံ့လည်း ပါ၏
သောတာ၊ဖောဋ္ဌဖ္ဗ အစရှိသဖြင့် ကာမ၈ုဏ်အာရုံ အားလုံးပါမည်သာဖြစ်ပါသည် ထိုထိုသော ကာမဂုဏ်တရားတို့၌ မှားယွင်စွာကျင့်ခဲ့ပါလျှင်။ အရပ်စကားအရပြောရလျှင် မိမိနဲ့ မထိုက်သော နေရာ၊ငွေကြေး ဘွဲ့ ထူးဂုဏ်ထူး ကိုမရ ရအောင်ကြံဆောင် လျှင် ထိုသိက္ခာပုဒ်ကိုကျူး လွန် ရာရောက်ပါ၏

ကာမေသုသိက္ခာပုဒ်၏ တရားကိုယ်ကား ဘေဘ ဖြစ်၏ ဿသတဒိဋ္ဌိနဲ့ယှဉ်၏ ထိုသိက္ခာပုဒ်ကို တယ်တန်း လုံခြုံအောင်ထိန်းမည်ဆို လျှင် မိမိ၏လောဘကြောင့်ဖြစ်ပေါ် လာသောဆန္ဒ များကို မပွားစိးအေင် သတိပညာနဲ့ပယ်သတ်ရပါ လိမ့်မည်။

မုသာဝါဒ သူတစ်ပါးအား လိမ်လည်ပြောဆို ခြင်း ဟုဆို၏

တိုက်ရိုက်အနက်= သူတစ်ပါးအားလိမ်ညာခြင်း

သွယ်ဝိုက်အနက်= ဟန်ဆောင်ဖုံကွယ်ခြင်း နဲ့ ကျန်ဝစီဒုစရိုက် သုံးပါး

ဆန့်ကျင်အနက်= သစ္စာဓမ္မထွန်ကားအောင် ထုတ်ဖေါ်ပြောဆို လုပ်ကိုင်ခြင်း

ဟူရပါ၏

တကယ်တန်းမုသာဝါဒကံကို လုံးအောင် ထိနးမည်ဆိုပါလျှင် ကျနော်တို့၏နှလုံသားကို သစ္စာမြေပေါ်၌ အုတ်မြစ်ခိုင်အောင်ချရန်လို အပ်ပါသည် အတုကိုဖယ်၍ အစစ်ကို တန်ဖိုးထားတတ်ရပါမည် သစ္စာတရား ထွန်းကားရေးအတွက် မိမိဘ၀ကို လောအတွက် အသုံချရဲသော သတ္တိကို မွေးမြူရပါလိမ့်မည်။
ဆိုင်ရာညဏ်ရောက်မှ ဆိုင်ရာသော ကိလေသာမီးကိုငြိမ်းနိုင်ပါမည်ဟု သိပါလျှက် ကျနော်သည် ညဏ်မှီသလောက် ငါးပါးသီလတော်ကို ပူဇော်ခြင်းမျှသာ ဖြစ်ကြောင်း ၀န်ခံပါသည်။

2009 မှာဆွေသာဟာ ကြည်သာဧမြရှိပါစေ
မသူတော်ဘေး အဓမ္မဘေး ကင်းဝေးကြပါစေ
ကျမ်းကိုး။ ။ ဘ၀အမြင်သစ် (ဆရာကြီးဦးရွှေအောင်)

Monday, December 29, 2008

ပြီးပြည့်စုံသောသီလဟူသည်

ငါးပါးသီလမြဲသလား? တဲ့ဒီမေးခွန်းကိုကျနော်အကြိမ်ပေါင်းများစွာအမေးခံခဲ့ရဖူးတယ်ဗျ

အဲလိုမေးလာခဲ့တိုင်းလည်း ကျနော့်အဖြေက“ဟင့်အင်း”ပဲထွက်တယ်ဗျ၊ ဘယ်သူမေးမေး

ကျနော့်အဖြေကတော့ဒီအတိုင်းပဲဗျ။

မေးဆိုလို့ပြောရဦင်္းမယ်ဗျ..ကျနော်သွားနေကြဆရာတော်ကြီး ဦနန္ဒမာလာရဲ့သက်တော် (၉၅) နှစ် မြောက်မွေးနေံတုးံကလည်း ဆရာတော်ကြီးကိုယ်တိုင် ပရိတ်သတ်အလယ်မှာမေးဖူးပါတယ် ကျနော်ကလည်း ဖြေပါတယ်ဗျာ ရဲရဲဖြေတာပေါ့ “လုံးဝငါးပါးသီလမလုံဘူးပေါ့” အဲလိုဖြေ တော့ ဆရာတော်ကြီးက ပြုံးတယ်ဗျ ပရိပ်သတ်လည်းပြုံးတယ်ပေါ့ဗျာ။

အမှန်တော့သီလတော်မြတ်က သိမ်မွေ့ လွန်းတယ်ဗျ၊ဒီလောက်သိမ်မွေ့လွန်းတဲ့တရားတော် မြတ် သီလတော်ကို ကျနော့်လိုငမိုက်ကနား လည်အောင်ကို မနည်းကြိုးစားနေရသူမို့ မဂ်တရား ဖိုလ် တရား နိဗ္ဗာန်တရားအကြောင်းတွေကို ညဏ်စဉ်အဆက်ဆက် ဒိဋ္ဌိသတ်နည်းအမျိုးမျိုးနဲ့ဆွေး နွေးနေတဲ့အထဲဝင်ပါချင်ပါလည်း မ၀င်ရဲတဲ့အဖြစ်ပါဗျာ၊တစ်ခါတစ်လေများဗျာ စိတ်ရှိလက်ရှိပြောနေ လိုက်ကြတာ..အာလုံနီးနီးသောတပန်၊သကဒါဂန် ၊အနာဂမ်လောက်နီးနီးပါ..အားကျတယ်ပေါ့ဗျာ

တစ်နေ့ကလည်းသူငယ်ချင်းတစ်ယောက်ရဲ့အလှုကိုသွားတော့ ဘုရား ခန်းထဲမှာသီးသန့်စားပွဲ နဲ့ တရားဆွေးနွေးတာတွေ့တော့လည်း ခပ်ဝေးဝေးကပြန်လာခဲ့ရပြန်တယ်။

တခါတုံးများတရားဆွေးနွေးနေကြတဲ့ လူကြီးတွေဝိုင်းနာသွားပြီးနာထောင် ကြားရတာနဲ့တင် ကျနော်လှည့်ပြန်ပြီး လာ ခဲ့ရတာလေ စဉ်းစားကြည့်လေ ပြောနေကြတာက ကျမ်းအ်ကိုး ကားအပြည့်နဲ့ဆိုတော့လည်း ကျနော်မ၀င်ရဲပေါင်ဗျာ။

ဒီအကြောင်းတွေကြောင့်ပဲထင်တယ် ကျနော့်ညဏ်ကသီလ အဆင့်ကမတက်သေး ၊တစ်ခါတုံက လည်း တောထဲမှာတရားကျင့်နေတဲ့ဆရာတော်ဆီသွားဖူးတော့ “သားငယ်လေး ဘာကြောင့်ပျင်းတယ် ဆိုတာကို ကိုယ်တိုင်တွေ့အောင် ရှာခဲ့ ” လို့မိန့်တော့ ဘာကြောင့်ပျင်းတယ်ဆိုတာကို ရှာ လိုက်တာဗျာ သုံးနှစ်ကျော်လောက် ကြာတယ် အပျင်းတရား ကိုတောင်ဒီလောက်ကြာခဲ့တဲ့ ကျနော့် အဖို့ကျန်တ်ာတွေ မတွေးရဲသေးဘူးဗျ အခုလည်းအားနေရင် သီလကြောင်းလေး ပေါ့ ဗျာစဉ်းစား နေတတ်တယ်ပေါ့။ ဒီလိုစဉ်းစား၇င်းနဲ့ သာသနာပကာလမှာလည်း(၅)ပါးသီလရှိနေတယ်၊အခု သာသနာတွင်းကာလမှာ လည်း (၅)ပါးသီလက ရှိနေတယ် အနက်အဓိပါယ်ကွာမယ်ပေါ့ တွေးကြည့်တယ် ညဏ်မှီသလောက်ပေါ့ဗျာ။

စဉ်းစားရမဲ့လမ်းကြောင်းက ဆရာတွေသင်ခဲ့တဲ့အတိုင်းပေါ့ဗျာ ဘာ လဲဆိုတော့

“ သားငယ်ရေ လောကကြောင်းကိုချဉ်းကပ်မယ်ဆိုရင် ပညတ်ကို ညဏ်ကုန်လွတ်ဟေ့ ဒီလိုပဲ ဓမ္မကြောင်းကို ချဉ်းကပ်ပြီဆိုရင်တော့ ပရမတ်ကို ညဏ်ကုန်စိုက်တော့”

ဒီလိုသွန်သင်ခဲ့ဘူးတော့ လည်း ကျနော်သီလို့ ဆင် ခြင်ကြည့်တယ်ဗျ ကိုယ့်ကိုကိုယ်သီလ ဘယ်လောက်လုံ လဲပေါ့ဗျာ။

ပါဏာတိပါတ

သူတစ်ပါးအသက်သတ်ခြင်းမှ ရှေင်ကျဉ်တာ ဒီအနက်က ဘုရားမပွင့်လည်းရှိနေတဲ့ အနက် ဒါမှမဟုတ် အမြင်ပေါ့ဗျာ၊ သာသနာတော်တွင်းသီလအရ ပုဓ်ခွဲကြည့်တယ် နား လည်းသလောက် ပေါ့ လေ နေတ္ထိကျမ်းလာစာဖတ်နည်းအရ

ပုဒ်တစ်ပုဒ်ကိုချဲ့ယူခြင်း အာဝတ္တာဟာရ ဟူလည်းကောင်း ပရိဝတ္တနဟာရ ဟူလည်ကောင်း ဆို၏ ပိဋကတ်တော်၌ နေယျတ္ထဟုဆို၏

ပညာုရှင်တွေပြောတာဗျ။အဲ လို ဆိုတော့ ဆန့်ထုတ်ကြည့်တယ်ပေါ့လေ သီလတစ်ခုခြင်းကို ဇစ်မြစ်လိုက်တယ်ပြောပြောအဆုးံထိလိုက်တယ်ဆိုဆိုတွေးရအောင်ပြီးတော့ကျနော်တို့ကျင့်ရအောင် နော အဲခုနက ပထမသီလဖြစ်တဲ့ ပါဏာတိပတသိက္ခာပုဒ်ရဲ့

တိုက်ရိုက်အနက်= သူတစ်ပါး၏အသက်ကိုသတ်ခြင်း

သွယ်ဝိုက်အနက်= သူတစ်ပါးကိုနစ်နာအောင်လုပ်ခြင်း

ဆန့်ကျင်အနက်= သူတစ်ပါး၏အသက်ကိုရှည်အောင်အားထုတ်ခြင်း

သီလတစ်ခုကိုပြီးပြည့်စုံအောင်ဖြည့်ကျင့်ဖို့ဆိုရင်တော့ ဒီကျနော်တွေးမိတဲ့အချက်သုံးချက် ပြည့်စုံမှ ပြီးပြည့်စုံတဲ့ သီလ ဖြစ်မှာပါ၊လောကမှ အဓမ္မတရားတွေမထွန်းကားဖို့ အရပ်ပြောသီလ၊အရပ်ပြော သမာဓိ၊အရပ်ပြောသတိ၊အရပ်ပြောပညာ ကို ဖြည့်နေယုံလေးနဲ့မဖြစ်ရေးခြာမဖြစ်ပါ်။

အခုဟာက၀ိနည်းရှောင် “ငါမသတ်ရင်ပြီး ဆိုပြီး သီလလုံနေတဲ့ကျနော့်ကို ကျနော် ရှက်နေမိတယ် ဗျ ဒီတော့ တစ်ဖက်သားကို နစ်နာအောင် လုပ်တာ လည်း သွယ်ဝိုက်အနက်အရ ပါဏာတိပါတသိက္ခာ ပုဒ်ကို ချိုးဖျက်တာပါပဲ။

ဆန်ကျင်အနက်အရ သူ့အသက်ရှည်အောင်အားထုတ်ခြင်း တဲ့ဗျာ ကျနော်တို့ ဘယ် လောက်ကြိုးစားပြီပြီလဲ..?စဉ်စားပေးပါ ။

ပရမတ်ရှုထောင့်က နေပြီး ကြည့်ရင်တော့ ပါဏာတိပါတ ကံပုဒ်ရဲ့တရာကိုယ်က ဒေါသ

ဒီဒေါသတရားကို မိမိသန္တန်မှာ မလာအောင်စောင့်ထိန်းနိုင်ပါမှ သတိနဲ့စောင့်ကြည့်နိုင်ပါမှ ဒေါသရဲ့ ဆန့်ကျက်ဖက် အဒေါသ ခေါ် မေတ္တာတရားကို အချိန်ပြည့်ပွားစီးနိုင်ပါမှ ပါဏတိပါတကံကို ဘုရား အလိုတော်ကျ ပြီးပြည့်စုံအောင်ဖြည့်ကျင့် နိင်ပါလိမ့်မယ် ဗျာ။

ကဲပါဏာတိပါတ ပြည့်စုံအောင်လုံသလား ..ကျနော် ဘာသာပြန် မေးတော့ “မလုံ” ဆိုတဲ့ အသံလေး ထွက်လာသဗျ။

နောက်တစ်ခုက အဒိန္နဒါန

ပထမကတည်းကအမှတ်မရတဲ့အထဲအခုဒုတိယသီလတော်မြတ်ကိုကြောက်ကြောက်နဲ့ဆင်ခြင်နေ ပါပြီ ။

တိုက်ရိုက်အနက်= ပိုင်ရှင်မပေးသောပစ္စည်းကိုခိုးခြင်း

သွယ်ဝိုက်အနက်= မပေးပေးအောင်ဥပါယ်အမျဉ်ဖြင့်တောင်းယူခြင်း၊ခြိမ်းခြောက်ခြင်း

ဆန့်ကျင်အနက်= မုတ္တစာဂ(နှေင်ကြိုးမဲ့စွန့်ကျဲပေးကမိးခြင်း)

ခုနကပြောသလိုပေါ့လေ ပြန်စဉ်းစားတယ် ငါမခိုးဘူးဆိုတဲ့ ဟာလေးနဲ့လုံလောက်သလား

လယ်လောက်ထိအနစ်နာခံပေးဆပ်ခဲ့ ဘူးလဲ ၊ရယူတာနဲ့ ပေးဆပ်တာ ဘယ်ဟာများလဲ

မခိုးပေမဲ့ ခြိမ်းခြောက်တော၊မပေးပေးအောင် ဥပါယ်တမျဉ်သုံးတာလေးတွေ စဉ်စားပေးပါဗျာ။

ပရမတ္ထရှုထောင့်ကကြည့်မယ်ဆိုရင်တော့ အဒိန္နဒါနသိက္ခာပုဒ်ရဲ့တရာကိုယ်က လောဘ

ကိုယ့်ဘာသာကိုပြန်စဉ်းစားတယ်၊ပြန်ကြည့်တယ်ဗျ၊ ဗိုက်ထဲလောဘတွေချ်းူပြည့်နေတာ တွေ့တော့ သွားပြန်ပြီပေါ့ဗျာ နော်တစ်မှတ်။

နော်ထပ်ဆက်ပြီးစစ်ရဦးမှာ လားဗျာ နောက်ထပ်ဆက်ပြီစစ်ရရင်တော့ ..

2009 မှာဆွေသဟာ ဧငြိမ်းကြည်သာရှိပါစေ

မသူတော်ဘေး၊အဓမ္မဘေး ကင်းဝေကြပါစေ

ကျမ်းကိုး။ ။ဘ၀အမြင်သစ်(ဆရာကြီးဦးရွှေအောင်)

Tuesday, October 7, 2008

ပြန်ပြီးကျင့်ဖို့လိုနေပြီ

စာရေးမယ်လို့စဉ်းစားမိပေမဲ့တကယ်ချမရေးဖြစ်ဘူးစိတ်ထဲမှာပဲတေးထားလိုက်တယ် ဒီလိုနဲ့စာလောကအနဲ့အဆက်သွယ်ပြတ်ပြီးနေလာခဲ့တာကြာပြီလေ…အခုလည်းတွေးမိတာလေးကို ပြန်ပြီးဖေါက်သည်ချမယ်ပေါ့…ကျနော်တွေးမိတာက လက်တွေ့ကျင့် ကြံအားထုပ်မှုတွေမရှိသလောက်
ဖြစ်နေတဲ ဘုရားဟောတဲ့ လူ့ဝိနည်းလို့ပြောရမဲ့လူတစ်ယောက်ဆိုရင်၊လူမှန်ရင်ကျင့်ကို ကျင့်ရမဲ့၊လူ့ကျင့်
ဝတ်တွေ့၊ကျနော်တို့ဆီမှာ ပျေက်ဆုံးနေတယ်၊စာတွေ့အရရှိပြီး၊နုတိတိုက်အာဂုံဆောင်နေတာကြားရပေမဲ့
လက်တွေ့နေံ့စဉ်ဘ၀မှာ၊ကျင့်သုးံမှုမရှိတော့ဘူး..တကယ်ကျနော်တို့လိုက်နေကြတာ လိုချင်နေကြတာက
နေရာ၊အာဏာနဲ့ငွေပဲလေ၊ကိုယ်လိုချင်တာကိုရဘို့ ဘာမဆိုလုပ်ရဲတဲ့ သတ္တိက အပြည့်..အနစ်နာခံလိုက်မယ်
ဆိုတဲ့စိတ်က မရှိတော့ဘူး၊ဒါဟာ ကျနော်တို့ဆင်းရဲရတဲ့ အကြောင်းအရင်း၊ပြီးတော့ ပုံစံပြောင်းလာတဲ့ မိဘနဲ့
သားသမိးဆက်ဆံရေး၊ဆရာတပည့်ဆက်ဆံရေး၊လင်နဲ့မယားဆက်ဆံရေး၊ဒီကြားတွေမှာစီးပွးရေဆန်လာတယ်
မိဘကလည်း၊ အရွယ်ရောက်လာတဲ့ သားသမီးဆီက၊တုံ့ပြန်မှုကိုမျှော် လာတယ် ၊သားသမီကလည်းပြန်မကြည့်
နိုင်တဲ့ အခါ…ငြီးတွားကြတော့ တာတွေတွေ့ရတယ်၊သားသမီတွေကလည်းမိဘထက်ပိုပြီး သူတို့ရင်သွေးတွေကို
ဂရုစိုက်မိနေတတ်တယ၊သတိထားမိတာလေးတွေပြောတာပါ၊ကိုယ်ကိုတိုင်လည်းဒီလမ်းကို တစ်နေ့လျှောက်ရမှာ မေ့နေကြတယ်တူပါတယ်…အလားတူပဆရာတပည့်တွေကြားမှာပိုက်ဆံပိုပေးနိုင်သူတွေနေရာပိုရတယ်၊လိုတရတပည့်တွေကိုပိုချစ်နေတယ်၊တကယ်တော့ဆရာဆိုတာသီလသိက္ခာကို ပိုပြီးစောင့်ရတာ၊ကိုယ်တိုင်ကစံပြဖြစ်ရမှာ
အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပမချန်ဘေးရန်ကာဆီးတဲ့လေ၊အခုဖြစ်နေတာကပိုက်ဆံပေးမှစာသင်ရမယ့်အနေထားတွေ၊ပညာတတ်ချင်ရင်ငွေရှာလာပါပေါ့ငွေမရှိရင်မသင်ရတော့တဲ့အခြေနေမျိုးဖြစ်နေခဲ့တာဘာကြောင့်လည်း၊စံနစ်ကြောင့်လားဓကိုယ်တိုင်ကအနစ်နာမခံချင်တာလားတွေးနေမိတယ်၊
အကြီးကဲဝတ်တဲ့..ထကြွနိုးကြား၊သနားသီးခံဝေဖန်ထောက်ရှုတဲ့၊အခုဟာကမဟုတ်သေးဘူးလေ၊အကြီးကများများစား၊အငယ်ကသူ့အံဖတ်စား၊ခိုင်းတာမလုပ်ရင်အပြစ်ပေး၊ဘုရားစကားဝေးဝေးရှေှာင်၊အမှောင်ကိုဖက်ပြီးဖိမ်ယက်
နေတဲ့အချိန်လားနော်၊တိုင်းပြည်ကိုကောင်းစေချင်တယ်၊လောကကိုတကယ်ကောင်းစေချင်တယ်ဆိုရင်တော့၊ကျနော်တို့တတွေ၊ဘုရားစကားကိုလက်တွေ့ကျင့်ကြံရလိမ့်မယ…မဟုတ်ဘူးဆိုရင်၊ကျနော်တို့ဟာဘုရားကိုလိမ်နေသလိုပဲဖြစ်နေမှာသေချာတယ်၊
ကျနော်တို့ဘယ်လိုရှေ့ဆက်သွားမလဲ?တရားတော်တွေကိုမေ့ပစ်ပြီးနေကြမှာလား?နေ့စဉ်ဘ၀မှာတရားတော်တွေကိုလက်တွေ့အသုံမချခြင်တာလား?မချတတ်တာလား?ခေတ်မမှီတော့ဘူးထင်လို့လား? ကျနော်တို့ရှေ့တန်းကို ပြန်ရောက်ဖို့ကတရားတော်ကို လေးစားစွာပြန်လည်လိုက်နာကျင့်သုံးဖို့ဆိုတာကို ယုံကြည်နေမိရင်း......။

Sunday, July 20, 2008

ရွှေလက်တွဲကြမည်ဆိုပါလျှင်

ကပ္ပိယ “အရှင်ဘုရား….၀ါဆိုလဆန်း(၁၄)ရက်ကို မင်္ဂလာဆွမ်းယူမလို့တဲ့ဘုရား”
စာရေးသူ “ဒီရက်မှာ ဆွမ်းဒကာရှိနေတယ်လေ ကပ္ပိယကြီး”
ကပ္ပိယ “ဒါဆိုရင် ၁၃)ရက်နေ့ကို ပေးလိုက်ရရင်ကောင်းမလားဘုရား”
စာရေးသူ “ကောင်းသားပဲ” ဟုပြောလိုက်ပါသည်၊ ခဏကြာသောအခါ ကပ္ပိယကြီးသည် စာရေးသူရှိရာသို့ ပြန်ရောက်လာကာ “အရှင်ဘုရား….(၁၃)ရက်နေ့က ပြဿဒါးရက် ဖြစ်နေလို့တဲ့ အဲဒီရက်တော့မယူချင်ဘူးလို့ ပြောနေပါတယ်ဘုရား” ပြောလာပါသည်။
ရက်ရာဇာပြဿဒါးစသည့် ပြက္ခဒိန်ပါရက်များသည် လူသားများအား အလွန်ဖမ်းစားနေသည်ဟု ထင်မိပါသည်၊ ထိုရက်များသည် လောကီကိစ္စတွင် နေရာယူထားသည်သာမက ကုသိုလ်ရေးဆိုင်ရာတွင်လည်း နေရာအသင့်အတင့်ယူနေသည်ကို တွေ့ရပေသည်။
သူတို့၏ ရွှေလက်တွဲမည့်အရေးကို ရက်ရာဇာ ပြဿဒါး ရွေးနေကြပေသည်၊ အကယ်၍ ပြဿဒါးရက်တွင် မင်္ဂလာဆောင်သည့် မင်္ဂလာမောင်မယ်များသည် ရာသက်ပန် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်သွားတော့မည်လော၊ ထိုအိမ်ထောင်ရေး အတွက် ပြဿဒါးကအဓိကျပါ၏လော တွေးစရာဖြစ်နေပေသည်။ ထို့အတူ ရက်ရာဇာရွေး၍ လက်ထပ်မင်္ဂလာပြုကြသော မင်္ဂလာမောင်မယ် များအတွက် ရာသက်ပန် မကွဲမပြဲပဲ ချမ်းသာသော အိမ်ထောင်ရေးတစ်ခု ဖြစ်တော့မည်လော၊ ထိုအိမ်ထောင်ရေးအတွက် ရက်ရာဇာက အဓိကကျပါ၏လော ……..လောပေါင်းများစွာ အတွေးနယ်ချဲ့ မိပါတော့သည်။
လောကတွင် အိမ်ထောင်စုအတော်များများသည် ရက်ရာဇာ ၊ နေ့ကောင်းရက်မြတ် ရွေးပြီးမှ လက်ထပ်ယူကြသည်က များပါသည်၊ သို့ပါလျှက် မကြာမီ အိမ်ထောင်ရေး ပြိုကွဲကြသည်မှာ အဘယ့်ကြောင့်ပါနည်း၊ ရက်ကောင်းနေ့မြတ်များသည် အိမ်ထောင်ရေး မပြိုကွဲစေရန် မတတ်နိုင်သကဲ့သို့ ပြဿဒါးရက်များသည်လည်း ခိုင်မြဲနေသည့် အိမ်ထောင်ရေးကို မဖြိုခွင်းနိုင်ခဲ့သည်မှာ လူ့ပတ်ဝန်းကျင်တွင် အထင်အရှားပင် မြင်နေရပါသည်။
ထို့ကြောင့် လက်ထပ်မည့်သူများသည် ဘ၀တစ်လျှောက်လုံး အိမ်ထောင်ရေး၊အဆင်ပြေစေရန် ရက်ရာဇာ၊ပြဿဒါး ရွေးစရာမလို လွတ်လပ်စွာဖြင့် မင်္ဂလာပွဲကို ဆင်နွဲကြပါရန်တိုက်တွန်းလိုသည့်အပြင် သာယာသောအိမ်ထောင်ရေးတစ်ခုကို ဖန်တီးချင်ကြသော ဇနီးမောင်နှံများအတွက် မြတ်ဗုဒ္ဓ ဟောတော်မူခဲ့သော လမ်းညွန်ချက်များရှိခဲ့ပေသည်၊ ထိုလမ်းညွန်ချက်အတိုင်း လိုက်နာကျင့်သုံးနိုင်လျှင် ယခုပစ္စုပ္ပန်ဘ၀တွင် သာယာပျော်ရွှင်သောအိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်သကဲ့သို့နောင်တမလွန်ဘ၀အတွက်လည်း အတူတကွ ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်း ဟူသကဲ့သို့ ဘ၀အစဉ်အဆက်ပြန်လည်တွေ့ဆုံရတတ်ပေမည်။
ရွှေလက်တွဲမည့်သူများအတွက် မြတ်ဗုဒ္ဓ ညွန်ပြတော်မူခဲ့သည့် လမ်းညွန်ချက်ကား………..
(၁)သမသဒ္ဓါ (တူမျှသောယုံကြည်မှု)
(၂)သမသီလ(တူမျှသောကိုယ်ကျင့်တရား)
(၃)သမစာဂါ (တူမျှသော စွန့်ကြဲမှု)
(၄)သမပညာ ဖြစ်ပါသည်၊ (တူမျှသော ပညာရှိမှု)
သမသဒ္ဓါ ဟူသည်
တူမျှသော ယုံကြည်လက်ခံမှုဖြစ်သည်၊ ဇနီးမောင်နှံနှစ်ဦးသည် တူညီသည့် ယုံကြည်မှုရှိရမည်၊ ဤတွင် ယုံကြည်မှုဟူသည် လောကရေး၊ ဓမ္မရေးရာအားဖြင့် နှစ်ပိုင်းခွဲ၍ ပြောရပေမည်၊ လောကရေးရာအားဖြင့် ယုံကြည်သည်ဆိုရာဝယ်၊ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို ယုံကြည်ရမည်ဖြစ်သကဲ့သို့ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို အပြန်အလှန် ယုံကြည်ရပေမည်။
ထိုသို့ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို ယုံကြည်သည်ဟု ဆိုရာဝယ် ခင်ပွန်းဖြစ်သူသည် မိမိဇနီး ယုံကြည်လက်ခံနိုင်လောက်သည့် အပြောဆို အပြုအမူ အနေအထိုင် ကောင်းမွန်ရန် အထူးလိုအပ်ပေသည်၊ ခင်ပွန်းဖြစ်သူသည် ဇနီး၏အရှေ့တွင်တစ်မျိုး၊ နောက်ကွယ်တစ်မျိုး အခြေအနေပြောင်းနေမည်ဆိုပါက ဇနီးသည်၏ ယုံကြည်လက်ခံနိင်မှုကို ရရှိမည်မဟုတ်ပေ၊ သို့ဖြစ်လျှင် ထိုအိမ်ထောင်ရေးသည် မည်သို့ သာယာ နိုင်ပါမည်နည်း။ ထို့ကြောင့် ခင်ပွန်းသည် ဇနီး၏ ယုံကြည်လက်ခံမှုကို အပြည့်အ၀ရရှိစေရမည်၊ ယုံကြည်လက်ခံနိုင်အောင်လည်း နေတတ်ရမည်၊သို့မှသာ သာယာသည့် အိမ်ထောင်စု တစ်ခုကို ဖန်တီးနိုင်လိမ့်မည်။
တဖန် ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူကို ယုံကြည်လက်ခံသည်ဟု ဆိုရာဝယ် ဇနီးသည်သည် မိမိခင်ပွန်း ယုံကြည်လက်ခံနိုင် လောက်သည့် အပြောအဆို အပြုအမူ အနေအထိုင် ကောင်းမွန်ရန် အထူးလိုအပ်လှပေသည်၊ အရှေ့တွင်တစ်မျိုး နောက်ကွယ်တစ်မျိုးဆို လျှင် ခင်ပွန်းဖြစ်သူ မယုံကြည်နိုင်သည်မှာ မဆန်းပေ၊သို့ဆိုလျှင် ထိုအိမ်ထောင်ရေးသည် သာယာပျော်ရွှင်ဖွယ်မရှိနိုင်ပေ၊ ထို့ကြောင့် ဇနီးသည်သည် မိမိခင်ပွန်း၏ ယုံကြည်လက်ခံမှုကို အပြည့်အ၀ ရရှိစေရမည်၊ ယုံကြည်လက်ခံအောင်လည်း နေတတ်ရပေမည်၊သို့မှသာ တစ်ဦးကိုတစ်ဦးယုံကြည်မှုအပြည့်ရှိကာ သာယာသည့်အိမ်ထောင်စု တစ်ခုကို ဖန်တီးနိုင်လိမ့်မည်။ ဤကား လောကရေးရာ ယုံကြည်မှုဖြစ်ပေသည်။
ဓမ္မရေးရာအားဖြင့် လက်ခံယုံကြည်မှုဟူသည် ရာသက်ပန်လက်ထပ်ကြတော့မည်ဆိုလျှင် ဘာသာအယူဝါဒခြင်းတူညီရပေမည်၊ ဘာသာအယူဝါဒမတူညီလျှင် အမိုက်ကစ ပြသဒ်မီးလောင်ဆိုသည့်သကဲ့သို့ သူ့ဘာသာ ကိုယ့်ဘာသာ အပြစ်မြင်ပြီး အိမ်ထောင်ရေး အဆင်မပြေဖြစ်တတ်ကြပေသည်၊ ဘာသာမတူ အိမ်ထောင်ပြု၍ အဆင်ပြေနေသည်ကား အနည်းစုသာဖြစ်ချေသည်၊ထို့ကြောင့် ဘာသာ အယူဝါဒခြင်းတူညီကာ အိမ်ထောင်ပြုကြလျှင် ပို၍အဆင်ပြေကာ ကောင်းမွန်ပါလိမ့်မည်၊ ဘာသာအယူဝါဒတူလျှင်(ယုံကြည်မှုခြင်းတူလျှင်) အသွင်တူ အိမ်သူဖြစ် ဆိုသည့်မြန်မာစကားပုံကဲ့သို့ ပျော်ရွှင်သော အိမ်ထောင်ရေးတစ်ခုကို ဖန်တီးနိုင်ကြပေလိမ့်မည်။




သမသီလ ဟူသည်
တူမျှသော ကိုယ်ကျင့်တရားကို ခေါ်ပါသည်၊ ကိုယ်ကျင့်တရားသည် ဇနီးမောင်နှံများအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ ဇနီးမောင်နှံနှစ်ဦးသာမဟုတ် လောကလူသားအားလုံးအတွက် အရေးကြီးသော တရားတစ်ခုဖြစ်သည့်အပြင် ဘ၀၏ အရှေ့ဆုံးတန်းတွင် နေရာရရန်အတွက် အထောက်ပံ့များစွာပေးနိုင်ပေသည်။
တူညီသော ကိုယ်ကျင့်တရားရှိရမည်ဆိုရာဝယ် ခင်ပွန်းဖြစ်သူသည် ငါးပါးသီလကို စောင့်ထိန်းရမည်ဖြစ်သကဲ့သို့ ဇနီးဖြစ်သူကလည်း ငါးပါးသီလ စောင့်ထိန်းရပါမည်။ သာယာပျော်ရွှင်သော အိမ်ထောင်စုတစ်ခုအတွက် ငါးပါးသီလသည် အခြေခံကျသော တရားတစ်ခုဖြစ်နေပါသည်၊ ထိုသီလတည်းဟူသောကိုယ်ကျင့်တရားကြောင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအပြည့်ဝရရှိနိုင် ပါသည်၊ ဥပမာ-ခင်ပွန်းဖြစ်သူ အရက်မူးလာလျှင် ဇနီးဖြစ်သူစိတ်ညစ်ရသည်၊ထိုမှတဆင့် လေးစားမှုနည်းကာ တစ်ဦးနှင့်တစ်ဦး အဆင်မပြေဖြစ်ကြကာ နောက်ဆုံးတွင် အိမ်ထောင်ရေးပြိုကွဲသည်အထိ ဖြစ်နိုင်ပေသည်၊ ထို့အတူ စာရိတ္တသီလဟုခေါ်ဆိုရသည့် ကျင့်ရမည့်ကျင့်ဝတ်တရားတို့တွင် လင်ကျင့်ဝတ်ကို ခင်ပွန်းဖြစ်သူက ကျင့်သုံးရန်နှင့် ဇနီးဖြစ်သူက မယားကျင့်ဝတ်ကို ကျင့်သုံးလိုက်နာသင့်ပေသည်။
ဇနီးမောင်နှံနှစ်ဦးစလုံး၌ ကိုယ်ကျင့်တရားကောင်းမွန်ပါက သာယာသောအိမ်ထောင်စုတစ်ခုဖြစ်ကာ နောင်တမလွန် ဘ၀အတွက် အခြေအနေကောင်းသော သုဂတိဘုံသို့ ရောက်ရှိနိုင်ပေသည်၊ တစ်နေရာတွင် မြတ်စွာဘုရားသည် ဇနီးမောင်နှံတို့၏ ကိုယ်ကျင့်တရားဆိုင်ရာကို ဖေါ်ညွန်းထားပါသည်၊ လောကတွင် ဇနီးမောင်နှံလေးမျိုးရှိပါသည်၊ သူသေယောင်္ကျားနှင့်မယားနတ်သမီး၊ သူသေမယားနှင့်ယောင်္ကျားနတ်သား၊ သူသေမယားနှင့်ယောင်္ကျားသူသေ၊ မယားနတ်သမီးနှင့်ယောင်္ကျားနတ်သား ဟူ၍ ဇနီးမောင်နှံလေး မျိုးရှိရာတွင် သူသေဟူသည် သီလမရှိသော သူကိုခေါ်ပြီး၊ နတ်သား/နတ်သမီး ဟူသည် သီလရှိသည်ကို ခေါ်ကြောင်း သီလကို အခြေခံ၍ ပြဆိုထားပေသည်။
ထို့ကြောင့် ပစ္စုပ္ပန်၌ ပျော်ရွှင်သော အိမ်ထောင်စုဖြစ်သည့်အပြင် တမလွန်ဘ၀တွင် ချမ်းသာသောဘုံ၌ အတူတကွဖြစ်လိုလျှင် ယခုဘ၀တွင် ကိုယ်ကျင့်တရားဟူသည့် ငါးပါးသီလကို အတတ်နိုင်ဆုံး စောင့်ထိန်းကြရန် အထူးလိုအပ်ပါသည်။
သမစာဂါ ဟူသည်
စာဂဟူသည် ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်းကို ခေါ်သည်၊ ဤ၌ ဇနီးမောင်နှံနှစ်ယောက်စလုံး စွန့်ကြဲပေးကမ်းလှူဒါန်းမှုနှင့် ပြည့်စုံရပါမည်၊ ဤနေရာ၌ လောကနှင့်ဓမ္မရှုထောင့် နှစ်မျိုးဖြင့် ကြည့်ရပါဦးမည်။
လောကရေးရာအားဖြင့် ဇနီးမောင်နှံများ ဘ၀တွင်လုပ်ကိုင်၍ အဆင်ပြေသောအခါ (ပြေလည်သောအခါ)တွင် နှစ်ဖက်မိဘများအား လိုအပ်ပါက ထောက်ပံ့ပေးကမ်းကြရပါမည်၊ ဇနီးဖြစ်သူက မိမိ၏ မိဘများအားထောက်ပံ့ပေးချင်သည်ဆိုပါက ခင်ပွန်းဖြစ်သူအား တိုင်ပင်ပြောဆိုရပါသည်၊ ခင်ပွန်းဖြစ်သူထံမှ သဘောတူညီမှုရရှိခဲ့ပြီဆိုပါက ပေးကမ်းစွန့်ကြဲနိုင်သကဲ့သို့ ခင်ပွန်းဖြစ်သူ၏ မိဘများအား ထောက်ပံ့ချင်သည်ဆိုပါက ဇနီးသည်အားတိုင်ပင်ရပါသည်၊ သဘောတူညီမှု ရရှိပြီဆိုလျှင် ခင်ပွန်း၏ မိဘဆွေမျိုးများအား ထောက်ပံ့အကူအညီပေးသင့်ပေသည်၊သို့မှသာ တစ်ဦးနှင့်တစ်ဦး အဆင်ပြေကြပေမည်။
တဖန် ဓမ္မရှုထောင့်မှ ကြည့်ကြမည်ဆိုလျှင်လည်း အလှူဒါနပွဲကို ချိန်ခါမဆွဲ ပြုလဲပြုချင်သပဆိုလျှင် ထိုအလှူဒါနပွဲအတွက် ဇနီး မောင်နှံနှစ်ယောက် စိတ်တူကိုယ်တူဖြစ်စေရန် တိုင်ပင်ကြရပါသည်။ နှစ်ဦ်းသားတို့၏ သဘောတူညီမှုကို ရရှိပြီဆိုတော့မှ ကုသိုလ်ပြုသင့်ပေသည်။ ဤသည်ပင်လျှင် တူမျှသော စာဂ ရှိသည်ဟု ပြောဆိုကြပါသည်။
တစ်ခါက စာရေးသူထံ ဇနီးမောင်နှံနှစ်ဦးယောက်ရှိလာပါသည်၊ ကိစ္စကားအခြားမဟုတ် အလှူပြုလုပ်ရန် လာရောက်လျှောက်ထားခြင်းဖြစ်သည်၊ နှစ်ယောက်သားတိုင်ပင်ထားခြင်း မရှိသည့်အတွက် စာရေးသူ၏ အရှေ့တွင် ထိုအလှူနှင့်ပတ်သက်၍ ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူကို မတိုင်ပင်ရကောင်းလား ဟုဆိုကာ စကားများကြပါတော့သည်၊ စာရေးသူသည် မနေနိင်ရကား ထိုအလှူအတွက် အဆင်ပြေစေရန် အစကတည်းကတိုင်ပင်ရပါကြောင်း၊ ဒါပေသည့် ဖြစ်ပြီးသည့်ကိစ္စတစ်ခုအတွက် ပြန်ပြင်၍မရနိုင်တော့ပါကြောင်း ခင်ပွန်းဖြစ်သူကလည်း ဇနီးဖြစ်သူ၏ အပြစ်ကိုမမြင်ဘဲ အပြစ်မှခွင့်လွတ်လိုက်လျှင် ထိုကိစ္စမှာ ပြီးသွားမှာဖြစ်ကြောင်း ငြိမ်းချမ်းရေးတရား ဟောလိုက်ရပါတော့သည်။
ဆိုလိုသည်မှာ အလှူဒါနပြုလုပ်သည့်အခါ ဇနီးမောင်နှံများသည် မတိုင်ပင်ဘဲ ပြုလုပ်ကြသောကြောင့် စကားများရန်ဖြစ်ခြင်း စသည့် မဖြစ်သင့်သည့်အရာများဖြစ်လာကာ အမှိုက်ကစ ပြသဒ်မီးလောင် ဆိုသကဲ့သို့ နောက်ဆုံး တစ်ယောက်အပေါ်တစ်ယောက် အပြစ်မြင်ကာ အိမ်ထောင်ရေး ကွဲပြဲသွားတတ်ပါသည်၊ ထို့ကြောင့် အိမ်ထောင်ရေးသာယာပျော်ရွှင်စေရန် အလှူပြုလုပ်သည့်အခါတိုင်း တစ်ယောက်ကိုတစ်ယောက်တိုင်ပင်ခြင်းဖြင့် တူညီသောစာဂ တရားများရှိပါက သာယာပျော်ရွှင်ဖွယ် အိမ်ထောင်စုတစ်ခုကို ဖန်တီးနိုင် သည့်အပြင် တမလွန်ဘ၀တွင်လည်း အတူတကွ ဖြစ်နိင်ပါသည်။
သမပညာ ဟူသည်
တူညီသော အသိဥာဏ် ရှိရမည် ဖြစ်ပါသည်၊ ဘ၀ကို ရုန်းကန်လှုပ်ရှားကြရသည့်အခါတွင် လွယ်ကူစွာဖြေရှင်းရသော အရာများ ရှိသကဲ့သို့ တစ်ခါတစ်ရံ ခက်ခဲသည့်ပြဿနာကိုလည်း ဖြေရှင်းကြရပေသည်၊ထိုသို့ခက်ခဲသည့် ပြဿနာများကို ဖြေရှင်းကြရာတွင် ခင်ပွန်းဖြစ်သူက ငါလုပ်လျှင်ဖြစ်သည်ဟုဆိုကာ မတိုင်ပင်ဘဲ မနေရပေ၊ ဇနီးဖြစ်သူအား အခက်အခဲကို မည်သို့ပြုလုပ်သင့်ကြောင်း တိုင်ပင်ပြောဆိုရပါသည်၊ အဘယ့်ကြောင့်နည်း တစ်ယောက်တည်း ဦးနှောက်နှင့် ဖြေရှင်းသည်ထက် နှစ်ယောက်ဦးနှောက်ဖြင့် ကိုင်တွယ်ဖြေရှင်းပါက ပို၍မှန်ကန်ပေလိမ့်မည်၊ ထိုကဲ့သို့ဘ၀တွင် အခက်အခဲပေါင်းစုံတို့ဖြင့် ရင်ဆိုင်လာရပါက ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိရမည်ဖြစ်ပေသည်၊မည်သို့ပင်ဖြစ်စေ တစ်ဦးကိုတစ်ဦးနားလည်မှုပေးကာ တိုင်ပင်ကြမည်ဆိုပါက တူညီသော ပညာရှိသည်ဟု ဆိုရချေမည်။
အချုပ်ဆိုရသော် ဇနီးမောင်နှံများသည် တရားလေးမျိုးဖြင့် ပြည့်စုံအောင်ကျင့်သုံးနိုင်ကြမည်ဆိုလျှင် ပြဿဒါး ရက်မကောင်းသော်လည်း သာယာပျော်ရွှင်သော အိမ်ထောင်မှုဘ၀ခရီးကို ဖန်တီးနိုင်သည့်အပြင် နောင်ဘ၀တွင်လည်း အတူတကွဖြစ်ကြရမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါတော့သတည်း။

ဦးကောဝိဒ(မြိတ်)
19, July, 2008, 9:14 pm

Tuesday, March 25, 2008

ပရ၀ါဒီတစ်ဦးနှင့် ဆွေးနွေးခြင်း

ဘယ်သို့မြင်၍ ဘယ်လိုဆိုလေသည်ကို မသိပါ။ လွယ်လွယ်ပေါ့ပေါ့တော့ မဟုတ်တန်ရာ။ နှစ်များစွာ ကွဲကွာနေသူ မိတ်ဆွေရင်းတစ်ဦး အလည်ရောက်လာပါသည်။ သူက ထာဝရ ဘုရားသခင် ဘာသာဝင် အမျိုးသမီး ဖြစ်ပါသည်။ ရင်းရင်းနှီးနှီးမို့ အိမ်အတွင်း စာကြည့်ခန်းကို ၀င်ကြည့်ပြီး မေးခွန်းထုတ်လိုက်သည်မှာ -
“ဘာသာရေးစာပေတွေကို ရေးနေတယ်လို့ ကြားရတယ်။ ဒါတွေ အကုန်ဖတ်နိုင်ရဲ့လား” ဟု စာအုပ်စင်ကို လက်ညှိုးညွှန်၍ စကားဆိုလိုက်ပါ၏။
“ဟုတ်ကဲ့ ...လေ့လာဖတ်ရှု့ဖို့ စုဆောင်းရတာမို့ ကြိုးစားဖတ်ရပါတယ်”
“ဘာသာရေး စာအုပ်တွေ အမျိုးမျိုး များလွန်းလှပါကလား၊ အယူအမြင်တွေ ကွဲပြား မကုန်ဘူးလား”

သူ့အမြင်ဖြင့် မေးခြင်းဖြစ်ပါ၏။ သူတို့ ကိုးကွယ်သော ဘာသာများက များသောအားဖြင့် ကျမ်းစာ တစ်အုပ်တည်းကိုသာ စွဲကိုင်အားပြုကြခြင်းကြောင့် ဖြစ်တန်ရာပါသည်။
“ထေရ၀ါဒ ဗုဒ္ဓစာပေကျမ်းစာတွေမို့ ဗုဒ္ဓရဲ့တရားအစစ် အမှန်များ ဖြစ်ပါတယ်”
“ဗုဒ္ဓဘာသာမှာ မစစ်မှန်တဲ့ ဘာသာရေးစာပေတွေကော ရှိလို့လား” ဟု သူမက ထပ်ဆင့် မေးလာပါသည်။
“အစစ်ရှိရင် အတုဆိုတာ ရှိလာတတ်တာမို့ မရှိဘူးလို့ မပြောချင်ပါဘူး၊ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ခရီးအမျိုးမျိုး ဖြစ်သန်းခဲ့ရတော့ အရောအနှောတွေ၊ အပြုအပြင်တွေ မကင်းပါဘူး၊ ကြည့်တတ်သူတွေ မြင်ကြပါတယ်”

မိတ်ဆွေအမျိုးသမီးသည် တစ်စုံတစ်ရာ စဉ်းစားနေရာမှ တည်ငြိမ်စွာဖြင့်ပင် ဆိုလိုက်သည်မှာ-
“ကမ္ဘာမှာ ဘာသာတွေအားလုံးဟာ ကောင်းကြတာချည်းပါပဲ။ အားလုံး အတူတူ ဖြစ်ကြပါတယ်။ မှန်ကန်တဲ့ မဂ္ဂင်လမ်းနဲ့ ကျင့်ကြံနေကြတာပဲ။ မဟုတ်လား ”

မမျှော်လင့်သော ဒီစကားကြောင့် ကျွန်တော့်မှာ အံ့အားသင့်ရပါပြီ။ ဘယ်လိုလဲ။ ဘာကြောင့် ဒီစကားကို ဆိုလေသလဲ။ မြောင်းသွယ်လိုက်ခြင်းပေလော။ ခပ်လွယ်လွယ်နှုတ်ခမ်းလှုပ်ရုံတော့ မဟုတ်နိုင်ပါပေ။ “အားလုံးကောင်းပါသည်” အဆိုကိုမူ လူသားဆိုင်ရာ အဆုံးအမများ၊ လမ်းညွှန်မှုကောင်းများ ရှိကြ၍ လက်သင့်ခံရမည်သာ။ လူမျိုးအသီးသီး၌ ဒါနပြုသူများလည်း ရှိကြပါ၏။ ဤသည်တို့၌ လုပ်ငန်းအသွင်အားဖြင့် အချင်းချင်း တူညီကြစေကာမူ သဘောအားဖြင့် ခြားနားမှု ရှိကြပါသည်။ “အားလုံး အတူတူချည်း” ဆိုပါလျှင် အဘယ်ကြောင့် ကမ္ဘာတွင် ဘာသာတွေ ထွေပြားနေကြပါသနည်း။

ယနေ့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ “တစ်ကမ္ဘာလုံး ပေါင်းစည်းလာမှုဖြစ်စဉ်” (GLOBALISATION) ဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတို့ကို တစ်ပုံစံတည်း၊ တစ်ထပ်တည်း ပေါင်းစည်းမှု ဖြစ်လာအောင် စိတ်ကြိုက် လိုသူများက ဖန်တီးကြိုးပမ်းနေချိန်ဝယ် မွန်မြတ်သည့် ယုံကြည်မှု၊ ဘာသာရေးကိုပင် တစ်ပုံစံ၊ တစ်ထပ်တည်း
(GLOBALISATION) အားကျ နေပြန်သည်လား။ ဘယ်သို့ ဘယ်ပုံ ယူချင်၍ ဘယ်ဆီသို့ ဆွဲခေါ်နေပြီင်္နည်း။ မိတ်ဆွေ အမျိုးသမီးသည် ဗုဒ္ဓ၀ါဒကို မည်မျှနားလည်သည်တော့ မသိပါ။ “သမ္မာမဂ္ဂင်” ကောင်းသောလမ်းနှင့် အကျင့်ဟူသော သကြားလုံးကို ကမ်းလိုက်လေပြီ။ တိုးတက်နေသော ဆက်သွယ်မှု နည်းပညာသစ်ပေလော ။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှုကို တန်ဖိုးထား မြတ်နိုးလေးစားပါ၏။ ဘာသာရေး လွတ်လပ်ခွင့်သည် လူသားတို့၏ ဘ၀ပေးပိုင်ခွင့်ပင် ဖြစ်ပါ၏။ အရာရာ၌ အမြင်အမျိုးမျိုး ၊ ရှု့ထောင့်အသွယ်သွယ်ကိုလည်း နားလည်လက်ခံလာပါ၏။ အမှတ်မထင် အတွေ့အကြုံလေးတစ်ခု သတိရပေါ်လာခဲ့ပါပြီ။

မော်တော်ကားမှောက်၍ သေသူ၊ ပြင်းထန်စွာ ဒဏ်ရာရသူများ၏ သွေးသံရဲရဲကြားက တရုတ်ကြီးတစ်ယောက် အူယား ဖားယား ကုန်းထလာသည်။ သူရင်ပတ်ကို လက်ဝါးနှစ်ဖက်ဖြင့် ဖိ၍ ခါးကော့ကာ မအီ မသာ ဖြစ်နေ၏။ ရှုံ့မဲ့မဲ့ မျက်နှာ လူသေလောင်းတစ်ခုကို လက်ညှိုးထိုးပြပြီး “စူက..စေတာစေ...နာလောက် မနာဘူး” ဟူသော ညောင်နာနာ အသံဖြင့် ဆိုလိုက်ပုံကို ကြားရသူတို့ ငိုအားသန်နေချိန်ဝယ် ပြုံးမဲ့မဲ့တော့ ဖြစ်ရပါ၏။ ယခု ကျွန်တော့်မိတ်ဆွေ အမျိုးသမီး၏ ဆန္ဒအသံကို စဉ်းစားရချေပြီ။ သူ့အမြင်ဟုပင် ထင်မိပါ၏။ ပြုံးရပါ၏။

သူ့ကို အေးအေးဆေးဆေးပင် ရှင်းပြရပါ၏။ အရာရာမှာ တူညီ ထပ်တူကျဖို့ တစ်သားတည်ဖြစ်ဖို့ ဆိုသည်မှာ ဘာမဆို အခြေခံအကြောင်းတွေ မတူဘဲ ပြုလုပ် မရနိုင်ပါ။ တြိဂံ၊ စက်ဝိုင်း၊ စတုဂံပုံအမျိုးမျိုးကို တစ်ထပ်တည်း ကျအောင် မတူညီဘဲ လုပ်မရပါ။ ဗုဒ္ဓဘုရားရှင်ပင် သတ္တ၀ါတွေ အားလုံးကို ကျွတ်တမ်းဝင်အောင် မပြုခဲ့နိုင်သလို ဖန်ဆင်းရှင်ဆိုသည့် ထာဝရ ဘုရားသခင်တို့ကလည်း ဖန်ဆင်းခံ လူသားတွေကို အဘယ်ကြောင့် ဆင်းရဲသူ၊ ချမ်းသာသူ၊ အရုပ်ဆိုးသူ၊ ရုပ်လှသူ၊ အယုတ်၊ အလတ်၊ အမြတ် ကွဲပြားနေစေ ခဲ့ရပါသနည်း၊ အဘယ်ကြောင့် လူသားအားလုံး တူညီမှုရိှအောင် ဖန်ဆင်း မပေးသည်ကို မေးစရာရှိလာကြောင်း ရှင်းပြရပါသည်။ ကမ္ဘာ့လူသားအားလုံး ဘက်ပေါင်းစုံ တစ်ထပ်တည်းကျအောင်
(GLOBALISATION) ဖန်တီး မပေးသင့် ပေဘူးလားဟု မေးမိပါသည်။

ဆက်လက်၍ ဗုဒ္ဓဘာသာသည် အခြားဘာသာ အချို့ကဲ့သို့ အင်္ဂလိပ် ဝေါဟာရ “ရီလေးဂျင်း” (RELIGION) ဟု မဆိုနိုင်ကြောင်း။ ရီလေးဂျင်းဟူသည် ထာဝရဘုရားသခင်၊ ထာဝရဗြဟ္မာကြီး၊ ထာဝရ နတ်ဘုရားကြီးတို့က စကြ၀ဠာကြီး တစ်ခုလုံးကို ဖန်ဆင်းပေးထားသော လောကကြီးတစ်ခုလုံးအား ပိုင်စိုးကြိုးကိုင်ထားသော အနန္တတန်ခိုးရှင် အယူကို လက်ခံသော ၀ါဒဖြစ်လေသည်။ (belief is GOD as a Creator and controller of the Universe)။

ဗုဒ္ဓဘာသာသည် သက်ရှိသက်မဲ့ အရာအားလုံးကို မည်သူကမျှ မဖန်ဆင်းပါ။ ဖန်ဆင်းရှင် မရှိပါ။ ဗုဒ္ဓဘုရားရှင်တို့မှာပင် မည်သည့် တန်ခိုးရှင်ကမျှ ဖန်ဆင်းပေးခြင်းမျိုး မဟုတ်ဘဲ လူသားအနေဖြင့် အမှန်တရားကို ရှာ၍ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှုဖြင့်သာ ဘုရားအဖြစ် ရောက်တော်မူရပါသည်။ ဗုဒ္ဓဘုရားတို့မှာလည်း အမြဲထာဝရ တည်နေခြင်းမျိုး မဟုတ်ပါ။ လူသားများကဲ့သို့ မမြဲသော အနိစ္စ တရားကို ဘုရားရှင်များပင် ကြုံကြရပါသည်။ သို့ဖြစ်၍ ဗုဒ္ဓ၀ါဒမှာ “အနတ္တ၀ါဒ”သာ ဖြစ်ပါသည်။ ဤသို့ မမြဲခြင်း သဘောကြောင့် ဗုဒ္ဓဘုရားတို့မှာလည်း မအို၊ မနာ၊ မသေ ထာဝရ တည်နေသည့် ဘုရားမဟုတ်၍ “တစ်ဆူတည်း”သော ဘုရား (Mono Theism) မဟုတ်ပါ။ ဗုဒ္ဓဘာသာ၌ ရှေးကလည်း ဘုရား အဆူဆူ များပြားစွာ ပွင့်ခဲ့လေပြီ။ နောင် အနာဂတ်မှာလည်း အဆူဆူသော ဘုရားများ ပွင့်ကြပေဦးမည်။ ယခု ဂေါတမ ဘုရားနောက်တွင် အရိမေတ္တယျဘုရားရှင် ပွင့်တော်မူမည်ဟု ယုံကြည်ကြပါသည်။

“ရီလေးဂျင့်”ဘာသာတို့၌ ဘုရားသခင် မဟာဗြဟ္မာကြီး၊ နတ်ဘုရားကြီးတို့မှာ တစ်ဆူတည်းသော ဘုရားများအဖြစ် ပြောင်းလဲခြင်းမရှိ ၊ ထာဝရတည်နေကြပါသည်။ သို့ဖြစ်၍ ထာဝရဘုရားများဟု ဆိုပါသည်။ မမြင်ရသည့် ကောင်းကင်ဘုံ ဘုရားများဖြစ်ကြ၍ သက်ရှိသက်မဲ့ အားလုံးကို ဖန်ဆင်းပေးထားသည်။ သတ္တ၀ါ အားလုံးတို့၏ အကောင်းအဆိုးကို ဘုရားသခင်က တာဝန်ယူ၍ ဘုရားသခင်၏ အလိုတော်အရ ဖြစ်ကြရသည်ဟု ယုံကြည်ကြသည်။ ထာဝရ ဘုရားသခင်တို့၏ ၀ါဒမှာ “နိစ္စ၀ါဒ” “အတ္တ၀ါဒ”ဟု ဆိုရပါမည်။

ဗုဒ္ဓဘာသာမှာ ဘုရားရှင်က ဖန်ဆင်းပေးထားခြင်း မဟုတ်၍ တာဝန်ယူထားခြင်းမျိုးလည်း မဟုတ်ပါ။ ပုဂ္ဂိုလ် သတ္တ၀ါ တစ်ဦးတစ်ယောက်၏ ကောင်းမှု၊ ဆိုးမှုသည် ဘုရားရှင်နှင့် မည်သို့မျှ မပတ်သက်ပါ။ သတ္တ၀ါတိုင်းသည် မိမိဘ၀ မိမိချမ်းသာအောင်၊ ဆင်းရဲအောင် မိမိဘာသာ ဖန်တီးနိုင်သော ဗိသုကာရှင်များ ဖြစ်ကြပါသည်။ အရာရာမှာ “ဘယ်သူမပြု မိမိမှု” ဆိုသည်မှာ ဗုဒ္ဓ၏ ကမ္မဿတာဥာဏ်အမြင်“ကံ”သည် အခြေခံ ယုံကြည်မှု ဖြစ်ပါသည်။

ကျွန်တော်၏ စကားမဆုံးမီ အမျိုးသမီးက ကြားဖြတ်လိုက်ပါသည်။
“ဒီလိုဆို....... ဗုဒ္ဓက လူသားတွေ ကောင်းအောင်၊ ဆိုးအောင်၊ ကြီးပွားချမ်းသာအောင် တာဝန်ယူ ကယ်တင် မပေးနိုင်ဘူးပေါ့”
သူ့အကွက် ၀င်ပြီထင်၍ မေးခွန်းထုတ်လိုက်ပုံ ရပါသည်။
“ဟုတ်ပါတယ်၊ မှန်ပါတယ်”ဟု ချက်ချင်း အဖြေပေးလိုက်ပါ၏။
အမျိုးသမီးက “ဒါဖြင့်ရင်...... အားကိုးရတာ မဟုတ်ဘဲ ဘာကြောင့် လူတွေက ဘုရားရှင်ကို ကိုးကွယ်နေကြတာလဲ ”
ဤသည်မှာ မေးသင့် မေးထိုက်သော မေးခွန်းဖြစ်ပါ၏။ အချို့သော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့ပင် အမြင်ရှင်းချင်မှ ရှင်းကြပါမည်။

“ဟုတ်ကဲ့၊ “ကိုးကွယ်”နဲ့ “အားကိုး” နားလည်ဖို့ လိုပါမယ်။ တူသယောင်ယောင် ထင်စရာ ဖြစ်ပါတယ်။ “ကိုးကွယ်” ဆိုတာက တစ်ပါးသူရဲ့ ကျေးဇူးဂုဏ်တွေကို အောက်မေ့ပြီး ကြည်ညိုမှုနဲ့ အရိုအသေ အလေးအမြတ်ပြု ပူဇော်ခြင်း ဖြစ်ပါတယ်။ “အားကိုး”ဆိုတာ တစ်စုံတစ်ဦးဆီက တစ်စုံတစ်ရာ ရဖို့၊ လိုချင်လို့၊ ဖြစ်စေချင်တာ ဖြစ်ဖို့၊ မျှော်မှန်းခြင်း ဖြစ်ပါတယ်။ ဥပမာနဲ့ ပြောရရင် ပညာသင်ကြားတဲ့အခါမှာ ဆရာ၊ ဆရာမတွေက ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ သင်ကြားပေးကြပါတယ်။ သွန်သင်ပြသ ဆုံးမတဲ့ ဆရာတွေရဲ့ ဂုဏ်ကျေးဇူးကို လေးစားမြတ်နိုးကြည်ညိုမှုနဲ့ ပူဇော်ကြတာဟာ “ကိုးကွယ်မှု” သဘောပေါ့။ သင်ကြားပေးတဲ့ ပညာရပ်တွေကို တကယ် သိနားလည်ဖို့၊ စာမေးပွဲအောင်ဖို့ဆိုတာ ကိုယ့်ဘာသာ ကြိုးစားအားထုတ်ရတာမို့ မိမိကိုယ်သာ အားကိုးရမှာ ဖြစ်သလို သင်ကြားပေးတဲ့ ပညာရပ်တွေက မိမိဘ၀အတွက် အကျိုးဖြစ်ထွန်းစေမယ်ဆိုတဲ့ ပညာရဲ့ တန်ဖိုးကိုလဲ အားကိုးရမှာ ဖြစ်ပါတယ်။ ”

“ဗုဒ္ဓဘုရားရှင်ဟာလဲ လောကသားတွေ မသိမမြင်ကြတဲ့ တရားတော်တွေကို ဟောပြောပြခဲ့ပါတယ်။ အမှားနဲ့ အမှန်ကို ခွဲခြားပြသခဲ့ပါတယ်၊ မကောင်းကျိုးကို ဖြစ်စေတဲ့ အကုသိုလ်အမှားတွေ၊ ကောင်းကျိုးကို ဖြစ်စေတဲ့ ကုသိုလ် အမှန်တရားတွေကို ရှင်းလင်း ပြသခဲ့ပါတယ်။ လောကီ ကြီးပွားရာ အကြောင်းတရားတွေကို ဟောကြားခဲ့သလို ဒုက္ခအပေါင်းမှ လွတ်မြောက်စေနိုင်တဲ့ အမှန်တရားသစ္စာနဲ့ အားထုတ်ရာလမ်းကြောင်း “မဂ္ဂင်”တရားတွေလဲ ပြခဲ့ပါတယ်။ သံသရာမှာ ကောင်းသောဘ၀ကို ရောက်စေနိုင်မယ့် လမ်းကောင်း လမ်းမှန်နဲ့ မကောင်းသော လမ်းဆိုး လမ်းမှားတွေကို ခွဲခြားပြသခဲ့ပါတယ်။”

“ဗုဒ္ဓဘုရားကို ကယ်တင်ရှင်လို့ ဆိုချင်ရင် လမ်းမှား မရောက်အောင်၊ လမ်းမှန်ရောက်အောင် ညွှန်ကြားပြသတဲ့ လမ်းညွှန်ဆရာ ကယ်တင်ရှင်လို့ ဆိုနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက ဘုရားရှင်ရဲ့ တရားစစ်၊ တရားမှန်တွေကို ယုံကြည်စွာနဲ့ ဘုရားရှင်အား အတုမရှိ ကျေးဇူးတော်ရှင်အဖြစ် အောက်မေ့ပြီး ဆည်းကပ်ရှိခိုး ပူဇော် ကိုးကွယ်ကြခြင်းသာ ဖြစ်ပါတယ်။ တကယ် အားကိုးရမှာက ဗုဒ္ဓရဲ့ “ဓမ္မ”တရားသာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ရတနာ သုံးပါးအနက် “ဘုရားရတနာ”နဲ့ ဘုရားသာသန အမွေခံ “သံဃာရတနာ”တို့ဟာ ကိုးကွယ်ရာ၊ ပူဇော်ရာသာ ဖြစ်ပြီး “တရားရတနာ”ကတော့ ကိုးကွယ် ပူဇော်ရာရော အားကိုးအားထားရာလဲ ဖြစ်ပါတယ်”

ကျွန်တော် ခေတ္တရပ်နားပြီး ရေနွေးကြမ်းငှဲ့လိုက်စဉ်မှာပင် အမျိုးသမီးက “ဘုရားသခင်ဖြစ်မှသာ ကိုးကွယ်ရာ၊အားကိုးရာ ကုန်ပြီနော်” ဟု မေးလာပြန်ပါသည်။

ကျွန်တော်က “ထာဝရ ဘုရားတွေမှာတော့ မသိပါဘူး။ ဗုဒ္ဓဘုရားရှင်မှာတော့ အလေးအမြတ် ပူဇော်ရာ ရှိပါတယ်။ ဘုရားဖြစ်တော်မူစမှာ “ငါသည် ရိုသေ အလေးအမြတ် ပြုစရာမရှိဘဲ နေထိုင်ရခြင်းဟာ ဆင်းရဲလှ၏ လို့ ကြံစည်၊ စဉ်းစား၊ ဆင်ခြင်ကြည့်ရာမှ မိမိထက်သာလွန်သည့် ပုဂ္ဂိုလ် မရှိတော့တဲ့အတွက် မိမိသိပြီး တရားတော်တွေကိုပဲ ရိုသေလေးစား မြတ်နိုးပူဇော်တဲ့အနေနဲ့ ထပ်တလဲလဲ တရားတော်ကို ဆင်ခြင် အောက်မေ့ပြီး နေခဲ့ပါတယ်။ ဒါဟာ တရားတော်ကို ပူဇော် ကိုးကွယ်ခြင်းပါပဲ”

အမျိုးသမီးသည် တစ်စုံတစ်ရာကို သတိရ စဉ်းစားမိဟန်ဖြင့် အနီးရှိ ဂျာနယ်ကို ဆွဲကိုင် ဖြန့်ပြပါသည်။ ပြီးတော့ တစ်နေရာကို လက်ထောက်၍ ဖတ်ပြပါသည်။
“ဟောသည်မှာ နားထောင်...... ကိုယ်ပိုင် လုပ်ငန်းကြီးတွေ တိုးတက်စေဖို့၊ ရာထူးတွေ တိုးတက်စေဖို့၊ စာမေးပွဲတွေ၊ အင်တာဗျူးတွေ အောင်စေဖို့၊ ထူးချွန်ဖို့၊ နေရာကောင်းရဖို့၊ ကျန်းမာသန်စွမ်း လိမ္မာကျိုးနွံ ချမ်းသာ ကံကောင်းမဲ့ သားသမီးတွေ မွေးဖွားစေဖို့၊ အသက်ဘေး အန္တရာယ် ကင်းဝေးစေဖို့၊ ငွေဝင်လာဘ်ရွှင် စီးပွားတက်လာစေဖို့၊ ထီဆုကြီး ပေါက်စေဖို့၊ နိုင်ငံခြားကို အမြန်သွားရဖို့ ၊ ရောင်းမကောင်းတဲ့ ကုန်တွေ စွံစေဖို့၊ ကံကောင်းစေဖို့၊ လိုရာ ဆန္ဒ ပြည့်ဝစေဖို့၊ ကံညံ့ရင်လဲ သတိပြုရမယ်၊ ကံ တက်ရင်လဲ သတိပြုရမယ်။ ကံပြင်ပေးမယ်၊ အနာဂတ်ကို ကြောက်နေစရာမလို၊ အို....... စုံလို့ ပါပဲ ။ ”

“အေးဗျာ...... အရာရာမှာ ယုံတတ်သူ၊ ယုံလွယ်သူ၊ ယုံချင်လွန်းသူတွေ ရှိနေတတ်တယ် မဟုတ်လား၊ ဗုဒ္ဓဘာသာ အမည်ခံတွေပေါ့ဗျာ။ ”

အမျိုးသမီးက “သူတို့က ဗုဒ္ဓဘာသာဝင်တွေဆို ဗုဒ္ဓတရားတော် သိကြမှာပေါ့။ ကံ ကံ၏ အကျိုးကို ယုံကြည်တယ်ဆို ”

ကျွန်တော့်အား ပြန်ပြီး ချေပပါသည်။ ဒီ ဗုဒ္ဓဘာသာအမည်ခံတွေကြောင့် ဘာသာခြားတို့ရဲ့ လက်ညှိုးထိုးခြင်းကို ခံနေရပါပြီ။ လက်ညှိုးထိုးမခံရဖို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာစစ်စစ်ကို ကျင့်ကြံ နေထိုင်သင့်ပါကြောင်း။ သို့မဟုတ်ပါက ဒီလိုပဲ အခြားဘာသာဝင်တို့ရဲ့ လက်ညှိုးထိုးစရာများ ဖြစ်နေပါကြောင်း စေတနာရှေ့ထားကာ ရေးသားလိုက်ရပါသည်။
လင်းဦး (စိတ်ပညာ)



Thursday, March 13, 2008

တုနှိုင်းမမီ ဗုဒ္ဓကိုယ်တော်စား ဆင်းတုတော်များ

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊ ပသောင်းရွာတွင်တည်ရှိသော ယခင်(ကျီးတမော့)ယခုဓမ္မရက္ခိတအမည်ရှိ ကုန်းမြေပေါ် တည်ထားကိုးကွယ်သော ဘုရားသို့ ရောက်ရှိခဲ့ပါသည်။ ပသောင်းရွာသည် ဘာသာခြားများချည်းသီးသန့်နေထိုင်သော ရွာတရွာဖြစ်၍ ဗုဒ္ဓဘာသာဟူ၍ တစ်အိမ်မျှမရှိပေ။ ထိုရွာ၏ အစွန်တွင် ဘာသာခြား ဆရာဖြစ်သင်တန်းကျောင်းရှိပြီ်း တနင်္သာရီတိုင်းတစ်တိုင်းလုံးတွင် ဘာသာခြားဆရာဖြစ်သင်တန်းကျောင်း ထိုတစ်ကျောင်းပဲရှိသည်ဟု သိရပါသည်။ သူတို့ဌာနချူပ်ဟု ပြောလျှင်လည်းရပါသည်။

ထူးခြားသည်က ထိုဘာသာခြားကျောင်း၏ ခြံစည်းရိုးကပ်လျှက်တွင် ရှေးနှစ်ပေါင်းများစွာကတည်းက တည်ရှိခဲ့ဟန်တူသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ မြေကြီးထဲကတွေ့ရပါသည်။ ရှေးနှစ်ပေါင်းများစွာက ထိုနေရာသည် ဘုရားကုန်းတော်တစ်ခုဖြစ်ခဲ့သည်ဟု တူးဖော်သူများက ခန့်မှန်းခဲ့ကြသည်။ သို့နှင့် ထိုနေရာတွင် စေတီတည်ထားခဲ့ကြပါသည်။ စာရေးသူတို့ ရောက်ရှိချိန်တွင် ရေးမြို့မှဆရာတော်ကြီး ရောက်ရှိနေသောကြောင့် ထိုဆရာတော် အား သွားရောက်ဖူးမျှော်ကြရာ၊ ဆရာတော်ထံမှ ဓမ္မရက္ခိတ(ကျီးတမော့)တောင်နှင့်ပတ်သက်၍ တစေ့တစောင်း ကြားခဲ့ရပါသည်။
လွန်ခဲ့သောရှေးနှစ်ပေါင်းများစွာက ဤတောင်တွင် ဘုရားစေတီများဖြင့် သာသနာထွန်းကားခဲ့ကာ အနီးရှိရွာတွင်လည်း မြန်မာများသာနေထိုင်ကြကြောင်း သိရပါသည်။ ယခုအချိန် ထိုရွာတွင် မြန်မာများလုံးဝ မကျန်တော့ဘဲ၊ ဘာသာခြားများသာကျန်တော့သည့်အပြင် သာသနာထွန်းပြောင်ခဲ့သော ထိုဘုရားကုန်းတော်ပေါ်တွင်လည်း စေတီပုထိုးဟူ၍ သဲလွန်စတောင်မျှ မရတော့ဘဲ တိမ်မြုပ်၍နေလျှက်ရှိရာ ထိုအချိန်က ကျီးတမော့တောင်ပေါ်တွင် ဘာသာခြားများ အိမ်ဆောက်ကာ တက်ရောက်နေထိုင်သော်လည်း ဖျားနာ၍သော်လည်းကောင်း ၊ ဘေးတစ်ခုခုနှင့်ကြုံကာ ပြန်လည်ဆင်းခဲ့ရသည်ချည်းဖြစ်သည်။ ထိုတောင်တော်ပေါ်တွင် ဘယ်လိုနည်းနှင့်မျှ ဘာသာခြားများနေထိုင်၍ မရနိုင်ဖြစ်နေပါသည်။ ဆရာတော်ပြောပြချက်အရ တစ်နေ့တွင် ဘာသာခြားတစ်ဦးသည် ထိုကုန်းတော်တွင် ဆင်းတုတော်တဆူတွေ့ခဲ့သည် ၊ဆင်းတုတော်မှာ ရွှေအတိပြီးသော ဆင်းတုတော်ဖြစ်၍ ရွှေရရှိရန် ဆင်းတုတော်အား မီးဖြင့်ဖျော်ကြရာ မပျော်ဘဲရှိနေသည်။ သို့နှင့် သာသနာမကြည်ညိုတတ်သူ မြန်မာတစ်ဦးနှင့် ပူးပေါင်းကာ ဆင်းတုတော်ကို အရည်ဖျော်ခဲ့ကြပါသည်။
မကြာမီ ဆင်းတုတော်ကို အရည်ဖျော်ခဲ့ကြသော ဘာသာခြားတစ်ဦးနှင့် အရည်ဖျော်ရန်နည်းပေးသူ မြန်မာတစ်ဦး သေဘေးနှင့်ကြုံကာ သေဆုံးခဲ့ရပါသည်။ ဘာသာခြားများသည် ဤနေရာကို ဘုရားကုန်းတော်ဟု လူအများ သိမည်စိုးသောကြောင့် ဆင်းတုတော်များတွေ့လျှင် မြေထဲမြုပ်၍တစ်ဖုံ ရေထဲပစ်ချ၍တစ်မျိုး နည်းအမျိုးမျိုးဖြင့် ဖုံးကွယ်ထားခဲ့သည်။
ဆရာတော်ကြီးက ဆက်လက်အမိန့်ရှိသည်မှာ မကြာမီက ထိုဘုရားအနီး ဘာသာခြားအိမ်တစ်အိမ်ပေါ်သို့ အကြောင်းမဲ့ နေ့ခင်းကြောင်တောင်ကြီးတွင် အိမ်ခေါင်မိုးပေါ်သို့ ခဲများ မကြာခဏ ကျရောက်နေသည်။ ထိုခဲများကျနေသည့် အသံကို ထိုဘာသာခြားအိမ်အနီးတွင် တည်ရှိသော စေတီတော်ပေါ်တွင် မီးပြင်နေသည့် ရဟန်းတစ်ပါးလည်းကြားသည်ဟု ပြောပါသည်။ ပထမတွင် ဘာသာခြားအိမ်ရှိလူများသည် စေတီအထက်တွင် မီးပြင်ရန်ရောက်ရှိနေသော ရဟန်းက သူတို့အိမ်ခေါင်မိုးပေါ်သို့ ခဲနဲ့ပစ်သည်ဟု စွပ်စွဲကာ ပြဿနာဖြစ်ခဲ့သေးသည်။ အမှန်စင်စစ် မည်သူမျှ ပစ်သည်မဟုတ်ပေ။ နတ်မြတ်နတ်ကောင်းများက သတိပေးလှုပ်ဆော်ဟန်ရှိသည်ဟု တွေးမိပါသည်။ ထိုအဖြစ်အပျက်သည် ဗုဒ္ဓဘာသာများအတွက် မထူးဆန်းသော်လည်း လက်တွေ့ဆန်သော သူများအတွက် (ဘာသာခြားများအတွက်)ထူးဆန်းနေမည်မှာ အမှန်ပင်ဖြစ်သည်။
ဆိုရေးရှိကဆိုရချေဦးမည်၊ တစ်ခါက ထိုင်းနိုင်ငံ ၊ မဟာချိုင်မြို့တွင် အဖြစ်အပျက်တစ်ခုပေါ်ပေါက်ခဲ့သည် ။ဖြစ်ပုံကား-
သူငယ်ချင်းလည်းဖြစ်၊စီပွားဖက်လည်းဖြစ်သည့် အမျိုးသမီး ၂ ဦးရှိပါသည်၊ သူတို့ ၂ဦးတွင် တစ်ဦးကာ ဗုဒ္ဓဘာသာဖြစ်ပြီး တစ်ဦးက ဘာသာခြားဖြစ်ပါသည်။ ထူးခြားသည်မှာ ဘာသာခြားအမျိုးသမီးသည် ဗုဒ္ဓနှင့်ပတ်သက်လာလျှင် မထီမဲ့မြင် မပြုလုပ်ဝံ့ချေ။ အဘယ်ကြောင့်နည်းဆိုလျှင် တစ်ခါက သူ၏မောင်လေးနှင့်သူမတို့သည် ဗုဒ္ဓဘာသာသူငယ်ချင်းအိမ်သို့ အလည်အပတ်ရောက်ခဲ့ကြပါသည်။ ထိုအိမ်တွင် အခန်းနှစ်ခန်းရှိရာ တစ်ဘက်ခန်းတွင် သူငယ်ချင်းနှစ်ယောက်နှင့်အတူ အိမ်သားများစကားပြောဆိုနေစဉ် တစ်ဘက်ခန်း၌ တစ်ယောက်တည်းရှိနေသော ဘာသာခြားအမျိုးသမီး၏မောင်လေးသည် ၀က်ရူးပျံသကဲ့သို့ဖြစ်ကာ သတိမေ့မျောနေပါသည်။ မကြာမီ သတိပြန်လည် လာကာ ဘာသာခြားကလေး၏ ပြောချက်အရ သူသည် ဘုရားဆောင်ပေါ်ရှိ ဆွမ်းတော်တင်ထားသော ပန်းသီးကို ယူစားမိရာမှ အခုလိုဖြစ်ခဲ့ရသည့်အတွက် ဘုရားဆင်းတုတော်သည် အလွန်တန်ခိုးကြီးကြောင်း ထိုဘာသာခြားအမျိုးသမီး၏ ပြောပြချက်အရ သိရပါကြောင်း။ ။

Tuesday, March 11, 2008

မသေခင် ဗုဒ္ဓဗေဒင် မေးသင့်သည်

ဗေဒင် ဟူသော အသုံးအနှုန်းသည် လူအများစု၏ စိတ်အစာတစ်ခု ဖြစ်နေပါသည်။ များသောအားဖြင့် လောဘစိတ်၏ ဆာလောင်မှုကြောင့် ဗေဒင်ကို စားသုံးတတ်ကြသည်။ ကံတရားကို ဘေးဖယ်၍ ဥာဏ်နှင့် ၀ီရိယကို အရင်းတည်ကာ လူနေမှု မြင့်မားအောင် ကြံဆောင်ကြိုးစားတတ်ကြသည်။

အကြောင်းကောင်းသည် ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အကျိုးတရားကောင်းဖို့ အမြဲတမ်း မျှော်လင့်ထားကြသည်။ မျှော်လင့်သလို ဖြစ်မလာသောအခါ (အကျိုးတရား မကောင်းသောအခါ) မိမိ၏ ပင်ကိုအသိဥာဏ်များပင် မှေးမှိန်ကာ ဗေဒင်ကို စားသုံး၍ လောဘစိတ်ကို ဖြေသိမ့်ကြသည်။ ဒီထက်ပို၍ မြှင့်တင်ပေးကြသည်။ လူ့လောက စီးပွားရေး အဆင်မပြေမှုများကို ကြည့်လျှင် များသောအားဖြင့် ကံ၊ ဥာဏ်၊ ၀ီရိယ သုံးမျိုးလုံး ရှိနေကြသည်ကို တွေ့ရပါမည်။ အတိတ်ကံ၊ ပစ္စုပ္ပန်ကံများ ကောင်း၍ ကိုယ်ပိုင်ဥာဏ်ဖြင့် ဆုံးဖြတ်ဆင်ခြင်ကာ ၀ီရိယ ထားတတ်ကြပါသည်။ အချို့လည်း အတိတ်ကံနှင့်ပင် အတော်ကြာ ကောင်းကျိုးချမ်းသာ ခံစားတတ်ကြရ ပြန်ပါသည်။ အတိတ်ကံ အနည်းငယ်ကောင်း၍ ပစ္စပ္ပန်ကံ မကောင်းသောအခါ အတိတ်မကောင်းဘဲ ပစ္စုပ္ပန်ကံ အနည်းငယ်ကောင်းသောအခါတို့၌ လည်းကောင်း မကောင်းကျိုးကို ခံစားရတတ်ပါသည်။ ထိုအခါ................

လောကဗေဒင်
“သောကြာသားသမီး ဖြစ်လို့ အမြစ်အညွန့်ဖြစ်တဲ့ ပိတောက်သားကို ဘုရားထု ကိုးကွယ်ပါ၊ ဂုဏ်တော်ကိုးပါး ပုတီးစိပ်ပါ။ ပဋ္ဌာန်း ၂၄ ပစ္စည်း မနက် ကိုးခေါက်၊ ည ကိုးခေါက် ရွတ်ပါ။ တနင်္လာ သားသမီးနဲ့ မပေါင်းပါနဲ့။ စီးပွားတူ မလုပ်ပါနဲ့။ တိရစ္ဆာန်များကို အစာကျွေးပြီး ၀မ်းမြောက်ဝမ်းသာ ဖြစ်နေပါ။ ရဟန်းသံဃာ သက်ကြီး ရွယ်အိုများအား ဆန် ဆီ ဆား ဆေး လှူပေးပါ။ ဆင်းရဲသူများအား အ၀တ်အထည် လှူပါ။ မိမိမွေးနေ့တွင် ညအိပ် အ၀တ်အစား အဟောင်းများကို ခြေသည်း-လက်သည်း -ဆံပင် စသည်တို့နှင့် အတူ မြေမြှုပ်ပါ။ ရေမျှောပါ” စသည် စသည်ဖြင့် .......။

(မခိုင်းသင့်) ယုတ္တိမရှိသော ယတြာ
နက္ခတ်ကောင်းကို မျှော်လင့်စောင့်စားနေသော လူမိုက်အား ကောင်းကျိုးတရားသည် ကျော်လွန်ခဲ့လေပြီ။ ကောင်းသောအလုပ် လုပ်နေချိန်တွင် နက္ခတ်ကောင်းဖြစ်သည်။ အသိဥာဏ်ကင်းမဲ့သော နက္ခတ်သည် အသိဥာဏ်ရှိသော လူသားအား အဘယ်သို့သော ကောင်းကျိုးများ ပေးနိုင်ပါမည်နည်း။ ကောင်းသောအလုပ် မှန်သမျှကို လျင်မြန်စွာ လုပ်ပါ။ မကောင်းမှုဆိုလျှင် တတ်နိုင်သမျှ အချိန်ဆွဲပါ။ မကောင်းမှုကြံစည်၊ ပြုလုပ်၊ ပြောဆိုချင်သော မိမိစိတ်ကို တားမြစ်ပါ” ဟု မြတ်ဗုဒ္ဓက မိန့်တော်မူပါသည်။

ကိလေသာအပြည့် ရှိနေသေးသော သိဒ္ဓတ္တမင်းသား တောထွက်ချိန်၌ ရက်ရာဇာ၊ ပြဿဒါး မရွေးချယ်ခဲ့ပေ။ ကောင်းသောအလုပ်မှန်းသိ၍လည်း အချိန်မဆွဲခဲ့ပါ။ သတ္တ၀ါမှန်သမျှတို့၏ ရှေ့ဆောင်လမ်းပြသဖွယ် ဖြစ်ခဲ့ပါပေ၏။ စံနမူနာ ယူထိုက်ပါပေ၏။ ကိလေသာအားလုံး ကင်းစင်ပြီးသော မြတ်ဘုရား၏ မိန့်မှာချက်၊ လုပ်ဆောင်ချက်တို့သည် ပို၍ ပို၍ လိုက်နာ ကျင့်သုံးသင့်လှပေတော့သည်။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ပိတောက်သား ဘုရားကို ကိုးကွယ်ပါ၏ဟု မည်သည့် ကျမ်းဂန်၊ မည်သို့သော ပညာရှင်များက မိန့်လေသနည်း။ ဂုဏ်တော်ကိုးပါးနှင့် ပဋ္ဌာန်း ၂၄ ပစ္စည်း ရွတ်ပါဆိုသော ဗေဒင်ဟောချက်ကိုသာ ယုံကြည်နေလျှင် အားကိုးနေလျှင်၊ ဓမ္မံ သရဏံ ဂစ္ဆာမိနှင့် ကိုက်ညီပါမည်လော။ တနင်္လာ သားသမီးကို မပေါင်းပါနဲ့ဟု ဗေဒင်က ဟောဆိုရာတွင် တနင်္လာသားသမီးသည် လေးစား ဆည်းကပ်ထိုက်သော ရဟန်းပညာရှိ၊ လူပညာရှိ ဖြစ်ခဲ့သော် ရှောင်ရှားရန် သင့် မသင့် စဉ်းစားရပါလိမ့်မည်။ ကျေးဇူးရှင် မိဘ၊ ဆရာသမား ဖြစ်ခဲ့သော် မည်သို့ ဆက်ဆံရပါမည်နည်း။ ဗေဒင်ကြောင့် ထိုသူတို့အား မဆည်းကပ်မိသော် မည်မျှ အကျိုးယုတ်နိုင်သည်ကို တွက်ဆမိပါ၏လော။ နေ့ခုနှစ်နေ့ (ရှစ်နေ့) တွင် ဘယ်နေ့သားဖြစ်ဖြစ် လူမိုက်ဆိုလျှင် မပေါင်းပါနှင့်။ ရှောင်ကြဉ်ပါ။ ပညာရှိကို ဆိုလျှင် မှီဝဲဆည်းကပ်ပါ ဟူသော မင်္ဂလာတရားတော်လာ မြတ်ဗုဒ္ဓ၏ မိန့်ကြားချက် ရှိပါသည်။ စဉ်းစားကြပါကုန်။

ငါးပိထုပ်သောဖက်ကို ငါးပိနံ့ ကူးစက်တတ်သလို တောင်ဇလပ်ပန်းထုပ်သော ဖက်ကိုလည်း တောင်ဇလပ်ပန်း၏ ရနံ့ ကူးစက်တတ်ပါသည်။ လူမိုက်နှင့် ပေါင်းသင်းမိ၍ အသိဆိုး၊ ဥာဏ်ဆိုးများ စွဲကပ်ခဲ့သော် ကံမကောင်းခဲ့သော် မိမိ၏ အ၀တ်အစား၊ ဆံပင်၊ ခြေသည်း၊ လက်သည်းတွင်မက ခန္ဓာကိုယ်တစ်ခုလုံး ရေမျှောသော်လည်း အဆိုးတရားများ ပျောက်ကွယ် မသွားနိုင်ပါပေ။ အဆိုးတရားများ စွဲကပ်မြဲ စွဲကပ်နေမည်သာ ဖြစ်သည်။

မြတ်ဘုရား၏ တပည့်သာဝက များစွာတို့မှာ ဘုရားလမ်းစဉ်အတိုင်း လိုက်နာကျင့်သုံးကျင့်ကြံကြ၍ ကိလေသာ ကုန်ခမ်းကြသော်လည်း တိတ္ထိလမ်းစဉ်ဖြင့် ခန္ဓာကိုယ်ရေစိမ်ကျင့်သော်လည်း ကိလေသာအညစ်အကြေး မကုန်သူတွေ များစွာရှိခဲ့ကြပါသည်။

တိရစ္ဆာန်များကို အစာကျွေးပြီး ၀မ်းမြောက် ၀မ်းသာ ကြည့်နေပါပြီး ပြုလုပ်ကြသောအခါ သောမနဿသဟဂုဏ် ဥာဏ၀ိပ္ပယုတ် သသင်္ခါရိက ကုသိုလ် ဖြစ်နိုင်ပါသည်။ ထိုကုသိုလ်ကံသည် ဘ၀ပေါင်းတစ်ရာအထိ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ ဥာဏ်ပညာ အကျိုးငါးပါးကို ပေးစွမ်းနိုင်ပါသည်။ ရတနာသုံးပါး၏ ဂုဏ်တော်များ၊ ပဋ္ဌာန်း ၂၄ ပစ္စည်းများကိုလည်း ရွတ်ဖတ်သရဇ္ဈာယ်ရင်း အနက်အဓိပ္ပါယ်များကို နားလည်သဘောပေါက်ပါက မရေမတွက်နိုင်သော ကုသိုလ်တရား ရနိုင်ပါသည်။ သရဏဂုံ သီလရှိသော သက်ကြီးရွယ်အိုများ၊ ရဟန်းသာမဏေများအား လှူဒါန်းမိပါက ဘ၀အသင်္ချေ အကျိုးငါးပါးကို ရပါသည်။ သို့သော် ဗေဒင်ဆရာက ယတြာ ချေခိုင်းမှ လုပ်ကြသည်။ မိုက်မဲလေစွ ။


“ဗုဒ္ဓဗေဒင်”ဟူသော စကားလုံးသည် စာရေးသူ၏ ကိုယ်ပိုင်မဟုတ်ပါ။ တိပိဋကဓရ ဆရာတော်ဘုရားကြီး ၀ါဆိုသင်္ကန်းကပ်လှူပွဲတွင် သပ္ပူရိသဒါနတရား ဟောကြားခဲ့စဉ်က ထည့်သွင်းမိန့်ကြားသွားသော စကားတော် ဖြစ်ပါသည်။

ဆရာတော်ကြီးက “အမျိုးသမီးရော၊ အမျိုးသားရော သက္ကစ္စဒါန မပါကြရင် ဒါနကြောင့်တော့ အခြွေအရံ ပရိသတ်တွေ ပေါပါတယ်။ သို့သော် ကိုယ့်ပရိသတ်အပေါ်မှာ သြဇာမညောင်းဘူး။ ဒါဟာ “ဗုဒ္ဓဗေဒင်”လို့ ဆိုနိုင်တာပေါ့” ဟု မိန့်ကြားခဲ့ပါသည်။

ဆေးဆရာသည် လူနာအပေါ် စေတနာထားကာ ရောဂါပျောက်ကင်း သက်သာရေးအတွက် ဆေးခါးဖြစ်နေသော်လည်း ထိုဆေးကို မွှေးသည်၊ အေးသည်၊ ဆိမ့်သည်၊ အ၀င်ကောင်းသည် စသည်ဖြင့် လူနာသောက်ချင်လာအောင် ပြောဆို၍ တိုက်သကဲ့သို့ ဆရာတော်ကြီးကလည်း လူတို့အကြိုက်နှင့်လျော်စွာ ဗေဒင်ဟူသော အသုံးအနှုန်းနှင့် ယှဉ်တွဲ၍ မိန့်ကြားခဲ့ခြင်း ဖြစ်ဟန်တူပါသည်။ ဗုဒ္ဓ၏ ဓမ္မဆေးသည်ကား ဆေးခါးကြီး မဟုတ်ပါ။ သို့သော်လည်း သတ္တ၀ါအများက မသောက်သုံးချင်ကြပေ။ ဘ၀ပေါင်းများစွာ၊ ကာလပေါင်းများစွာ ရင်းနှီးရှာဖွေထားခဲ့ရသော မြတ်ဗုဒ္ဓ၏ စကား(တရား)တော်ကို ယုံကြည်ပါလျှင်-

အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် ကောဠိယနိဂုံးဝယ် သီတင်းသုံးနေတော်မူ၏။ ကောဠိယ၏သား ဒီဃဇာဏု မည်သော အမျိုးသားက-
“အရှင်ဘုရား ၊ တပည့်တော်တို့သည် လောကီစည်းစိမ် ခံစားလျက် သားမယားဖြင့် နေကြပါကုန်၏။ အမွှေးနံ့သာ သုံးစွဲပါကုန်၏။ ရွှေငွေရတနာတို့ကိုလည်း နှစ်သက်ပါကုန်၏။ လောကီလူ့ဘောင်တွင် နေကြရသော တပည့်တော်တို့အား ဤဘ၀၊ နောက်ဘ၀များ၌ စီးပွားဥစ္စာ ကြွယ်ဝချမ်းသာနိုင်သော တရားနည်းလမ်းကောင်းများ ညွှန်ပြတော်မူပါ”ဟု လျှောက်ထား၏။
ထိုအခါ မြတ်စွာဘုရားရှင်က-
“ချစ်သား၊ ဤလောကတွင် လူတစ်ဦးသည် အသက်မွေးဝမ်းကျောင်း တစ်မျိုးမျိုးဖြင့် အသက်မွေးရသည်။ မည်သည့်အလုပ်မျိုးကို လုပ်သည်ဖြစ်စေ ၊ ထိုအလုပ်၌ ကျွမ်းကျင်မှု ရှိရမည်။ မပျင်းမရိ လုံ့လရှိရမည်။ စူးစမ်း နှိုင်းချိန်တတ်သော ဥာဏ်စွမ်းလည်း ရှိရမည်။ စီမံခန့်ခွဲတတ်ရမည်။ ဤသို့သော အကြောင်းတရားနှင့် ပြည့်စုံလျှင် ဥဋ္ဌာနသမ္ပဒါနှင့် ပြည့်စုံသည်ဟု မှတ်ရမည်။ ဥဋ္ဌာနသမ္ပဒါနှင့် ပြည့်စုံ၍ တရားသဖြင့် ရရှိလာသော စီးပွားဥစ္စာတို့ကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်အောင်လည်း စောင့်ရှောက်တတ်ရမည်။ ဤသည်ကို အာရက္ခ သမ္ပဒါဟု မှတ်ရမည်။ မိမိနေရာ၊ မြို့၊ ရွာ နိဂုံး၌ သဒ္ဓါ သီလ စသော မိတ်ဆွေကောင်း အရည်အချင်းနှင့် ပြည့်စုံသူများ၊ ကြီးပွားရေး၊ စီးပွားရေး စသည်တို့၌ အောင်မြင်နေကြကုန်သောသူများနှင့် ပေါင်းသင်း ဆက်ဆံရမည်။ မိတ်ဆွေကောင်းနှင့် ပေါင်းသင့်သောသူသည် ထိုမိတ်ဆွေကောင်း၏ အရည်အချင်းကောင်းပုံကို အတုလိုက်၍ မိမိလည်း သဒ္ဓါတရားကောင်းသူ၊ သီလရှိသူ၊ ကြီးပွားအောင်လုပ်နိုင်သူ ဖြစ်လာမည်။ အသိ အလိမ္မာ တိုးပွားလာတတ်သည်။ ဤသည်မှာ ကလျာဏ မိတ္တသမ္ပဒါ၏ အကြောင်းအကျိုး ဖြစ်သည်။ သမဇီဝိတ သမ္ပဒါနှင့် ပြည့်စုံဖို့လည်း လိုပေသေးသည်။ မိမိရှာဖွေရရှိထားသော စီးပွားဥစ္စာကို ၀င်ငွေ ထွက်ငွေ စနစ်တကျ မျှတအောင် အသက်မွေးတတ်ရမည်။ ဤ သမ္ပဒါတရားလေးပါးတို့နှင့် ပြည့်စုံသူတိုင်း ဤဘ၀၊ နောက်ဘ၀တို့၌ စီးပွားဥစ္စာ ကြွယ်ဝချမ်းသာပေလိမ့်မည် ချစ်သား ” ဟု မိန့်ကြားခဲ့ပါသည်။

မျက်မှောက်လောက ချမ်းသာသူအများကို လေ့လာကြည့်ပါ။ မြတ်ဗုဒ္ဓ၏ ယတြာ သမ္ပဒါလေးပါးနှင့် ပြည့်စုံနေသည်ကို တွေ့မြင်ရပါလိမ့်မည်။ ယနေ့ခေတ် လူငယ်အများစုက လက်တွေ့ဝါဒ (သိပ္ပံဝါဒ) ကို ယုံကြည်လက်ခံကြသည်။ သိပ္ပံဝါဒထက် မြတ်ဗုဒ္ဓ၏ ၀ါဒက တိကျ သေချာပါသည်။ မှန်ကန်ပါသည်။ ဗုဒ္ဓယတြာကြောင့် လက်ငင်းချမ်းသာ သွားကြသော သူဌေး သူကြွယ်တို့ကို စာပေးများ၌ တွေ့ရသည်။ သူတို့လုပ်သော ယတြာများမှာ -
(၁) လှူဖွယ် ၀တ္ထု စင်ကြယ်ခြင်း
(၂) စေတနာသုံးတန် ပြဠာန်းခြင်း
(၃) အလှူခံပုဂ္ဂိုလ် အနာဂါမ်၊ ရဟန္တာဖြစ်ခြင်း
(၄) ထိုအလှူခံပုဂ္ဂိုလ် နိရောဓသမာပတ်မှ ထခြင်း တို့ ဖြစ်ကြပါသည်။


မသေခင် ဗုဒ္ဓဗေဒင် မေးသင့်သည်
ဤစာရှုသူ မိတ်ဆွေများ၊ ဗေဒင်ကို ယုံကြည်အားကိုးပါလျှင် သင်မသေခင် ဗုဒ္ဓဗေဒင်ကို မေးသင့်ပါသည်။ ဗုဒ္ဓ ယတြာ ချေသင့်ပါသည်။ ဗုဒ္ဓဟောကြားသော ဗုဒ္ဓဗေဒင်ကား စကြာဝဠာအထိ ထွက်ဖောက်၍ ထာဝရ မှန်ကန် နေမည် တကား ။


လင်းဦး (စိတ်ပညာ)


Monday, March 3, 2008

ဂါထာ မန္တန်

ထေရ၀ါဒ ဗုဒ္ဓသာသနာတော်သည် အကျင့်သာသနာတော် ဖြစ်ပါ၏။ အကျင့်စရဏ ပြဋ္ဌာန်းပါ၏။ အရွတ်သာသနာ မဟုတ်ပါ။ မြတ်စွာဘုရားသည် လောကုတ္တရာ အကျိုးစီးပွား အလို့ငှာ သီလ သမာဓိ ပညာ ကျင့်စဉ်များကို ဟောဖော် ညွှန်ပြတော်မူခဲ့ပါ၏။ စားဝတ်နေရေးနှင့်မကင်းသော လူ့ဘောင်နေ လူသားတို့အနေဖြင့် သမ္မာအာဇီဝ ဘောင်အတွင်းမှ လောကီအကျိုးစီးပွားများကို ဆောင်ကြဉ်းနိုင်စိမ့်သောငှာ သမ္ပဒါတရားလေးပါး၊ သိင်္ဂါလောဝါဒသုတ် စသည့် ကျင့်စဉ်များကို ဖော်ညွှန်းလမ်းပြတော် မူခဲ့ပါသည်။ ဘုရားရှင် ဖော်ညွှန်ပြတော်မူသော တရားနည်းလမ်းများအတိုင်း ကိုယ်တိုင်ကျင့်ကြံအားထုတ်ကြမှသာလျှင် လောကီ လောကုတ္တရာ နှစ်ဖြာအကျိုး ပွားတိုးစည်ဝေနိုင်မည် ဖြစ်ပါ၏။ ထေရ၀ါဒ ဗုဒ္ဓဘာသာတွင် အစဉ်အတိုင်း လျှောက်ရသောလမ်းသာ ရှိပါ၏။ မိမိ၏ ကံ ၊ ဥာဏ် ၊ ၀ီရိယစွမ်းအားတို့ဖြင့် ကျင့်ကြံလျှောက်လှမ်းရသော လမ်းကောင်းလမ်းမှန်သာ ပြဋ္ဌာန်းပါ၏။

ဗုဒ္ဓသာသနာတော်မြတ်အတွင်း ဗုဒ္ဓ၀ါဒ အယောင်ဆောင်လျက် ရောနှောနေသော ၀ါဒများတွင် မန္တရယာန ၀ါဒလည်း ပါသည်။ မန္တရယာန၀ါဒဟူသည် အစွမ်းထက်သော ဂါထာ၊ မန္တန်များကို ရွတ်ဖတ် သရဇ္ဈာယ်ခြင်း အားဖြင့် မိမိ၏ အလိုဆန္ဒများ ပြည့်စုံ ပြီးမြောက်သည်ဟူ၍ ယုံကြည်သောဝါဒ ဖြစ်ပါသည်။ မန္တရ၀ါဒသည် အသံကို အဓိကထား၏။ မန္တန်ကား အသံပင်ဖြစ်၏။ မန္တရ၀ါဒီတို့၏ အလိုအရ မန္တန်ရွတ်ရုံမျှဖြင့် လောကီကောင်းကျိုး အထွေထွေကို ဖြာဝေစေ၏။ လောကုတ္တရာ အကျိုးစီးပွားကိုလည်း ပေးစွမ်းနိုင်၏။ နတ်ပြည်ကို ရောက်စေနိုင်၏။ မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်စေနိုင်၏။ ပြုမိသော မကောင်းကံများ ပပျောက်၏။ ငရဲကျမည့် ဘေးမှ လွတ်၏ဟူ ယုံကြည်ကြသည်။

ထေရ၀ါဒ၏ အလိုအရမူ လောကီအကျိုးစီးပွားကိုလိုသော် သမ္မာအာဇီဝ ဘောင်ဝန်းအတွင်းမှ “ကံ၊ဥာဏ်၊ ၀ီရိယ” တို့ကို ထိထိရောက်ရောက် အသုံးချရန်လို၏။ ငရဲကျမည့်ဘေးမှ လွတ်လိုသော် ဒုစရိုက်မှုများ ရှောင်ကြဉ်ဖို့လို၏။ နတ်ပြည်ရောက်လိုသော် ဒါန၊ သီလ၊ စသည့် ကောင်းမှုတို့ကို ပြုရန်လို၏။ မဂ်ဖိုလ် နိဗ္ဗာန် ရလိုသော် သမထ၊ ဘာဝနာ၊ ၀ိပဿနာ ဘာဝနာ ပွားများရန်လို၏။ ထေရ၀ါဒနှင့် မန္တရ၀ါဒသည် အရှေ့နှင့် အနောက်၊ တောင်နှင့်မြောက်ပမာ ဆန့်ကျင်ကျောခိုင်းလျက် အလှမ်းအတာ ကွာဝေးလှပါ၏။

မန္တရ၀ါဒီတို့က ထေရ၀ါဒ ဗုဒ္ဓဘာသာတွင်လည်း ပရိတ်ကြီး (၁၁)သုတ် စသော မန္တန်များ ရှိသည်ဟု ဝေဖန်ထောက်ပြကြပါ၏။ စင်စစ်သော် ပရိတ်ကြီး (၁၁)သုတ်သည် မန္တန်မဟုတ်ပါ။ မြတ်စွာဘုရားသည် ပရိတ်တော်တို့ကို သတ္တ၀ါတို့၏ ကောင်းကျိုးချမ်းသာအလို့ငှာ ဟောကြားတော် မူခဲ့ပါသည်။ ပရိတ်တော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း၊ နာယူခြင်းတို့ဖြင့် မကောင်းသော ဘေးအန္တရာယ်တို့ကို တားဆီးနိုင်ပြီး ကောင်းကျိုးချမ်းသာ ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည်ဟု ဗုဒ္ဓ၀ါဒီတို့က ယုံကြည်ကြသည်မှာ မှန်ပါ၏။ သို့တစ်စေ ပရိတ်တော်တို့ကို ရွတ်သူတိုင်း ကောင်းကျိုးချမ်းသာ ရစေနိုင်သည်ဟုမူ မြတ်ဗုဒ္ဓက အာမခံတော် မမူပါ။ အတိတ်က အကုသိုလ်ကံ အားကြီးသူများနှင့် ယခုပစ္စုပ္ပန်၌ ကြီးလေးသော အပြစ်ကျူးလွန်သူအနေဖြင့်မူ ပရိတ်ရွတ်ဖတ်ခြင်းအားဖြင့် အကျိုးကို မခံစားရဟု ဆိုပါ၏။ ဤသည်မှာ တရားမျှတ မှန်ကန်သော ကမ္မနိယာမဘက်မှ ခိုင်မြဲတည့်မတ်စွာ ရပ်တည်ထားခြင်းဖြစ်၏။ ကုသိုလ်၊ အကုသိုလ်တို့၏ စွမ်းအင်ကို လျစ်လျူရှု၊ ဥပေက္ခာမပြုခြင်း ဖြစ်၏။ လူ့လောကကို စောင့်ရှောက်သော အတွေးအခေါ်လည်း ဖြစ်၏။

ထေရ၀ါဒ၏ ပရိတ်ရွတ်ဖတ်ခြင်း၊ နာကြားခြင်း စသည်တို့၌ ဖြတ်လမ်း မရှိပါ။ လူပြိန်းကြိုက် မက်လုံး မပါပါ။ ထို့ပြင် ပရိတ်ရွတ်ဖို့သာ လို၏။ သီလ၊ သမာဓိ၊ ပညာ ကျင့်စဉ်များကို ကျင့်ဖို့မလိုဟူသော အယူအဆကို ထူထောင်မထားပေ။ ထေရ၀ါဒ၏ ပရိတ်တော်များအပေါ် သဘောထားပုံ၊ ပရိတ်အသုံးပြုပုံနှင့် မန္တရ၀ါဒ၏ မန္တန်အသုံးပြုပုံ ၊ မန္တန်အပေါ် သဘောထားပုံတို့မှာ များစွာ ခြားနားပါ၏။ များစွာ ဆန့်ကျင်ပါ၏။

ဘာသာရေးကို ခုတုံးလုပ်လျက် အမြတ်ထုတ် ကိုယ်ကျိုးရှာလိုသောသူများသည် လောကီအကျိုးစီးပွားကို အာသာငမ်းငမ်းဖြင့် ဖြတ်လမ်းက ရှာဖွေလျက်ရှိကြသော လောဘသားကောင်များအား ဂါထာမန္တန် ထောင်ချောက်အတွင်း ဆွဲသွင်းလျက် ရှိနေကြပါ၏။ စီးပွားတက်လိုသော် မည်သည့်ဂါထာမန္တန်ကို ရွတ်၊ အမှုအခင်းနိုင်လိုသော် မည်သည့်ဂါထာမန္တန်ကိုရွတ် စသည်ဖြင့် ထေရ၀ါဒ သာသနာထွန်းကားရာ ဤနိုင်ငံတွင် မန္တရ၀ါဒတို့ ဖြန့်ဖြူးကြော်ငြာလျက် ရိှပါသည်။ ဤသို့ဖြင့် ဗြဟ္မဏတို့၏ နတ်မင်းကြီးသုံးပါး၏ သင်္ကေတဖြစ်သော ဥုံ ဥစ္စာစရဏ သမ္ပန္နော ဟူ၍ ဘုရားဂုဏ်တော်ကိုပင် ဖြည့်စွက်ခြင်း၊ နုတ်ပယ်ခြင်း ပြုထားသော ဂါထာမန္တန်များကို ဖန်တီးလျက်ရှိနေကြကုန်၏။ ထေရ၀ါဒ အသိအမြင် မရှိသူတို့ကလည်း ထိုသာသနာ ထိုသာသနာပ ဂါထာမန္တန်တို့ကိုပင် တရှိုက်မက်မက် ဦးထိပ်ရွက်လျက် ရှိနေကြကုန်၏။ မိမိ၏ ကံ၊ ဥာဏ်၊ ၀ီရိယကို ရိုးရိုးသားသားအားကိုးယုံကြည်မှု မရှိတော့ဘဲ သာသနာပ ဂါထာမန္တန်ကိုသာ အားကိုးရာရှာခြင်းသည် ကံ ကံ၏အကျိုးကို လက်လွှတ်လိုက်ခြင်းပင် ဖြစ်ပါ၏။ ကံ ကံ၏ အကျိုးကို လက်လွှတ်လိုက်သည်နှင့် ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် မဟုတ်တော့ပါ။ သာသနာပ ဂါထာမန္တန်များနှင့် ပတ်သက်၍ ဆရာဦးထွန်းအောင်မိုး (ပန်းဘဲတန်း)၏ ရေးသားချက်မှာ များစွာဆင်ခြင်နှလုံးသွင်းစရာ ဖြစ်ပါ၏။ “ပြုလုပ်သော လုပ်ငန်း အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် မိမိ၏ ကံ၊ ဥာဏ်၊ ၀ီရိယများနှင့်သာ သက်ဆိုင်ပါသည်။ လုပ်ငန်းအောင်မြင်ရေး၊ ထီပေါက်ရေး၊ ရာထူးတိုးရေး၊ ချမ်းသာရေး စသည်တို့မှာလည်း မိမိ၏ ကံ၊ သို့မဟုတ် မိမိ၏ ကြိုးစားမှု သို့မဟုတ် မိမိ၏ကံနှင့် ကြိုးစားမှုတို့ကြောင့်သာ ဖြစ်ပေါ်လာနိုင်ပါသည်။ အခြား တစ်စုံတစ်ယောက်က စွမ်းဆောင် မ စ၍ မရနိုင်ပါ။

မြတ်စွာဘုရားရှင်ကလည်း မိမိသည်သာလျှင် မိမိ၏ ကိုးကွယ်ရာဖြစ်၏။ သူတစ်ပါးသည် မိမိ၏ ကိုးကွယ်အားထားရာ အဘယ်မှာ ဖြစ်အံ့နည်းဟု ဓမ္မပဒ၌ အထင်အရှား ဟောကြားတော်မူခဲ့သည်။ ရွတ်ဖတ်ရုံ၊ ဆုတောင်းရုံမျှဖြင့် လိုအင်ဆန္ဒပြည့်မည်၊ နိဗ္ဗာန်သို့ ရောက်နိုင်သည်ဆိုသော မက်လုံးမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါသည်။ သေချာစွာ စဉ်းစားကြည့်ပါက ထိုမက်လုံးများ အမှန်တကယ် ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်ကို သိရှိလာကြပေမည်။ ဆိုလိုသည်မှာ- ရွတ်ဖတ်သရဇ္ဈာယ် ဆုတောင်းရုံမျှဖြင့် လောကီ၊ လောကုတ္တရာ လိုအင်ဆန္ဒမှန်သမျှတို့ ပြည့်စုံမည်ဆိုသော မရေရာသည့် မက်လုံးများကို နားမယောင်ကြရန် ဖြစ်သည်။ မိမိအတွက် အကျိုးတစ်စုံတစ်ရာ မရှိနိုင်သော ဂါထာမန္တန်များကို အချိန်ကုန်ခံ၍ ရွတ်ဆိုမနေကြဘဲ လုပ်သင့် လုပ်ထိုင်သည်များကိုသာ ပြုလုပ်သင့်ကြပါသည်။

လူတွေကလည်း အများအားဖြင့် ဖြတ်လမ်းဖြင့် လာဘ်လာဘကို လိုချင်ကြ၏။ ဖြတ်လမ်းဖြင့် ချက်ချင်း ချမ်းသာချင်ကြ၏။ ဤအချက်ကို အခွင့်ကောင်းယူကာ အချို့သော ဂိုဏ်းဆရာတို့သည် အကျိုးအာနိသင်ကို သားရည်ကျအောင် ရေး၍ မသိသာဖြင့် စီးပွားရေး (လာဘ်လာဘ)အတွက် ဂါထာများကို အသုံးချခဲ့ကြ၏။ ရေးသူကလည်း အမှားအမှန် မသိ၊ လာဘ်လာဘအတွက် ရေးခဲ့သည့်အတိုင်း ရွတ်သူကလည်း အမှားအမှန် မသိ ၊ လာဘ်လာဘအတွက် ရွတ်ကြခြင်း ဖြစ်လေသည်။ ဂိုဏ်းဆရာတို့၏ ဂါထာမန္တန်များမှာ အနက်ပေးလို့ပင် မရပေ။ ပါဋ္ဌိများ စည်းကမ်းမကျ၊ မမှန်သည်ကသာ များလေသည်။ ထင်ရာမြင်ရာ ပေးချင်သလို ပေးမှရသည့် ဂါထာမျိုး ဖြစ်ရုံသာမက ရွတ်ချင်အောင် မက်လုံးပေး၍ ထင်ရာမြင်ရာ အနက်အဓိပ္ပါယ် ရေးသားထားသည်များကိုလည်း တွေ့ရ၏။ ပါဋ္ဌိမမှန်သည့် ဂါထာများကို လာဘ်လာဘအတွက် ရွတ်သူတို့မှာကား အန္တရာယ်ကင်းခြင်း၊ လာဘ်လာဘရွှင်ခြင်း စသော အကျိုးကို ဘယ်နည်းနှင့်မျှ ပေးနိုင်မည် မဟုတ်ပေ။

ဂိုဏ်းဆရာတို့ဂါထာဖြင့် လာဘ်လာဘ ရရှိခဲ့ကြ၍ အတော်အတန် စီးပွားရေးအကွက်ဝင်လာသော် စာရေးဆရာအချို့နှင့် စာအုပ်ထုတ်ဝေသူအချို့ကလည်း ထိုဂါထာများကို ခုရွတ် ခုချက်ချင်း ချမ်းသာတော့မလိုလို ၊ ဂါထာရွတ်နေက လိုတာရပြီး အခြားဘာမျှ လုပ်စရာမလိုတော့သလိုလို၊ လုပ်ချင်ရာလုပ်၊ နေချင်သလိုနေ၊ ဂါထာရွတ်နေက ဘာမှ အန္တရာယ်မဖြစ်နိုင်တော့သလိုလို အကျိုးတွေကို ဆေးကြော်ငြာသလို ဝေေ၀ဆာဆာနှင့် မက်လုံးပေး ရေးသားထုတ်ဝေကြပြန်၏။ မတော် မလျော် မဟုတ်က ဟုတ်က ဂါထာမန္တန်များကို ရေး၍ပင် စီးပွားရှာကြကုန်၏။

လာဘ်လာဘ စီးပွားရေးအတွက် အသုံးချခြင်း ဖြစ်စေကာမူ ထိုဂါထာမန္တန်များ၏ အန္တရာယ်မှာ မသေးလှပါချေ။ ဂါထာအတုများကြောင့် သာသနာပင် ကွယ်သွားနိုင်သည့် အခြေအနေထိ အန္တရာယ် ကြီးမားလှပေသည်။ အဘယ်ကြောင့်ဆိုသော် ရွှေအတု ပေါ်လာခြင်းကြောင့် ရွှေအစစ် ပျောက်ကွယ်ရသကဲ့သို့ ဂါထာအတုများကြောင့် ဘုရားဟောဂါထာအစစ်များ ပျောက်ကွယ်သွားနိုင်ပါသည်။

ငါရေးသည့်စာ စာစောင်မှာ
ပါလျှင် ပြီးစတမ်း ။
ဗုဒ္ဓညွှန်ပြ မြတ်ဓမ္မ
လုံးဝ မစူးစမ်း ။

စည်းစိမ်ဖြိုးအောင် ကျော်ကြားအောင်
ကလောင် လက်သရမ်း ။
အတ္တပြင်းထန် အငြင်းသန်
မီးလျှံ စားသော့သွမ်း ။

လွန်၏ ကျွံ၏ ငါမသိ
အသိ တစ်ဖက်ကန်း ။
ဓမ္မပူဇာ သာသနာ
ဝန်တာကြီးပေစွမ်း ။

ထေရ၀ါဒ ဟောညွှန်ပြ
တိကျ အလယ်လမ်း ။
မတိမ်းစောင်းအောင် သတိဆောင်
ဥာဏ်ရောင် အလင်းတန်း ။
အသိဗလာ ဥာဏ်မပါ
လားရာ အပါယ်လမ်း ။

လွှမ်းခြုံသကာ ၊ အဆိပ်စာကို
မုသာဝါဒ ၊ တံဆိပ်လှနှင့်
ဗန်းပြအဆန်းထွင်၊ ဈေးကွက်တင်သည်
နှင်ပေးဦးတော့ အပါယ်လမ်း ။ ။


လင်းဦး (စိတ်ပညာ)


Tuesday, February 26, 2008

သာသနာတော်သည် အရွတ်သာသနာမဟုတ်ပါ

မြတ်ဗုဒ္ဓ ဆုံးမဟောကြားတော်မူခဲ့သော တရားတော်များ မူရင်းအတိုင်း မကွယ်ပျောက်စေရန် ပထမသင်္ဂါယနာမှသည် ဆဋ္ဌသင်္ဂါယနာအထိ ထေရ်အရှင်တို့ အသက်ပေး၍ လက်ဆင့်ကမ်းထိန်းသိမ်းတော်မူခဲ့ကြသော သုတ်,၀ိနည်း, အဘိဓမ္မာ တရားတော်ဆိုင်ရာများကို ထေရ၀ါဒ သာသနာ ဟု ခေါ်ဆိုကြပါသည်။

ထေရ၀ါဒ သာသနာတော်ကြီးသည် ယခုအခါ နေ၊လကဲ့သို့ ထွန်းပြောင်နေပါလျှက် ထေရ၀ါဒသာသနာကို ကာကွယ်ရန်ဟု အသံကောင်းဟစ်ကာ ဥုံ၊သြောင်းစသည့်အမန်းအမှုတ်၊အရွတ်အဖတ်၊ ဓါတ်ရိုက်ဓါတ်ဆင်၊ဗေဒင်၊ယတြာ၊ဓါတ်ကျသည်ဆိုကာ ဘုရားတည်ခြင်းစသည့် သာသနာနှင့်မဆိုင်သည့် လုပ်ရပ်များသည် သာသနာတွင်းသို့ ၀င်ရောက်ပူးသတ်လျှက်ရှိပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းပေါ်တွင် G-talk ဖြင့်သော်လည်းကောင်း၊ G-mail ဖြင့်လည်းကောင်း၊ massage ပို့၍ မေးမြန်းကြပါသည်။ တစ်ချို့ဆိုလျှင် ထေရ၀ါဒသာသနာကို ကာကွယ်ရန်ဟုဆိုကာ မမှန်ကန်သောနည်းတို့ဖြင့် မည်သို့ပြုလုပ်ရမည်၊ မည်သို့ ရွတ်ဆိုရမည်ဟု တိုက်တွန်းထားသည့် massages များလည်း စာရေးသူထံသို့ ရောက်ရှိလာတတ်ပါသေးသည်။

တစ်နေ့ စာရေးသူ၏ E-mail ကို check လုပ်ကြည့်ရာ E-mail, inbox တွင် ထေရ၀ါဒသာသနာ တည်ရှိဖို့ ဘာ့ကြောင့် အရေးကြီးသနည်း ဟူသော title ဖြင့် မေးလ်တစ်စောင် ၀င်ရောက်လာသည်ကို သိလိုက်ရပါသည်။ ထိုမေးလ်တွင်- အဆိုတော်နီနီဝင်းရွှေ သီဆိုထားသည့် သြောင်း နမော တေ ဗုဒ္ဓါနုဘာဝေန စသည့် စာကြောင်းကို ည(၉)နာရီတွင် ကိုးခေါက်ရွတ်ပြီး၊ ကြေးစည်(၉)ချက်တည်း၍ လည်းကောင်း၊ ည(၁၁)နာရီတွင် (၁၁)ခေါက်ရွတ်ပြီး ကြေးစည်(၁၁)ချက်တီးလျှင် သာသနာဖျက်တွေကို နတ် နဂါး ဂဠုန် စသည်တို့က တိုက်ဖျက်လိမ့်မည်ဖြစ်ကြောင်း ရေးသားထားပါသည်။ သူတို့ ရည်ရွယ်ချက်က “ထေရ၀ါဒသာသနာတော်ကို ကာကွယ်ရန်” ဟူ၍ ဖြစ်သည်။

အမှန်စင်စစ် ဥုံ သြောင်း ခံပြီး ရွတ်ဆိုကာမျှဖြင့် ထေရ၀ါဒသာသနာကို မကာကွယ်နိုင်ပါချေ၊ အဘယ်ကြောင့်နည်းဟူမူ -

(၄၅)၀ါပတ်လုံး မြတ်ဗုဒ္ဓဟောတော်မူခဲ့သော ပိဋကတ်သုံးသွယ်၊နိကာယ်ငါးရပ်တွင် ဥုံ ၊ သြောင်း ဆိုသည့် စာလုံးများကို လုံ့ဝ မတွေ့ခဲ့ရပါ။ ထိုစကားလုံးတို့သည် ဗြဟ္မဏ၀ါဒမှဆင်းသက်လာခဲ့သည့်အရာများဖြစ်ဟန်တူပါသည်။

ထိုတိုက်တွန်းစာပါသည့် E-mailကို Forward လုပ်ကာ ပို့ထားသည်ဖြစ်၍ စာရေးသူနည်းတူ လက်ခံရရှိသောသူများလည်း အများအပြားရှိကြပေမည်။ ထိုသို့ရရှိထားပါက ဥာဏ်ဖြင့် ချင့်၍ယုံကြည်ကြပါရန် သတိပေးလိုက်ရပါသည်။ ထိုမေးလ်၌ ဆိုခဲ့ပြီးသည်အတိုင်း ည(၉)နာရီတွင် (၉)ခေါက်ရွတ်ပြီး ကြေးစည်(၉)ချက်တီး၊ ည(၁၁)နာရီတွင် (၁၁)ခေါက်ရွတ်ပြီး ကြေးစည်(၁၁)ချက်တီးပါက ထေရ၀ါဒသာသနာကို ကာကွယ်နိုင်မည် ဟူသတတ်။ အမှန်စင်စစ် ထေရ၀ါဒသာသနာကို လုံးဝ မကာကွယ်နိင်သည့်အပြင် မည်သည့်အရာမျှလည်း ဖြစ်လာလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်နည်းဟူမူ ဘုရားသာသနာတော်ကြီးသည် အရွတ်သာသနာမဟုတ်၊ အကျင့် သာသနာဖြစ်သောကြောင့် ဖြစ်ပါသည်။ ထေရ၀ါဒစကားလုံးကို တွင်တွင်ကြီး သုံးစွဲကာ သာသနာပြုဆိုသူများသည် မမြင်ရသော အထက်ဆရာကြီးဆိုသူများ၏ အမိန့်အာဏာ ဟုဆိုကာ အရွတ်အဖတ်တို့ဖြင့် လမ်းဆုံးနေကြသည်မှာ စိတ်ပျက်ဖွယ်ရာကောင်းလှပါသည်။ ထေရ၀ါဒ သာသနာတော်ကြီးကို ကာကွယ်ပေးပါမည် ဟု သူခိုးက လူလိုဟစ်ကာ သာသနာတော်ကြီးကို ဖျက်လိုဖျက်ဆီးပြုလုပ်နေကြပါသည်။

တစ်ခါက စာရေးသူတို့မြို့တွင် လောကီအစီအရင်ဘက် ဗေဒင်၊ယတြာချေရာတွင် နာမည်ကြီးသော ဆရာတော်တစ်ပါး ပေါ်ပေါက်ခဲ့ဖူးသည်။ စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး စသည်များ တိုးတက်ကောင်းမွန်စေရေးအတွက် ထိုဆရာတော်၏ လမ်းညွန်ချက်ဖြင့် ဖြတ်လမ်းမှ ဖြေရှင်းလိုကြသောသူများသည် မြတ်ဘုရား၏ တရားတော်များကို ခုတုံးလုပ်ကာ လွဲမှားသောနည်းဖြင့် အသုံးချနေကြသည်မှာ သာသနာတော်အတွက် စိတ်ပျက်ဖွယ်ရာကောင်းလှပါသည်။ ဤ၌ သိသာရန် တင်ပြလိုပေသေးသည်။

တစ်နေ့သ၌ လူတစ်ယောက်သည် ကျောင်းထိုင်ဆရာတော်ကြီးထံသို့ လာရောက်ကာ သူတို့အိမ်၌ အန္တရာယ်ကင်း ပရိတ်တရားတော်နာ ပြုလုပ်ချင်သည့်အတွက် သံဃာတော် ငါးပါး ကြွရောက်ပါရန် လျှောက်ထားပါသည်။ ထိုပင့်လျှောက်ချက်ကို ဆရာတော်ကြီးက လက်ခံခဲ့သဖြင့် လက်ထောက်ဘုန်းကြီးနှင့်တကွ သံဃာတော် (၅)ပါး ထိုအိမ်သို့ သွားရောက်ခဲ့ရသည်။ အိမ်သို့ရောက် သည်နှင့် ဘုရားဆောင်အရှေ့ထိုင်ပြီး ဘုရားရှိခိုးရန်ဘုရားအဆောင်ကို ဖူးမျှော်သောအခါ သာသနာပြင်ပမှ ပုဂ္ဂိုလ်များ၊ တစ်ခြားဘာသာမှ ပုဂ္ဂိုလ်များသည် ဘုရားနှင့်တန်းတူ ပိုင်စိုးပိုင်နင်း နေရာဝင်ယူထားသည်ကို တွေ့ခဲ့ရပါသည်။

ဘုရားအဆောင်ပေါ်တွင် အန်းကုန်း ၊ကွမ်ရင် ၊ ဒူးထောင် ပေါင်ကား ဘိုးမင်းခေါင် ရုပ်ပွား၊ ဗိုက်ပူနံကားး ဖိုးတည်ဘွား၊ ဘိုးဘိုးအောင်စသည့် ရုပ်တုအမျိုးစုံတို့သည် ဘုရားနှင့် တန်းတူနေရာ၌ နေရာယူထားကြသောကြောင့် မည်သည့်ရုပ်တုကို ရှိခိုးရမှန်းမသိ ဖြစ်နေပါသည်။ ထိုရုပ်တုများကို ဘုရားနှင့် တန်းတူ အခွင့်အရေးပေးထားသည့်အတွက် အိမ်ရှင်များ ဘာသာရေးတွင် သဘောတော်ကောင်းလှသည်ဟု ခန့်မှန်းရပါသည်။ ထို့ပြင် ထိုအိမ်ရှင်၏ သဒ္ဓါတရား မည်မျှရှိသည်ကို ဖေါ်ညွန်းထားသကဲ့သို့ လည်း ဖြစ်နေပေသည်။

ဤသို့ဖြင့် သီလယူအပြီးတွင် ပရိတ်တရားချီးမြှင့်ရန် စတင်သောအခါ အိမ်ရှင်က ရွတ်ရမည့် မန္တာန်များနှင့် အစဉ်အတိုင်းရွတ်ရမည့် မန္တာန်များကို သံဃာတော်များအား သင်ကြားပါလေတော့သည်။ သံဃာတော်များ ထိုကဲ့သို့ ရွတ်ဆိုရမည်ကို မည်သူက လမ်းညွန်ထားပါသနည်းဟု စာရေးသူက မေးလိုက်သောအခါ ( )မြို့က ဆရာတော်ကြီးတစ်ပါး၏ လမ်းညွန်ချက် ဖြစ်ပါသည်ဘုရား၊ သူလမ်းညွန်သည့်အတိုင်း ပြုလုပ်လျှင် အောင်မြင်သည်က များပါသည်ဘုရား ဟု ပြန်လည်လျှောက် ထားလာပါသည်။ အော်…….အံ့သြဖွယ်ကောင်းလေစွ၊ လေးသင်္ချေနှင့်ကမ္ဘတစ်သိန်း ပါရမီတွေပြုတော်မူခဲ့သည့် မြတ်ဗုဒ္ဓ၏ တရားတော်များကို ဤမျှဖြင့် တန်ဖိုးဖြတ်လိုက်သည်မှာ ၀မ်းနည်းဖွယ်ကောင်းလေစွ။

ဤသို့ဖြင့် ထိုနာမည်ကြီးဆရာတော်ကြီး၏ လမ်းညွန်ချက်အတိုင်း--

ရှေးဦးစွာ ပရိတ်မရွတ်မီ လက်၌ စိပ်ပုတီးကိုင်ထားရပါသည်။ ပဋ္ဌာန်း(၂၄)ပစ္စည်း တစ်ခေါက်လျှင် ပုတီးတစ်လုံးချ၊ ပုတီးက (၁၀၈)လုံးဆိုတော့ (၂၄)ပစ္စည်း အကြိမ်ပေါင်း (၁၀၈)ကြိမ် ရွတ်ဆိုပေးရပါမည်…..တဲ့ ။ ထိုမျှနှင့်မပြီးသေး….

သမ္ဗုဒ္ဓေ (၂၄)ခေါက်ကို ပုတီးတစ်လုံးနှုန်းနှင့် (၁၀၈) ကြိမ်ရွတ်ဆိုရပါမည် ၊ ထို့ပြင် မေတ္တာသုတ် တစ်ခေါက်ရွတ်ဆိုပြီးလျှင် ပုတီးတစ်လုံးချ ၊ မေတ္တာသုတ်ပေါင်း( ၁၀၈)ကြိမ် ရွတ်ဆိုပေးရဦးပါမည်၊ မင်္ဂလာသုတ်လည်း ထိုနည်းတူ ရွတ်ဆိုပေးရဦးပါမည်။ ထိုစဉ်က ပါးစပ်မှ အမြုပ်ထွက်မတတ် ရွတ်ဆိုခဲ့ရသည်ကို မြင်ယောင် မိပါသည်။ ထိုသို့ ရွတ်ဆိုနေကြစဉ် အိမ်ရှင်များက သံဃာတော်များ၏ မျက်မှောက်၌ နေရကောင်းမှန်းမသိ ၊ သူတို့နှင့် မဆိုင်သလို အိမ်အောက်ထပ်သို့ တစ်ယောက်မကျန် ဆင်းသွားကြလေတော့သည်။

သံဃာတော်များသည် သူတို့ခိုင်းသည့်အတိုင်း ရွတ်ဖတ်ပေးတော်မူနေကြလျှင် သူတို့၏ မဟာကိစ္စကြီး အောင်မြင်နိုင်သည်ဟု ထင်မြင်ယူဆထား၍လားမသိ၊ သံဃာတော်များ ရွတ်ဆိုနေကြသည်ကို လုံးဝနာယူခြင်းမရှိပေ။ အမှန်စင်စစ် ထိုရွတ်ဖတ်ပူဇော်မှုကို လေးစားစွာနာယူမှသာလျှင် ကုသိုလ်ရနိုင်ပါသည်။ သံဃာတော်များ ရွတ်ဖတ်ရုံမျှဖြင့် သူတို့တွင် ကုသိုလ်မရနိုင်သည့်အပြင် ကောင်းသောကံများလည်း ဖန်တီးပေးနိုင်မည်မဟုတ်ချေ။

ထိုနေ့က သူတို့ပြောသော အစီအစဉ်အတိုင်း ရွတ်ဆိုပြီးဆုံးသော်လည်း သံဃာတော်များထံသို့ လာရောက်ခြင်းမရှိကြတော့ပေ။ ပြန်ခါနီးကျမှ လာရောက်နှုတ်ဆက်ကြလေတော့သည်။ ထိုသို့ရွတ်ဆိုရသည်မှာ တစ်ရက်လည်းမဟုတ် သုံးရက်တိုင်တိုင်ပင်ဖြစ်သည်။ နံနက်(၄)နာရီအချိန်တွင် ထိုအိမ်သို့ သံဃာတော်များ ကြွကြရသည်၊ အိမ်သို့ရောက်သည်နှင့် သူတို့၏လမ်းညွန်ချက် မဟာဗျူဟာအတိုင်း စတင်ကာ ရွတ်ဆိုရပါသည်။ အရုဏ်တက်လျှင် အာရုံဆွမ်း ဆက်ကပ်ပါသည်၊ ပြီးလျှင် သူတို့ခိုင်းသည့်အတိုင်းထပ်မံ၍ ရွတ်ကြရပေဦးမည်။ ယင်းသို့ဖြစ်ရခြင်းသည် မည်သည့်အကြောင်းကြောင့်ပါနည်း။ စုံစမ်းသော အခါ အဆိုပါနာမည်ကြီး ဆရာတော်ကြီး၏ လမ်းညွန်ချက်ဖြင့် ထိုဆရာတော်ပြောသည့်အတိုင်း ပြုလုပ်ပေးလျှင် ဆုံးရှုံးတော့မည့် (၃၀၀)ကျော်တန် တိုက်ခန်းလည်း ပြန်လည်ရရှိမည်ဖြစ်သောကြောင့်တည်း။ ရှုံးဆုံးတော့မည့် တိုက်ခန်းကို ပြန်လည်ရလိုမှုကြောင့် သံဃာတော်များကို သူတို့ မညှာမတာ ခိုင်းစားနေကြသည် ၊ ဟု ပြောလျှင် ထိုသူများ ကျေနပ်နိုင်မည် မဟုတ်ချေ။ အမှန်စင်စစ် သူတို့သည် ရတနာသုံးပါးကို ကြည်ညိုသယောင်ယောင်နှင့် သံဃာတော်များကို ခိုင်းစားနေကြခြင်းဖြစ်သည်။ မိမိရလိုမှုတစ်ခုတည်းကိုသာရှေးရှုပြီး ဘုရားမျက်နှာကိုမျှမထောက် အရှက်မရှိ သာသနာကို ခုတုံးလုပ်နေကြခြင်းဖြစ်ပါသည်။ နောက်စုံစမ်းကြည့်သောအခါ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် ထိုမြို့တွင် အလွန်ပေါများစွာရှိနေသည် ဟု သိရပါသည်။ သီလရှင်များကိုပင်လျှင် အလွတ်မပေးကြ ဟု သိရပါသည်။ အကြောင်းသိသော ရဟန်းတော်များ ၊ သီလရှင်များသည် ထိုကဲ့သို့ ပင့်လျှောက်လာလျှင် နောက်နောင် လုံးဝ မလိုက်ကြတော့ချေ။ စာရေးသူတို့အဖွဲ့သည် ကျောင်းမှဆရာတော်ကြီးအား မလွန်ဆန်နိင်သည့်အပြင် ထိုကိစ္စမျိုးကို လုံးဝမသိသောကြောင့် တစ်ကြိမ်တည်းသာ လိုက်သွားရပါသည်။ ယခုအခါ ထိုဆရာတော်ကြီးသည် ပျံလွန်တော်မူပြီ ဖြစ်သောကြောင့် ရဟန်းတော်များ/သီလရှင်များ ထိုအရွတ် အဖတ်ဒုက္ခမှ ကင်းဝေးခဲ့ကြရသည်မှာ ၀မ်းမြောက်ဖွယ် ကောင်းလေစွ။

ဤနေရာတွင် မြတ်ဘုရားသာသနာတော်ကို အရွတ်သာသနာဟု မှတ်ထင်နေ၍လောမသိပေ၊ အမှန်စင်စစ် မြတ်ဘုရားသာသနာတော်သည် အရွတ်သာသနာချည်း မဟုတ်သည့်အပြင် သိရှိရုံမျှဖြင့်လည်း ပန်းတိုင်သို့ မရောက်နိင်ပေ၊ ယနေ့ တစ်ချို့နေရာများတွင် သိရုံမျှဖြင့် တရားရနိုင်သည်ဟု ပြောဆိုဝါဒဖြန့်နေကြသည်ကို သတိထားကြစေလိုပါသည်။ ပန်းတိုင်ရောက်ရှိရန် သီလ ၊ သမာဓိ ၊ ပညာ ၊ မဂ္ဂင် (၈)ပါးအကျင့်လိုအပ်ပါသည်။ သိရုံမျှနှင့်ရနိုင်မည်ဆိုလျှင် သီလ၊သမာဓိ၊ပညာ အကျင့်တရားများကို မြတ်ဘုရား ဟောခဲ့မည်မဟုတ်ပေ။ ထို့ကြောင့်မြတ်စွာဘုရားပွင့်တော်မူလာခြင်းသည် အရွတ်ချည်းအတွက် မဟုတ်တန်ရာ၊ မဂ္ဂင်(၈)တန် အကျင့်လမ်းမှန်ကို ညွန်ပြတော်မူရန်အတွက်သာ ပွင့်တော်မူလာရခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်နည်းဟူမူ၊ မြတ်ဘုရားမပွင့်သော သာသနာပအချိန်တွင် ဒါန ၊ သီလ၊ သမထ ဘာဝနာများ ရှိခဲ့ပါသော်လည်း မြတ်ဘုရားပွင့်တော်မူသောအခါတွင် သတိပဋ္ဌာန် ၀ိပဿနာအကျင့်တရား ပေါ်ပေါက်လာရသောကြောင့်ဖြစ်ပါသည်။

အလျင်းသင့်၍ ဖေါ်ပြလိုပါသေးသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးတွင် ရဟန်းသံဃာတော်များသည် မြတ်ဘုရားအား နောက်ဆုံး အန္တိမပူဇာသဘင် ကျင်းပနိုင်ရန်အတွက် သံဃာတော်အားလုံးကို ပင့်ဖိတ်၍ အစည်းအဝေးပွဲကြီး ကျင်းပကြပါသည်။ ထိုသံဃာတော်များတွင် ရဟန်းတော်(၃)ပါးသည် အစည်းအဝေးခေါ်ရာသို့ ကြွတော်မမူကြချေ၊ သံဃာတော်များသည် ထိုအကြောင်းကို မြတ်ဘုရားအား သွားရောက်လျှောက်ထားကြသောအခါ သိတော်မူလျှက် ရဟန်းတော်များအားလုံးကို သိစေချင်သောကြောင့် ထိုရဟန်းတော် ၃ ပါးကို ခေါ်တော်မူပြီး ‘ ချစ်သားတို့…ရဟန်းတော်များ ပြောတာမှန်ရဲ့လား….’ ဟုမြတ်ဘုရားက မေးတော်မူရာ ‘ မှန်ပါတယ်ဘုရား….တပည့်တော်များ အစည်းအဝေးမလာကြရခြင်းအကြောင်းက ပရိနိဗ္ဗာန်မပြုမီ မြတ်ဘုရားအား မဂ်ဖိုလ်ဖြင့် အမြတ်ဆုံးပူဇော်ကြမယ်လို့ တိုင်ပင်ပြီး တောထဲမှာ မဂ်ဖိုလ်အတွက် ကြိုးစားတရားအားထုတ်နေကြပါတယ်ဘုရား’ ဟု ရဟန်းတော်သုံးပါးက ပြန်လည် လျှောက်ထားကြပါသည်။ ထိုအခါ မြတ်ဘုရားက ‘ သာဓု……သာဓု……သာဓု’ ဟု တရားအားထုတ်နေသော ရဟန်း ၃ ပါးအား ချီးမွမ်းတော်မူလေသည်။ ထိုဖြစ်ရပ်ဖြင့် အကျင့်လမ်းစဉ်မှန်ကန်စွာ ကျင့်သုံးနိုင်ရေးသည် မြတ်ဘုရား၏ အလိုတော်ဖြစ်သည်မှာ ထင်ရှားလှပါသည်။

အချူပ်ဆိုရသော် အရွတ်အဖတ်စသော လိုရင်းမရောက်သည့် လုပ်ရပ်များကို ရပ်တန်းကရပ်ကြပြီး ထေရ၀ါဒနှင့်ကိုက်ညီသော သာသနာပြုလုပ်ငန်းများကို နည်းလမ်းတကျ ပြုလုပ်ကြခြင်းဖြင့် ထေရ၀ါဒသာသနာတော်ကြီးကို ကာကွယ်ကြရန်သာဖြစ်ပါသည်။ ထိုကြောင့် တန်ဖိုးမဖြတ်နိုင်သော ထေရ၀ါဒသာသနာတော်ကို လွဲမှားသောနည်းများဖြင့် မဖျက်ဆီးမိစေကြစေရန် တိုက်တွန်းရေးသားလိုက်ရပါတော့သတည်း

စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း ၊ လွန်မင်းချမ်းသာကြပါစေ

ဦးကောဝိဒ(မြိတ်)

25.2.2008, 2:44PM

Thursday, February 14, 2008

တရားနှင့် တရားသမား

ယနေ့ခေတ်တွင် ၀ိပဿနာရိပ်သာများ များပြားလာသည်။ ရိပ်သာဝင်သော ယောဂီများလည်း များပြားလာသည်။ အရေအတွက် များပြားလာသောအခါ ယင်းအရေအတွက်ထဲမှာ အရည်အချင်းရှိသူတွေလည်း ပါမည်။ စိတ်ဓာတ် အဆင့်အတန်းမြင့်မားသူတွေလည်း ပါမည်။ စိတ်ဓာတ်အဆင့်အတန်း နိမ့်ပါးသူတွေလည်း ပါမည်။

တစ်ခါတွင် ယောဂီတစ်ဦးနှင့် စကားလက်ဆုံကျစဉ် ကျွန်တော်က ရိပ်သာအတွက် စားစရိတ်များကို လှူသော အလှူရှင်တို့ကြောင့်သာ တရားစခန်းဖွင့်လှစ်နိုင်ကြောင်း။ ငွေကြေးမချမ်းသာသောကြောင့် မလှူနိုင်သူတွေချည်း ဆိုလျှင် တရားစခန်းဖွင့်ဖို့ပင် မလွယ်ကြောင်းပြောရာ ထိုယောဂီက “အလှူရှင်တွေကဗျာ လှူသာလှူတာ၊ စခန်းကျတော့ ကျွန်တော်တို့လို ၀င်နိုင်ကြတာ မဟုတ်ဘူး” ဟု ပြန်ပြောပါသည်။

ထိုယောဂီ၏စကားကို အံ့သြစွာ၊ စိတ်မချမ်းမြေ့စွာ နားဖြင့်ဆတ်ဆတ်ကြားရသောအခါ ဘာမျှပြန်၍ ပြောချင်စိတ် မရှိတော့ပါ။ ယောဂီတစ်ဦးကဆိုလျှင် “အိမ်က ၁၀-ရက်ခွာနိုင်တယ်ဆိုတာ တော်ရုံစွန့်လွှတ်မှု မဟုတ်ဘူး။ ပါရမီရှိမှဖြစ်တာ။ ဘုရားဆိုရင် ထီးနန်းကိုတောင် စွန့်သွားတာ” ဟု မအပ်ရာ၊ မနှိုင်းကောင်း နှိုင်ကောင်း ဆက်စပ်ပြောသည်ကို ကိုယ်တိုင်ကြားဖူးပါသည်။

ထိုသို့ စိတ်ဓာတ်ရေးရာအရ၊ အရည်အချင်းအရ ညံ့ဖျင်းသော ယောဂီတို့၏ ထောင်လွှားသော၊ ၀ါကြွားသော အပြောအဆို၊ အပြုအမူများကို ကြားသိရသောအခါ အချို့သည် “၀ိပဿနာတရား”အပေါ်တွင်ပင် သံသယ ၀င်လာကြသည်။ အမှန်တော့ အနှိုင်းမဲ့ ကိုးကွယ်ရာဖြစ်တော်မူသော ဘုရားရှင်သည် ၀ိပဿနာ ကမ္မဋ္ဌာန်းတရား အားထုတ်ပြီး ကိလေသာများ အကြွင်းမဲ့ ကင်းစင်တော်မူ၏။ ဥာဏ်အလင်းရောင်တော် ရတော်မူ၏။ ရဟန္တာထေရ် အရှင်တော်မြတ်ကြီးများကလည်း ၀ိပဿနာတရား အားထုတ်ပြီး ကိလေသာများ ကင်းစင်သွားသည်။ သံသရာဝဋ် ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်သွားသည်။

သို့ဖြစ်၍ ၀ိပဿနာတရားအပေါ် မည်သို့မျှ သံသယ၀င်စရာ မလို။ သို့လော သို့လော တွေးတောဖွယ်မရှိ။ “၀ိပဿနာတရား”နှင့် “ယောဂီ” ကို ခွဲခြား၍ မြင်တတ်ဖို့ လိုပါသည်။ ယောဂီတွေထဲမှာလည်း “အရိုးခံယောဂီ” နှင့် “ဟန်ရေးပြ ယောဂီ”၊ “စာတတ် ပေတတ်ယောဂီ”နှင့် စာမဖတ် ပေမဖတ် ယောဂီ”၊ “ယောဂီအစစ်”နှင့် “ယောဂီအတု”ကို ခွဲခြားသိဖို့လိုသည်။ တရားနှင့် တရားသမားကို ခွဲခြားစွာမြင်ရန်လိုကြောင်း ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က ဤသို့ သတိပေး မိန့်ကြားတော်မူခဲ့ပါ၏။

“............တရားဆိုတာ မကောင်းတာ မရှိဘူးတဲ့။ တရားသမားကသာ မပြည့်စုံရင်တော့ မကောင်းတာရှိမှာပဲ။ တရားသမားဆိုတာကလဲ သူ့အဆင့်နဲ့ သူပဲလေ။ ဘယ်သူက ပြည့်စုံတယ်လို့ ပြောလို့ရမှာလဲ။ ဒါပေမယ့် လောကမှာ များသောအားဖြင့် တရားတွေကိုပဲ မြင်ပြီးတော့ တရားကို မမြင်ဘဲနဲ့ အပြစ်ပြောတတ်တဲ့ လူတွေ ရှိတယ်။ တရားကို တကယ်မြင်သွားပြီဆိုရင် တရားသမားကို သနားရုံပဲ သနားမယ်။ မပြည့်စုံသေးလို့ အပြစ်တော့ မပြောတော့ဘူး”

အခုတကယ်ကို ဒီလို ယောဂီတွေကြောင့် “၀ိပဿနာ”ကို အမြင်တမျိုးမြင်နေကြသဖြင့် ဒီပိုစ့်လေးကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

လင်းဦး ( စိတ်ပညာ )

ဘာသာခြား သာသနာပြု ဗုဒ္ဓဘာသာ ၀င်များ...


မနက်ဖြန် ရုံးမပိတ်ဘူးလား…..၊ ဘာလို့ပိတ်ရမှာလဲ…

ဟင်..မနက်ဖြန် ဖေဖေါ်ဝါရီ ၁၄ ရက် .ချစ်သူများနေ့လေ..ရုံးပိတ်ရမှာပေါ့။

တစ်ရံရော အခါက ပါ…အပြန်အလှန်ပြောခဲ့ရပါတယ်။


အော်..ဗယ်လင်တိုင်း..ဗယ်လင်တိုင်း.နဲ့ အသိဥာဏ်နဲပါး ယောင်ဝါးဝါး ဗုဒ္ဓဘာသာဝင်လူငယ်များရဲ့ နှလုံးသားကို သိမ်းပိုက်သွားခဲ့ပါပြီ။ ဖေဖေါ်ဝါရီ (၁၂) ရက် ပြည်ထောင်စု နေ့ ၊ (၁၃) ရက်နေ့ ကား ကလေးများနေ့ (၀ါ) ဗိုလ်ချုပ်မွေးနေ့ ကိုအမှတ်မရ၊အလေးမထား ကြဘဲ ၊ ဖေဖေါ်ဝါရီ (၁၄) ရက်နေ့ ကို မူကား ဗာလင်တိုင်း ဗာလင်တိုင်း နဲ့ သဲသဲလှုပ်လျက် အကြီးအကျယ်နေရာပေး အရေးတယူပြုနေကြချေပြီ။ ဗာလင်တိုင်း ဆိုသော တိုင်းတစ်ပါး.ဘာသာခြား ယဉ်ကျေးမှု လှိုင်းလုံးကြီး အရှိန်အဟုန် ပြင်းပြင်း ရိုက်ခတ်လွှမ်းမိုးလျက်ရှိနေပါ၏။ အဆိုပါ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ရေး ကို ထိုဗာလင်တိုင်း ဒေး လှုပ်ရှားမှု များက ဂုဏ်ရှိသေးသိမ်စေ၊ မှေးမှန်သွားအောင် စွမ်းဆောင်နေသည်ဟု ယုံကြည်ရပါ၏။

ဗာလင်တိုင်း နေ့ ..ဒါမှမဟုတ် ချစ်သူများနေ့ရယ်လို့ ဘယ်သူကစထွင် လို့ ဘယ်အချိန်မှာ မြန်မာပြည်သို့ ဘယ်သူက အင်ပို့ လုပ်ခဲ့သည်မသိ။

ဗာလင်တိုင်း နေ့ ဆိုပြီး လုပ်ကြတာက အေဒီ ၂၇၀ လောက်က စတယ်လို့ တစ်ချို့က ယုံကြတယ်။ ဗြိတိန်မှာတော့ ၁၇ ရာစု လောက်မှာ စပြီး ထင်ရှားလာတယ်။ ၁၈ ရာစု အစောပိုင်းလောက်မှာ အမေရိကန်တွေ ဗယ်လင်တိုင်းနေ့ ဆိုပြီး လုပ်တယ်။ 1840 AD မှာ Mrs Esther A Howland ဆိုသူ အမျိုးသမီးက ပထမ ဆုံး စီးပွါးဖြစ် ဗယ်လင်တိုင်းကတ် တွေ ထုတ်ရောင်းသတဲ့။ ပိုင်တယ်။ သူ့အဖေက စာရေးကိရိယာ ဆိုင်ပိုင်တော့ သူစလုပ်ပြ ပြီးနောက် အခြားသူတွေ လိုက်လုပ်ကြ၊ ဒီလိုနဲ့ ဗယ်လင်တိုင်း ကတ် လုပ်သူတွေ.ရောင်းသူတွေ စီးပွါးဖြစ်ကြရော့ပေါ့။ စာသင်ကျောင်းတွေ မှာ ကလေးတွေ တောင် ဗိုလ်ချုပ်အောင်ဆန်းကို မသိရင်သာ နေမယ်..ဗာလင်တိုင်း ဗာလင်တိုင်းဆိုပြီး မိဘတွေကိုကတ်တွေဝယ်ခိုင်း ၊အချင်းချင်းအပြန်အလှန်ပေး ကြလို့။

ခရစ်ယာန်အာဇာနည် အများအပြား ကို ဗာလင်တိုင်းလို့ အမည်ပေးကြတယ်။၁၉၆၉ မတိုင်မှီထိ ရိုမင် ကက်သိုလစ် ဘုရားကျောင်းက အသိအမှတ်ပြုတဲ့ ဗာလင်တိုင်းနေ့ ၁၁ နေ့တောင် ရှိပါသတဲ့။ အဲဒီအထဲက ဖေဖေါ်ဝါရီ ၁၄ ရက်နဲ့ ဆက်စပ်ပတ်သက်သူတွေလည်းပါသပေါ့။ ယနေ့မှာတော့ ဗာလင်တိုင်း အမည်ရှိ သူတော်စဉ် အနဲဆုံး သုံးဦးကို အာဇာနည် တွေ အဖြစ် ကက်သိုလစ် တွေက အသိအမှတ်ပြုပါတယ်။

သမိုင်းမတင်တဲ့ ပုံပြင်တွေအဖြစ် တစ်ချို့က ပြောကြတာက..

ရောမ ခေတ် ဧကရာဇ် Claudius လက်ထက်မှာ စစ်ပွဲတွေက တသီတတန်းကြီးဖြစ်။ ကြာတော့ တပ်သားသစ် စုဆောင်းရတာ ခက်ခဲလာ။ သံယောဇဉ် အနှောင်အဖွဲ့ ရှိနေရင် မစွန့်စား.မစွန့်လွှတ်နိုင်၊ ဖယ်မလီလိုက်ဖ် ကိုရှောင်ခွင်းလို့ စင်ဂယ် အဖြစ် နေသားကျပီးသူ ဆို အိုကေ။ ဒီတော့ ချစ်သူစုံတွဲတွေကို အပြစ်မြင်လာ ဆိုရော။ ကောင်မလေးတွေ ကြောင့် ကောင်လေးတွေ
တပ်ထဲမလိုက်တာ၊ သူတို့တွေ ကိုလက်မထပ်ပေး ရ လို့အမိန့်ထုတ်သတဲ့။ အဲဒီ အမိန့်ကို ဖီဆန်အာခံ ပြီး တိတ်တဆိတ်လက်ထပ်ပေး နေသူက တော့ ဗာလင်တိုင်း ဆိုတဲ့ ခရစ်ယာန် ဘုန်းကြီးတစ်ပါး။ ချစ်ရသူနဲ့ ခွဲခွါကွေကွင်း နေတာ
မကြည့်ရက်နိုင်၊ ဘုရင်သိသွားတော့ ၀ရမ်းပြေးဖြစ်။ မပြေးနိုင်တော့ ဖမ်းမိသွား။ အပြစ်ဒဏ်က တော့ ခေါင်းဖြတ်ကွပ်မြစ်စေ ။ ချစ်သူ စုံတွဲတွေ အတွက် ဗာလင်တိုင်းက အာဇာနည် သူရဲကောင်းကြီးဖြစ်လာ ခဲ့တယ်ပေါ့။

နောက် ဗယ်လင်တိုင်း ကတော့ ခရစ်ယာန်ကနေ ဘာသာမပြောင်းဘူးလို့ငြင်းလို့ ၂၆၉ အေဒီ ဖေဖေါ်ဝါရီ ၁၄ မှာအသတ်ခံရသတဲ့။ အေဒီ ၄၉၆ မှာ ပုတ် ဂလေစီယပ်က အာဇာနည်အဖြစ် ဂုဏ်ပြုပြီး ဖေဖေါ်ဝါရီ ၁၄ ကို ဗာလင်တိုင်းနေ့အဖြစ်သတ်မှတ်ပေးခဲ့ တယ်ဆိုတယ်။

အခြားပုံပြင် ကတော့ ဒီလို။ မကြာခဏ အနှိပ်စက်ခံ ညှင်းပန်း ခံနေရတဲ့ ခရစ်ယာန် အကျဉ်းသားတွေကို ရောမတွေ လက်က လွတ်မြောက် အောင် အကူအညီပေးလို့ ဗာလင်တိုင်း အသတ်ခံရ သတဲ့။

နောက် ပုံပြင်လေးက တကယ်တော့ သူအကျဉ်းကျခံ နေရ စဉ် ထောင်မှူး သမီးနဲ့ ချစ်ကြိုက်။ သူ့ကိုတိုင် ဗယ်လင်တိုင်း နုတ်ခွန်းဆက်စကား ပေးပို့ခဲ့ ပါသတဲ့။ မသေခင် ချစ်သူဆီ စာတစ်စောင်ရေးလို့ ။ အဲဒီစာမှ က From Your Valentine လို့ လက်မှတ်ထိုးထားပါသတဲ့။ ရှိစေ။

Saint Velentine ဆိုတဲ့နာမည်က တစ်ခုမက ရှိနေလေတော့ ဘယ်ဗာလင်တိုင်း ကို ရည်၇ွယ်ပြီး ဗာလင်တိုင်းဒေး ဖြစ်လာသလဲ ဆိုတာက ယောင်ဝါးဝါးပါဘဲ။

ရောမ တွေရဲ့ ရှေးဦး သူရဲကောင်းစားရင်းမှာ ဗာလင်တိုင်း ဆိုတဲ့နာမည်မပါရှိခဲ ဘဲ၊ 496 AD ရောက်မှ ပုပ် Gelasius I က ဗာလင်တိုင်းပွဲ ဆိုပြီး ပထမဆုံး ကျင်းပခဲ့တယ်ဆိုတယ်။ ရောမ က ဘုန်းကြီးတစ်ပါး ၊ဒါမှမဟုတ် Ineramna ရဲ့ ဘိရှော့ (ဂိုဏ်းအုပ်)၊ နောက် အာဖရိက ၊ရောမ ပိုင်နယ်ထဲက အာဇာနည် တစ်ယောက် ယောက် ကိုဖေဖေါ်ဝါရီ ၁၄ နှင့်ဆက်စပ်နေတဲ့ Saint Valentine အဖြစ် ဆိုတယ်။

Via Flaminia မှာ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က မြှပ်နှံခြင်းခ့ရတဲ့ ဗာလင်တိုင်း ဆိုတဲ့ နာမည်က လွဲပြီး သူ့အကြောင်း သေသေချာချာ မသိရတဲ့ အတွက် ဗာလင်တိုင်း နေ့ ဆိုပြီးသတ်မှတ်ခဲ့တဲ့ ရောမ ပြက္ခဒိန်၊ ပွဲတော်များ.အမှတ်တရ နေ့ စာရင်းမှ ပယ်ဖျက်ခဲ့တယ်ဆိုတယ်။

ဘယ်လိုပင် အယူအဆတွေ ကွဲပြားနေပါစေ၊ ဗယ်လင်တိုင်းဒေး ဆိုတာ ကရုဏာ၊ အကြင်အနာ တွေ နဲ့ ချစ်သူတွေကိုပေါင်းစည်းနိုင်စေဖို့ အသက်စွန့်ပြီးကူညီခဲ့ တဲ့ ခရစ်ယာန် ဘုန်းကြီး တစ်ပါးကို အာဇာနည်အဖြစ် မှတ်တမ်းတင်၊ ကိုယ့်နည်းကိုယ့်ဟန် ဖြင့် သူ့ကို ဂုဏ်ပြု နေကြတဲ့ ပွဲတစ်ခုဖြစ်နေခဲ့ပြီပဲ မဟုတ်လား။

တကယ်တော့ ချစ်တတ်ကြသူတွေ။ အချစ်ခံချင်ကြသူတွေဟာ မိမိတို့ရဲ့ ရင်တွင်းဆန္ဒ ကို တစ်နည်းနည်းဖြင့် ဖေါ်ထုတ်ချင်ကြတာပါ။ တည့်တည့် တစ်မျိုး၊ သွယ်ဝိုက် ၍ တစ်ဖုံ နည်းမျိုးစုံ ပေါ့လေ။ ယောက်ျားလေးတွေအတွက် စတင်ဖွင့်ပြောဖို့ အခွင့်သာ ကြပေမဲ့ မိန်းကလေး အများစု မှာတော့ ဖွင့်ပြော လာတဲ့သူ တွေထဲက မှ နှစ်သက်ရာ ရွေးချယ် ခွင့် ရတယ်ပြောတယ်။ သူတို့သဘောကျသူတွေ ကို စတင်ဖွင့်ပြော ဖို့က မလွယ်။ အဲဒီအခါမှ ဗယ်လင်တိုင်း ကတ် .ပန်း. ချော့ကလစ်တွေက စကားပြောတတ်လာတော့တယ်။

ခရစ်ယာန် အယူဝါဒ ကိုးကွယ်ယုံကြည်သူများကတော့ ရှိစေ။ လူငယ်များရဲ့ ရင်တွင်း ဆန္ဒကို ထုတ်ဖေါ်ပြောဆိုခွင့်ပြုထားတဲ့ အစဉ်အလာ ကို ယုံကြည်ကိုးကွယ်ရာဘာသာအ လိုက်၊ ရေမြေဒေသ အလိုက် နိုင်ငံ အလိုက် ချစ်သူများနေ့ ဆိုတာ ရှိတတ်ကြပါတယ်။

ဥပမာ..

ရိုမင်နီးယားနိုင်ငံမှာ. Dragobete လို့ခေါ်တဲ့ ချစ်သူတွေအတွက် အစဉ်အလာ အားလပ်ရက်က ဖေဖေါ်ဝါရီ ၂၄ မှာ ကျင်းပတယ်။ မကြာသေးခင်နှစ်များက စပြီး ဖေဖေါ်ဝါရီ ၁၄ ချစ်သူများနေ့ ကိုလုပ်ကြတော့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံကြရပါသတဲ့။ ဘာကြောင့် ကန့်ကွက် ကြပါလိမ့်..နော်..။

ဘရာဖီး မှာတော့ ချစ်သူများနေ့ ကို ဖွန်လ ၁၂ ရက်နေ့မှာကျင်းပ ကြပီး အဲဒီနေ့မှာ ချော့ကလက်၊ ပန်းစည်း တွေနဲ့ လက်ဆောင်တွေ ဖလှယ်ကြတယ်။ ဖေဖေါ်ဝါရီ ၁၄ ကို ချစ်သူများနေ့ အဖြစ် မလုပ်လည်း ဘာမှမဖြစ်။

တောင်ကိုးရီးယား ရဲ့ ချစ်သူများနေ့က Novvember 11 ဖြစ်တယ်။ အဲဒီနေ့မှာ ချစ်လက်ဆောင်တွေ အပြန်အလှန်ပေးကြသပေါ့။ လူလွတ်တွေအတွက် April 14 မှာ လုပ်တဲ့ Black Day ဆိုပြီး ရှိသေးတယ်။

တရုပ်ယဉ်ကျေးမှု မှာတော့ ဗယ်လင်တိုင်းနေ့ လိုမျိုး လပြက္ခဒိန်အရ ၇ နေ့ ရ လ ပိုင်းမှာ လုပ်ကြတယ်။ နွားကျောင်းသားနဲ့ ယက်ကန်းသည် မလေး တို့ ၇ လ ပိုင်း ၇ ရက်နေ့ နတ်ပြည်မှာ ဆုံတွေ့တဲ့ အထိမ်းအမှတ် ပေါ့။ ဂျပန်မှာကျတော့ နေသွားပြက္ခဒိန် အရ ၇ လပိုင်း ၇ ရက်ပိုင်း မှာ ကျင်းပပြီး Tanabata လို့ခေါ်ကြတယ်။ ချော့လစ်တွေ ပေး ၊ ပန်းစည်းလက်ဆောင် တွေပေး၊ ရင်တွင်းက ချစ်ချင်း မေတ္တာ တုန့်ပြန် ဖလှယ် ကြတယ်။

Slovenia ရဲ့ အစဉ်အလာ ချစ်သူများနေ့က 12 March ။

ဂျူးတွေကတော့ အစဉ်အလာအရ AV လရဲ့ 15 ရက်နေ့ က ချစ်သူများနေ့။

ပါရှန် ယဉ်ကျေးမှု အရ အီရန်က ချစ်သူများနေ့က ၂၉ bahman Jalali နေသွားပြက္ခဒိန် အရ ဖေဖေါ်ဝါရီ ၁၇ ရက်လောက် ဖြစ်မယ်။ ဘာသာရေး တင်းကျပ်လှတဲ့ အီရန်မှာ ပါရှန်လူငယ်တွေက ချစ်သူအချင်းချင်း လက်ဆောင်တွေ အပြန်အလှန်ပေး၊ဈျေးဝယ်ထွက် ပြီး လုပ်ကြတယ်။

ဆော်ဒီကတော့ ပြင်းတယ်။ပြတ်တယ်။ ဘာသာရေး ပုလိပ်တွေက ဈေးဆိုင်တွေမှာ ဗာလင်တိုင်း နေ့ အထိမ်းအမှတ်ပစ္စည်းရောင်းချခြင်းကိုတားမြစ်ထားတယ်။ ဘီဘီစီ ဆောင်းပါး တစ်ခုရဲ့ အဆိုအရ ထွက်ပေါက်မပေးဘဲ အတင်းအကျပ် တားမြစ်ထားတဲ့ အတွက် နှင်းဆီပန်းတွေ. လက်ဆောင်ထုတ်တဲ့ ပါကင်စက္ကူတွေ၊ဖဲပြားတွေ ခိုးကြောင်ခိုးဝှက် ရောင်းချ တဲ့ မှောင်ခို ဈေးကွက် ဖြစ်ထွန်းလာခဲ့ပါသတဲ့။

လက်ဆောင်ပေးခြင်း၊ လက်ဆောင် ယူခြင်း ဆိုသည်ကို မိမိ တို့ ဘာသာဘာဝ ဓလေ့ အရ အဓိပ္ပါယ်ဖေါ်ကြပါသေးတယ်။ မြန်မာတွေ က ဇမ္ဗူ ဒီပါ လက်ယာတောင်ကျွန်း နိမိတ် ထွန်း ဆိုသလို ပဲ ထင်ပါရဲ့။

တစ်ချို့နိုင်ငံတွေမှာ မိန်းကလေးက ယောက်ျားလေးရဲ့လက်ဆောင်ကိုလက်ခံ တယ်ဆိုရင် အဲဒါ လက်ထပ်ဖို့ သဘောတူကြောင်း
မှတ်ယူပါသတဲ့။ နောက်ပြီး မိန်းကလေးတစ်ယောက်က ဗယ်လင်တိုင်းနေ့မှာ သပိတ်လွယ်ငှက်တစ်ကောင်းပျံနေတာ မြင်ရင် သူလက်ထပ်ရမဲ့သူက သဘောင်္သားတစ်ယောက်ဖြစ်ရမယ်။ အကယ်၍ စာကလေးတစ်ကောင်ကိုမြင်ရရင်တော့ သူဆင်းရဲတစ်ယောက်နဲ့ ပျော်ရွှင်စွာ ဆုံစည်း ရတတ်ပါသတဲ့။ ရွှေငါးတစ်ကောင် ကိုမြင်ရရင်တော့ သူလက်ထပ်ရမဲ့သူက မိလျံနာ ဆိုပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ ဒီအယူအဆ ကို မြန်မာပြည်ထဲ ဘယ်သူက အရင် Import လုပ်ဦးမည်မသိ။

ကမ္ဘာတစ်လွှား ဗယ်လင်တိုင်းကတ် သန်းတစ်ထောင်လောက် နှစ်တိုင်း ပို့ကြပါသတဲ့။ ရောင်း ရသမျှ ဗယ်လင်တိုင်း ကတ် ၈၅ ရာနုံးလောက်ကို အမျိုးသမီးတွေက ၀ယ်တယ်။ ဟုတ်မှာပါ။ ယောက်ျားလေးတွေထက် မိန်းကလေးတွေ က စိတ်ကူးယဉ်တာများပြီး ချစ်သူ ရည်းစား တွေအများကြီး ထားတာလည်းပါမှာပေါ့။ မြန်မာမလေးတွေ ဆို ရည်းစားတစ်ထောင်..ဘာညာ ဆိုပြီး ဆိုတတ်ကြသေး။ ခရစ်စမတ် ကတ် အပြီး ဒုတိယ အရောင်းရ ဆုံးစံ ချိန် ချိုးနိုင်တယ်။

အရွယ်ရောက်လာသူအများစုမှာ ကြင်ဖေါ်ရှာ ရင်း ရင်တွင်းက မေတ္တာ တရား ဖွင့်ပြဖို့ရာ နည်းလမ်းရှာကြမည်မှာ ဓမ္မတာ။ တားလို့မရနိုင်။ ရှေးခေတ် ဗုဒ္ဓဘာသာဝင်များ အတွက် အချိန်အခါ အလိုက် ကျင်းပတဲ့ ပွဲလန်းသဘင်များမှာ မေတ္တာစိတ်ကို တစ်နည်း နည်းနဲ့ ဖွင့်ထုတ်ဖေါ်ပြကြသည် ချည်းပင်။

ဗုဒ္ဓဘုရားရှင်က လူငယ်တို့၏ ချစ်မှု ရေးရာကို အသိအမှတ်ပြုခဲ့ပါသလော….အိမ်ထောင်ရှင် ဘ၀ ဇနီးမောင်နှံ တို့ရဲ့ ချစ်ခြင်းမေတ္တာကို ရော လစ်လျူရှုခဲ့ပါသလော…….

ပုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေန၀ါ
ဧ၀ံ တံဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ ။

ရှေးရေစက်ကြောင့်- ၀ါ- ရှေးဘ၀များစွာက အတူနေထိုင်ပေါင်းသင်းဆက်ဆံခဲ့ဘူးကြသောကြောင့် ၄င်း၊ ယခု ပစ္စုပ္ပန်လက်ရှိဘ၀မှာ တစ်ဦး အခက်အခဲ ကိုတစ်ဦးက ကူညီဖြေရှင်းပေးကြရင်းဖြင့် ၄င်း မေတ္တာသက်ဝင် ချစ်ခင် စိတ်ထားဖြစ်ပွါးတတ်ကြပါသတဲ့။

လူငယ်တို့ရဲ့ မြင်မြင်ခြင်းပဲ ချစ်မိတယ်.ကြိုက်မိတယ်.ဆိုသောစကား နဲ့ သေတပန် သက်တစ်ဆုံး မက သံသရာ အဆက်ဆက် ပေါင်းရစေ ကြောင်း ဆုပန်ရွယ်။ ရွှေပြောင်ပြောင် တောင်ပေါ်မှာ ဘုရား မယ်နဲ့မောင် သစ္စာထား ပေါင်းရပါစေသား ဆိုသော ကဗျာလင်္ကာ တေးဖွဲ့သီကြူး သည်ကို လွန်အံ့မထင်။

ဘုရားရှင်ရဲ့ အဆုံးအမ.တရားတော်များထဲတွင်..

စန္ဒကိန္နရီ ဇာတ်- ယသော်ဓရာအလောင်း အလျာ ကိန္နရီမလေး က ဘုရားအလောင်းအပေါ် အချစ်ကြီးချစ် .သစ္စာမပျက်ခဲ့ပုံ သာဓက၊ဘုရားအလောင်း မာ တင်္ဂ သူဖုန်းစား ဘ၀ဖြစ်စဉ်က...ဒိဋ္ဌမင်္ဂလိကာ သူဌေးသမီးကိုအရ ယူ အိမ်သူအရာဆောင်နှင်းခဲ့ပုံ။ မဟောသဓါ သုခမိန် သူဌေးသား.ပညာရှိမင်းအမတ် ဖြစ်စဉ်က ..အိမ်သူသက်ထား ဇနီးမယားကောင်း ရ ရေးအတွက် သူဆင်းရဲအသွင် ဖြင့် အပ်ချုပ်သည် အယောင်ဆောင်၊ အမရာ ကို အရ ပိုးခဲ့ပုံ…(လက်သီးဆုပ်ပြ၊ လက်ဝါးဖြန့်ပြ ပညာစမ်း ကြပုံ စသည်..)

နကုလ ပိတု ဂဟပတိ၊ နကုလ မာတာ ၀တ္ထု - ဘုရားရှင်ထံပါး ရင်တွင်းက မေတ္တာတရား ဖွင့်အံလျှောက်ထားပုံကား၊ ယခု ဘ၀၊နောင်ဘ၀၊ မကွဲမကွာ အတူတွဲ အမြဲမြင်တွေ့လိုပါသဖြင့် နည်းလမ်းမေးမြန်း တဲ့ သာဓက။ ဘုရား ရှင်က သူတို့ ရင်တွင်း က ချစ်ခြင်း မေတ္တာနှင့် သစ္စာတရား အလေးထားလို့နည်းလမ်းပေး တရားဟောကြားပေးတော်မူတယ်။

သမဇီဝီသုတ်- လင်မယား မကွဲမကွာ အတူနေရခြင်း အကြောင်း လေးပါး ..(သမသဒ္ဓါ၊ သမသီလ၊ သမစာဂ၊သမ ပညာ)

အထက်ဖေါ်ပြပါ ပါဠိ အဋ္ဌကထာ ဇာတ်နိပါဌ် စသည့် ဆဋ္ဌသင်္ဂါယနာတင် ဗုဒ္ဓကျမ်းစာများတွင် ချစ်ခြင်းမေတ္တာ နှင့်စပ်တဲ့၊ မိန်းမ ပိုးနည်း စသည်..ကို ဖတ်ရှု ရလေသောအခါ..

ဗုဒ္ဓဘုရားရှင်က လူငယ်တို့၏ ချစ်မှုရေးရာကို မပစ်ပယ်. အိမ်ထောင်ရှင် ဇနီးမောင်နှံများ အချစ်ကြီးလို့ ဒီတစ်သက်မက ကမ္ဘာပျက် တိုင်အောင် ပေါင်းသင်းလိုက ပေါင်းသင်းနိုင်ကြပါစေ။ လောက လူ့သဘာဝ၊ဖို နဲ့ မ တဏှာပေမ ချစ်ခြင်း တရားကို နည်းလမ်းမှန်ဖြင့် ခံစားစေ၊ တစ် ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်လျက် သံသရာတဘက်ကမ်း နိဗ္ဗာန် သို့ မောင်နှံနှဖော် အတူယှဉ်တွဲ ကူးခတ်နိုင်စေရန် နည်းပေးလမ်းပြ ဟောဖေါ်ဆိုဆုံးမ ထားခဲ့ပါတယ်။

တောင်ထိပ်ပွဲသဘင်..စသည် တွင် လူ့ငယ်သဘာဝ ပျော်ပါးကြ၊ ယောက်ျားမိန်းမ သမီးရည်းစား ဖြစ် .ချစ်ကြိုက်ကြ၊ ချစ်ခင်ပေါင်းသင် အိမ်ရာထူထောင် ကြသည်မှာ ဘာသာ ဘာဝ လူ့လောက။ ပါရမီ ရင့်ညောင်း သူတော်ကောင်းတို့ အတွက်မူကား စတိတ်ရှိုးကြည့်လျက် ဘာဝနာ ထင် လာပါလိမ့်မယ်။

ဗုဒ္ဓအဆုံးအမ များကား လူ့သဘာဝ နှင့် မဆန့်ကျင်၊ ပါရမီအားလျော်စွာ လူ့သဘော လူ့မနော ကို လိုက်ပြီး၊ နေရာ အချိန်အခါ အားလျော်စွာ မိမိ သူတစ်ပါး နှစ်ပါးစုံ အတွက် ပျော်ရွှင်စေ ကြောင်း နည်းလမ်းကောင်းများ စွာ ရှိကြောင်း ထင်ရှားပါတယ်။လူငယ်များရဲ့ ရင်တွင်းက ချစ်ခြင်းမေတ္တာကို မြန်မာ့ယဉ်ကျေးမှု ဘာသာတရားအဆုံးအမ နှင့် လျော်ညီစွာ ထုတ်ဖေါ်ခွင့်ပြုဖို့ နေ့တစ်နေ့ ကို ချစ်သူများနေ့ အဖြစ် သတ်မှတ်ကျင်းပ ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။

ရိုမေးနီးယား၊ ဂျပန်၊တရုပ်၊ ဘရာဇီး၊ ဆလိုဗေးနီးယား၊ အစ္စရေး..စသည့်နိုင်ငံတွေမှာ သူတို့လူမျိုးဘာသာ ထုံးတမ်းစဉ်လာအရ ချစ်သူများနေ့ ၊ ဒါမှမဟုတ် ထိုနေ့လိုအလားတူနေ့များ ရှိကြပါတယ်။ ထိုသို့ အလားတူ မိမိတို့ အမျိုး၊ဘာသာ၊ ယဉ်ကျေးမှု စရိုက်လက္ခဏာ မပျောက်ပျက်စေဘဲ ကျင်းပ နိုင်မဲ့ မြန်မာ တို့ရဲ့ ချစ်သူများနေ့ ရှိသင့်တယ်လို့ ထင်မြင်မိပါတယ်။

အစွန်းနှစ်ပါးကို ရှောင်တဲ့ အလယ်အလတ်လမ်းစဉ် ကျင့်သုံးတဲ့ ဗုဒ္ဓ၀ါဒ အရ၊ ဗာလင်တိုင်းဒေး ယဉ်ကျေးမှု လူငယ်ထုအတွင်းစိမ့်ဝင်ပြန့်နှံ့လာတာကို ဆော်ဒီလို လုံးဝ ပိတ်ပင်တားမြစ်မှုသည်လည်း အစွန်းတစ်ပါး၊ အနောက်တိုင်း သူတို့ ပုံစံ အတိုင်း ပုံတူကူးချ ကျင့်သုံးနေတာလည်း အစွန်းတစ်ပါး ၊ ထိုအစွန်းနှစ်ပါးကို ရှောင်ပြီး ဗုဒ္ဓါဝဒ အဆုံးအမ အလယ်အလတ်ကျင့်စဉ်အရ၊ ချစ်သူများနေ့ကို မြန်မာမူ မြန်မာဟန် မြန်မာတို့ရဲ့ ဘာသာ ဓလေ့ထုံးစံ မယိုယွင်းစေဘဲ ချစ်သူများနေ့ကို သတ်မှတ်ကျင်းပသင့်ကြောင်း ယူဆမိပါတယ်။

(ခရစ်ယာန်တို့ရဲ့ ဗာလင်တိုင်းဒေး လို)ထိုသို့ အချိန်အခါ တစ်ခု သတ်မှတ်ရန်အတွက်၊ဘာသာ တရားနှင့် ယှဉ်တဲ့ နေ့ထူးနေ့မြတ်များ၊ သို့မဟုတ် လူငယ်များ အတွက် စံထားအတုယူရမဲ့ နိုင်ငံ့ခေါင်းဆောင်များ၏ ချစ်ခြင်းမေတ္တာနှင့်ဆိုင်တဲ့ နေ့ ရက်များကို စဉ်းစားမိပါ တယ်။ ဥပမာ..တန်ဆောင်မုန်းလ ပြည့်နေ့။ သို့မဟုတ် ၀ါဆိုပန်းကပ်တဲ့နေ့၊ သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည်တို့ လက်ထပ်တဲ့နေ့ စသည်…..။ အဲဒီနေ့ တစ်နေ့နေ့ကို အမျှော်အမြင်ရှိတဲ့ လူကြီး၊ လူငယ်များက ဦးစီးလျက် (ပြာသိုလပြည့်နေ့ ကို အမေ နေ့ အဖြစ် ဆရာကြီးဦးသုခ က ဖန်တီးအသက်သွင်းခဲ့ သလို) မြန်မာတို့ ၏ ချစ်သူများနေ့ အဖြစ် သတ်မှတ်ကျင်းပပေးနိုင်မည်ဆိုပါက ဗာလင်တိုင်း ဒေး လို ယဉ်ကျေးမှု အသွင်ဆောင်ထားတဲ့ ဘာသာခြားတို့ရဲ့ဘာသာရေးအယူအဆ စိမ့်ဝင် ပြန့်နှံ့လာမှု ကို အထိုက်အလျောက်ကာနိုင်မှာဖြစ်ပြီး အမျိုးဘာသာ ယဉ်ကျေးမှုများ မပျောက်ပျက် အောင် ကြာရှည်ထိန်းသိမ်း နိုင်ပါလိမ့်မယ်။


သို့မဟုတ်ပါမူ..ဗာလင်တိုင်းဒေးဆိုလျက် ဘာသာခြားတို့ရဲ့ အစဉ်အလာအတိုင်း လက်ခံ ဆက်လက်ကျင့်သုံးနေကြပါမူ၊ ဗုဒ္ဓဘာသာအဆုံးအမ အယူအဆ များ လည်း မှေးမှန်သေးသိမ်လာမယ်။် ကြာလေ အားနည်းလေလေ ဖြစ်မယ်။ ယနေ့မြန်မာလူငယ်များလည်း ဘာသာခြား သာသနာပြု အမည်ခံဗုဒ္ဓဘာသာဝင်များ ဖြစ်မှန်းမသိဖြစ်နေကြပြီး၊ ဗုဒ္ဓဘာသာဝင်ဦးရေ တစ်စ စ လျော့နည်းလာကာ ဗုဒ္ဓအဆုံးအမ များ တစ်စ ကွယ်ပျောက် သွားပေလိမ့်မယ် ဟု ထင်မြင်ယူဆ မိပါကြောင်း ဗာလင်တိုင်းဒေး အမှတ်တရ အဖြစ် ရင်တွင်းဆန္ဒ ကိုထုတ်ဖေါ်ရေးသားလိုက်ရပါ သတည်း………………။


Reference: အင်္ဂုတ္တရ နိကာယ၊ ခုဒ္ဒက နိကာယ၊

www.wikipedia.org/