Tuesday, February 26, 2008

သာသနာတော်သည် အရွတ်သာသနာမဟုတ်ပါ

မြတ်ဗုဒ္ဓ ဆုံးမဟောကြားတော်မူခဲ့သော တရားတော်များ မူရင်းအတိုင်း မကွယ်ပျောက်စေရန် ပထမသင်္ဂါယနာမှသည် ဆဋ္ဌသင်္ဂါယနာအထိ ထေရ်အရှင်တို့ အသက်ပေး၍ လက်ဆင့်ကမ်းထိန်းသိမ်းတော်မူခဲ့ကြသော သုတ်,၀ိနည်း, အဘိဓမ္မာ တရားတော်ဆိုင်ရာများကို ထေရ၀ါဒ သာသနာ ဟု ခေါ်ဆိုကြပါသည်။

ထေရ၀ါဒ သာသနာတော်ကြီးသည် ယခုအခါ နေ၊လကဲ့သို့ ထွန်းပြောင်နေပါလျှက် ထေရ၀ါဒသာသနာကို ကာကွယ်ရန်ဟု အသံကောင်းဟစ်ကာ ဥုံ၊သြောင်းစသည့်အမန်းအမှုတ်၊အရွတ်အဖတ်၊ ဓါတ်ရိုက်ဓါတ်ဆင်၊ဗေဒင်၊ယတြာ၊ဓါတ်ကျသည်ဆိုကာ ဘုရားတည်ခြင်းစသည့် သာသနာနှင့်မဆိုင်သည့် လုပ်ရပ်များသည် သာသနာတွင်းသို့ ၀င်ရောက်ပူးသတ်လျှက်ရှိပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ အွန်လိုင်းပေါ်တွင် G-talk ဖြင့်သော်လည်းကောင်း၊ G-mail ဖြင့်လည်းကောင်း၊ massage ပို့၍ မေးမြန်းကြပါသည်။ တစ်ချို့ဆိုလျှင် ထေရ၀ါဒသာသနာကို ကာကွယ်ရန်ဟုဆိုကာ မမှန်ကန်သောနည်းတို့ဖြင့် မည်သို့ပြုလုပ်ရမည်၊ မည်သို့ ရွတ်ဆိုရမည်ဟု တိုက်တွန်းထားသည့် massages များလည်း စာရေးသူထံသို့ ရောက်ရှိလာတတ်ပါသေးသည်။

တစ်နေ့ စာရေးသူ၏ E-mail ကို check လုပ်ကြည့်ရာ E-mail, inbox တွင် ထေရ၀ါဒသာသနာ တည်ရှိဖို့ ဘာ့ကြောင့် အရေးကြီးသနည်း ဟူသော title ဖြင့် မေးလ်တစ်စောင် ၀င်ရောက်လာသည်ကို သိလိုက်ရပါသည်။ ထိုမေးလ်တွင်- အဆိုတော်နီနီဝင်းရွှေ သီဆိုထားသည့် သြောင်း နမော တေ ဗုဒ္ဓါနုဘာဝေန စသည့် စာကြောင်းကို ည(၉)နာရီတွင် ကိုးခေါက်ရွတ်ပြီး၊ ကြေးစည်(၉)ချက်တည်း၍ လည်းကောင်း၊ ည(၁၁)နာရီတွင် (၁၁)ခေါက်ရွတ်ပြီး ကြေးစည်(၁၁)ချက်တီးလျှင် သာသနာဖျက်တွေကို နတ် နဂါး ဂဠုန် စသည်တို့က တိုက်ဖျက်လိမ့်မည်ဖြစ်ကြောင်း ရေးသားထားပါသည်။ သူတို့ ရည်ရွယ်ချက်က “ထေရ၀ါဒသာသနာတော်ကို ကာကွယ်ရန်” ဟူ၍ ဖြစ်သည်။

အမှန်စင်စစ် ဥုံ သြောင်း ခံပြီး ရွတ်ဆိုကာမျှဖြင့် ထေရ၀ါဒသာသနာကို မကာကွယ်နိုင်ပါချေ၊ အဘယ်ကြောင့်နည်းဟူမူ -

(၄၅)၀ါပတ်လုံး မြတ်ဗုဒ္ဓဟောတော်မူခဲ့သော ပိဋကတ်သုံးသွယ်၊နိကာယ်ငါးရပ်တွင် ဥုံ ၊ သြောင်း ဆိုသည့် စာလုံးများကို လုံ့ဝ မတွေ့ခဲ့ရပါ။ ထိုစကားလုံးတို့သည် ဗြဟ္မဏ၀ါဒမှဆင်းသက်လာခဲ့သည့်အရာများဖြစ်ဟန်တူပါသည်။

ထိုတိုက်တွန်းစာပါသည့် E-mailကို Forward လုပ်ကာ ပို့ထားသည်ဖြစ်၍ စာရေးသူနည်းတူ လက်ခံရရှိသောသူများလည်း အများအပြားရှိကြပေမည်။ ထိုသို့ရရှိထားပါက ဥာဏ်ဖြင့် ချင့်၍ယုံကြည်ကြပါရန် သတိပေးလိုက်ရပါသည်။ ထိုမေးလ်၌ ဆိုခဲ့ပြီးသည်အတိုင်း ည(၉)နာရီတွင် (၉)ခေါက်ရွတ်ပြီး ကြေးစည်(၉)ချက်တီး၊ ည(၁၁)နာရီတွင် (၁၁)ခေါက်ရွတ်ပြီး ကြေးစည်(၁၁)ချက်တီးပါက ထေရ၀ါဒသာသနာကို ကာကွယ်နိုင်မည် ဟူသတတ်။ အမှန်စင်စစ် ထေရ၀ါဒသာသနာကို လုံးဝ မကာကွယ်နိင်သည့်အပြင် မည်သည့်အရာမျှလည်း ဖြစ်လာလိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်နည်းဟူမူ ဘုရားသာသနာတော်ကြီးသည် အရွတ်သာသနာမဟုတ်၊ အကျင့် သာသနာဖြစ်သောကြောင့် ဖြစ်ပါသည်။ ထေရ၀ါဒစကားလုံးကို တွင်တွင်ကြီး သုံးစွဲကာ သာသနာပြုဆိုသူများသည် မမြင်ရသော အထက်ဆရာကြီးဆိုသူများ၏ အမိန့်အာဏာ ဟုဆိုကာ အရွတ်အဖတ်တို့ဖြင့် လမ်းဆုံးနေကြသည်မှာ စိတ်ပျက်ဖွယ်ရာကောင်းလှပါသည်။ ထေရ၀ါဒ သာသနာတော်ကြီးကို ကာကွယ်ပေးပါမည် ဟု သူခိုးက လူလိုဟစ်ကာ သာသနာတော်ကြီးကို ဖျက်လိုဖျက်ဆီးပြုလုပ်နေကြပါသည်။

တစ်ခါက စာရေးသူတို့မြို့တွင် လောကီအစီအရင်ဘက် ဗေဒင်၊ယတြာချေရာတွင် နာမည်ကြီးသော ဆရာတော်တစ်ပါး ပေါ်ပေါက်ခဲ့ဖူးသည်။ စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး စသည်များ တိုးတက်ကောင်းမွန်စေရေးအတွက် ထိုဆရာတော်၏ လမ်းညွန်ချက်ဖြင့် ဖြတ်လမ်းမှ ဖြေရှင်းလိုကြသောသူများသည် မြတ်ဘုရား၏ တရားတော်များကို ခုတုံးလုပ်ကာ လွဲမှားသောနည်းဖြင့် အသုံးချနေကြသည်မှာ သာသနာတော်အတွက် စိတ်ပျက်ဖွယ်ရာကောင်းလှပါသည်။ ဤ၌ သိသာရန် တင်ပြလိုပေသေးသည်။

တစ်နေ့သ၌ လူတစ်ယောက်သည် ကျောင်းထိုင်ဆရာတော်ကြီးထံသို့ လာရောက်ကာ သူတို့အိမ်၌ အန္တရာယ်ကင်း ပရိတ်တရားတော်နာ ပြုလုပ်ချင်သည့်အတွက် သံဃာတော် ငါးပါး ကြွရောက်ပါရန် လျှောက်ထားပါသည်။ ထိုပင့်လျှောက်ချက်ကို ဆရာတော်ကြီးက လက်ခံခဲ့သဖြင့် လက်ထောက်ဘုန်းကြီးနှင့်တကွ သံဃာတော် (၅)ပါး ထိုအိမ်သို့ သွားရောက်ခဲ့ရသည်။ အိမ်သို့ရောက် သည်နှင့် ဘုရားဆောင်အရှေ့ထိုင်ပြီး ဘုရားရှိခိုးရန်ဘုရားအဆောင်ကို ဖူးမျှော်သောအခါ သာသနာပြင်ပမှ ပုဂ္ဂိုလ်များ၊ တစ်ခြားဘာသာမှ ပုဂ္ဂိုလ်များသည် ဘုရားနှင့်တန်းတူ ပိုင်စိုးပိုင်နင်း နေရာဝင်ယူထားသည်ကို တွေ့ခဲ့ရပါသည်။

ဘုရားအဆောင်ပေါ်တွင် အန်းကုန်း ၊ကွမ်ရင် ၊ ဒူးထောင် ပေါင်ကား ဘိုးမင်းခေါင် ရုပ်ပွား၊ ဗိုက်ပူနံကားး ဖိုးတည်ဘွား၊ ဘိုးဘိုးအောင်စသည့် ရုပ်တုအမျိုးစုံတို့သည် ဘုရားနှင့် တန်းတူနေရာ၌ နေရာယူထားကြသောကြောင့် မည်သည့်ရုပ်တုကို ရှိခိုးရမှန်းမသိ ဖြစ်နေပါသည်။ ထိုရုပ်တုများကို ဘုရားနှင့် တန်းတူ အခွင့်အရေးပေးထားသည့်အတွက် အိမ်ရှင်များ ဘာသာရေးတွင် သဘောတော်ကောင်းလှသည်ဟု ခန့်မှန်းရပါသည်။ ထို့ပြင် ထိုအိမ်ရှင်၏ သဒ္ဓါတရား မည်မျှရှိသည်ကို ဖေါ်ညွန်းထားသကဲ့သို့ လည်း ဖြစ်နေပေသည်။

ဤသို့ဖြင့် သီလယူအပြီးတွင် ပရိတ်တရားချီးမြှင့်ရန် စတင်သောအခါ အိမ်ရှင်က ရွတ်ရမည့် မန္တာန်များနှင့် အစဉ်အတိုင်းရွတ်ရမည့် မန္တာန်များကို သံဃာတော်များအား သင်ကြားပါလေတော့သည်။ သံဃာတော်များ ထိုကဲ့သို့ ရွတ်ဆိုရမည်ကို မည်သူက လမ်းညွန်ထားပါသနည်းဟု စာရေးသူက မေးလိုက်သောအခါ ( )မြို့က ဆရာတော်ကြီးတစ်ပါး၏ လမ်းညွန်ချက် ဖြစ်ပါသည်ဘုရား၊ သူလမ်းညွန်သည့်အတိုင်း ပြုလုပ်လျှင် အောင်မြင်သည်က များပါသည်ဘုရား ဟု ပြန်လည်လျှောက် ထားလာပါသည်။ အော်…….အံ့သြဖွယ်ကောင်းလေစွ၊ လေးသင်္ချေနှင့်ကမ္ဘတစ်သိန်း ပါရမီတွေပြုတော်မူခဲ့သည့် မြတ်ဗုဒ္ဓ၏ တရားတော်များကို ဤမျှဖြင့် တန်ဖိုးဖြတ်လိုက်သည်မှာ ၀မ်းနည်းဖွယ်ကောင်းလေစွ။

ဤသို့ဖြင့် ထိုနာမည်ကြီးဆရာတော်ကြီး၏ လမ်းညွန်ချက်အတိုင်း--

ရှေးဦးစွာ ပရိတ်မရွတ်မီ လက်၌ စိပ်ပုတီးကိုင်ထားရပါသည်။ ပဋ္ဌာန်း(၂၄)ပစ္စည်း တစ်ခေါက်လျှင် ပုတီးတစ်လုံးချ၊ ပုတီးက (၁၀၈)လုံးဆိုတော့ (၂၄)ပစ္စည်း အကြိမ်ပေါင်း (၁၀၈)ကြိမ် ရွတ်ဆိုပေးရပါမည်…..တဲ့ ။ ထိုမျှနှင့်မပြီးသေး….

သမ္ဗုဒ္ဓေ (၂၄)ခေါက်ကို ပုတီးတစ်လုံးနှုန်းနှင့် (၁၀၈) ကြိမ်ရွတ်ဆိုရပါမည် ၊ ထို့ပြင် မေတ္တာသုတ် တစ်ခေါက်ရွတ်ဆိုပြီးလျှင် ပုတီးတစ်လုံးချ ၊ မေတ္တာသုတ်ပေါင်း( ၁၀၈)ကြိမ် ရွတ်ဆိုပေးရဦးပါမည်၊ မင်္ဂလာသုတ်လည်း ထိုနည်းတူ ရွတ်ဆိုပေးရဦးပါမည်။ ထိုစဉ်က ပါးစပ်မှ အမြုပ်ထွက်မတတ် ရွတ်ဆိုခဲ့ရသည်ကို မြင်ယောင် မိပါသည်။ ထိုသို့ ရွတ်ဆိုနေကြစဉ် အိမ်ရှင်များက သံဃာတော်များ၏ မျက်မှောက်၌ နေရကောင်းမှန်းမသိ ၊ သူတို့နှင့် မဆိုင်သလို အိမ်အောက်ထပ်သို့ တစ်ယောက်မကျန် ဆင်းသွားကြလေတော့သည်။

သံဃာတော်များသည် သူတို့ခိုင်းသည့်အတိုင်း ရွတ်ဖတ်ပေးတော်မူနေကြလျှင် သူတို့၏ မဟာကိစ္စကြီး အောင်မြင်နိုင်သည်ဟု ထင်မြင်ယူဆထား၍လားမသိ၊ သံဃာတော်များ ရွတ်ဆိုနေကြသည်ကို လုံးဝနာယူခြင်းမရှိပေ။ အမှန်စင်စစ် ထိုရွတ်ဖတ်ပူဇော်မှုကို လေးစားစွာနာယူမှသာလျှင် ကုသိုလ်ရနိုင်ပါသည်။ သံဃာတော်များ ရွတ်ဖတ်ရုံမျှဖြင့် သူတို့တွင် ကုသိုလ်မရနိုင်သည့်အပြင် ကောင်းသောကံများလည်း ဖန်တီးပေးနိုင်မည်မဟုတ်ချေ။

ထိုနေ့က သူတို့ပြောသော အစီအစဉ်အတိုင်း ရွတ်ဆိုပြီးဆုံးသော်လည်း သံဃာတော်များထံသို့ လာရောက်ခြင်းမရှိကြတော့ပေ။ ပြန်ခါနီးကျမှ လာရောက်နှုတ်ဆက်ကြလေတော့သည်။ ထိုသို့ရွတ်ဆိုရသည်မှာ တစ်ရက်လည်းမဟုတ် သုံးရက်တိုင်တိုင်ပင်ဖြစ်သည်။ နံနက်(၄)နာရီအချိန်တွင် ထိုအိမ်သို့ သံဃာတော်များ ကြွကြရသည်၊ အိမ်သို့ရောက်သည်နှင့် သူတို့၏လမ်းညွန်ချက် မဟာဗျူဟာအတိုင်း စတင်ကာ ရွတ်ဆိုရပါသည်။ အရုဏ်တက်လျှင် အာရုံဆွမ်း ဆက်ကပ်ပါသည်၊ ပြီးလျှင် သူတို့ခိုင်းသည့်အတိုင်းထပ်မံ၍ ရွတ်ကြရပေဦးမည်။ ယင်းသို့ဖြစ်ရခြင်းသည် မည်သည့်အကြောင်းကြောင့်ပါနည်း။ စုံစမ်းသော အခါ အဆိုပါနာမည်ကြီး ဆရာတော်ကြီး၏ လမ်းညွန်ချက်ဖြင့် ထိုဆရာတော်ပြောသည့်အတိုင်း ပြုလုပ်ပေးလျှင် ဆုံးရှုံးတော့မည့် (၃၀၀)ကျော်တန် တိုက်ခန်းလည်း ပြန်လည်ရရှိမည်ဖြစ်သောကြောင့်တည်း။ ရှုံးဆုံးတော့မည့် တိုက်ခန်းကို ပြန်လည်ရလိုမှုကြောင့် သံဃာတော်များကို သူတို့ မညှာမတာ ခိုင်းစားနေကြသည် ၊ ဟု ပြောလျှင် ထိုသူများ ကျေနပ်နိုင်မည် မဟုတ်ချေ။ အမှန်စင်စစ် သူတို့သည် ရတနာသုံးပါးကို ကြည်ညိုသယောင်ယောင်နှင့် သံဃာတော်များကို ခိုင်းစားနေကြခြင်းဖြစ်သည်။ မိမိရလိုမှုတစ်ခုတည်းကိုသာရှေးရှုပြီး ဘုရားမျက်နှာကိုမျှမထောက် အရှက်မရှိ သာသနာကို ခုတုံးလုပ်နေကြခြင်းဖြစ်ပါသည်။ နောက်စုံစမ်းကြည့်သောအခါ ထိုကဲ့သို့သော ဖြစ်ရပ်မျိုးသည် ထိုမြို့တွင် အလွန်ပေါများစွာရှိနေသည် ဟု သိရပါသည်။ သီလရှင်များကိုပင်လျှင် အလွတ်မပေးကြ ဟု သိရပါသည်။ အကြောင်းသိသော ရဟန်းတော်များ ၊ သီလရှင်များသည် ထိုကဲ့သို့ ပင့်လျှောက်လာလျှင် နောက်နောင် လုံးဝ မလိုက်ကြတော့ချေ။ စာရေးသူတို့အဖွဲ့သည် ကျောင်းမှဆရာတော်ကြီးအား မလွန်ဆန်နိင်သည့်အပြင် ထိုကိစ္စမျိုးကို လုံးဝမသိသောကြောင့် တစ်ကြိမ်တည်းသာ လိုက်သွားရပါသည်။ ယခုအခါ ထိုဆရာတော်ကြီးသည် ပျံလွန်တော်မူပြီ ဖြစ်သောကြောင့် ရဟန်းတော်များ/သီလရှင်များ ထိုအရွတ် အဖတ်ဒုက္ခမှ ကင်းဝေးခဲ့ကြရသည်မှာ ၀မ်းမြောက်ဖွယ် ကောင်းလေစွ။

ဤနေရာတွင် မြတ်ဘုရားသာသနာတော်ကို အရွတ်သာသနာဟု မှတ်ထင်နေ၍လောမသိပေ၊ အမှန်စင်စစ် မြတ်ဘုရားသာသနာတော်သည် အရွတ်သာသနာချည်း မဟုတ်သည့်အပြင် သိရှိရုံမျှဖြင့်လည်း ပန်းတိုင်သို့ မရောက်နိင်ပေ၊ ယနေ့ တစ်ချို့နေရာများတွင် သိရုံမျှဖြင့် တရားရနိုင်သည်ဟု ပြောဆိုဝါဒဖြန့်နေကြသည်ကို သတိထားကြစေလိုပါသည်။ ပန်းတိုင်ရောက်ရှိရန် သီလ ၊ သမာဓိ ၊ ပညာ ၊ မဂ္ဂင် (၈)ပါးအကျင့်လိုအပ်ပါသည်။ သိရုံမျှနှင့်ရနိုင်မည်ဆိုလျှင် သီလ၊သမာဓိ၊ပညာ အကျင့်တရားများကို မြတ်ဘုရား ဟောခဲ့မည်မဟုတ်ပေ။ ထို့ကြောင့်မြတ်စွာဘုရားပွင့်တော်မူလာခြင်းသည် အရွတ်ချည်းအတွက် မဟုတ်တန်ရာ၊ မဂ္ဂင်(၈)တန် အကျင့်လမ်းမှန်ကို ညွန်ပြတော်မူရန်အတွက်သာ ပွင့်တော်မူလာရခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်နည်းဟူမူ၊ မြတ်ဘုရားမပွင့်သော သာသနာပအချိန်တွင် ဒါန ၊ သီလ၊ သမထ ဘာဝနာများ ရှိခဲ့ပါသော်လည်း မြတ်ဘုရားပွင့်တော်မူသောအခါတွင် သတိပဋ္ဌာန် ၀ိပဿနာအကျင့်တရား ပေါ်ပေါက်လာရသောကြောင့်ဖြစ်ပါသည်။

အလျင်းသင့်၍ ဖေါ်ပြလိုပါသေးသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံခါနီးတွင် ရဟန်းသံဃာတော်များသည် မြတ်ဘုရားအား နောက်ဆုံး အန္တိမပူဇာသဘင် ကျင်းပနိုင်ရန်အတွက် သံဃာတော်အားလုံးကို ပင့်ဖိတ်၍ အစည်းအဝေးပွဲကြီး ကျင်းပကြပါသည်။ ထိုသံဃာတော်များတွင် ရဟန်းတော်(၃)ပါးသည် အစည်းအဝေးခေါ်ရာသို့ ကြွတော်မမူကြချေ၊ သံဃာတော်များသည် ထိုအကြောင်းကို မြတ်ဘုရားအား သွားရောက်လျှောက်ထားကြသောအခါ သိတော်မူလျှက် ရဟန်းတော်များအားလုံးကို သိစေချင်သောကြောင့် ထိုရဟန်းတော် ၃ ပါးကို ခေါ်တော်မူပြီး ‘ ချစ်သားတို့…ရဟန်းတော်များ ပြောတာမှန်ရဲ့လား….’ ဟုမြတ်ဘုရားက မေးတော်မူရာ ‘ မှန်ပါတယ်ဘုရား….တပည့်တော်များ အစည်းအဝေးမလာကြရခြင်းအကြောင်းက ပရိနိဗ္ဗာန်မပြုမီ မြတ်ဘုရားအား မဂ်ဖိုလ်ဖြင့် အမြတ်ဆုံးပူဇော်ကြမယ်လို့ တိုင်ပင်ပြီး တောထဲမှာ မဂ်ဖိုလ်အတွက် ကြိုးစားတရားအားထုတ်နေကြပါတယ်ဘုရား’ ဟု ရဟန်းတော်သုံးပါးက ပြန်လည် လျှောက်ထားကြပါသည်။ ထိုအခါ မြတ်ဘုရားက ‘ သာဓု……သာဓု……သာဓု’ ဟု တရားအားထုတ်နေသော ရဟန်း ၃ ပါးအား ချီးမွမ်းတော်မူလေသည်။ ထိုဖြစ်ရပ်ဖြင့် အကျင့်လမ်းစဉ်မှန်ကန်စွာ ကျင့်သုံးနိုင်ရေးသည် မြတ်ဘုရား၏ အလိုတော်ဖြစ်သည်မှာ ထင်ရှားလှပါသည်။

အချူပ်ဆိုရသော် အရွတ်အဖတ်စသော လိုရင်းမရောက်သည့် လုပ်ရပ်များကို ရပ်တန်းကရပ်ကြပြီး ထေရ၀ါဒနှင့်ကိုက်ညီသော သာသနာပြုလုပ်ငန်းများကို နည်းလမ်းတကျ ပြုလုပ်ကြခြင်းဖြင့် ထေရ၀ါဒသာသနာတော်ကြီးကို ကာကွယ်ကြရန်သာဖြစ်ပါသည်။ ထိုကြောင့် တန်ဖိုးမဖြတ်နိုင်သော ထေရ၀ါဒသာသနာတော်ကို လွဲမှားသောနည်းများဖြင့် မဖျက်ဆီးမိစေကြစေရန် တိုက်တွန်းရေးသားလိုက်ရပါတော့သတည်း

စိတ်နေသန့်ရှင်း ၊ ဘေးရန်ကင်း ၊ လွန်မင်းချမ်းသာကြပါစေ

ဦးကောဝိဒ(မြိတ်)

25.2.2008, 2:44PM

Thursday, February 14, 2008

တရားနှင့် တရားသမား

ယနေ့ခေတ်တွင် ၀ိပဿနာရိပ်သာများ များပြားလာသည်။ ရိပ်သာဝင်သော ယောဂီများလည်း များပြားလာသည်။ အရေအတွက် များပြားလာသောအခါ ယင်းအရေအတွက်ထဲမှာ အရည်အချင်းရှိသူတွေလည်း ပါမည်။ စိတ်ဓာတ် အဆင့်အတန်းမြင့်မားသူတွေလည်း ပါမည်။ စိတ်ဓာတ်အဆင့်အတန်း နိမ့်ပါးသူတွေလည်း ပါမည်။

တစ်ခါတွင် ယောဂီတစ်ဦးနှင့် စကားလက်ဆုံကျစဉ် ကျွန်တော်က ရိပ်သာအတွက် စားစရိတ်များကို လှူသော အလှူရှင်တို့ကြောင့်သာ တရားစခန်းဖွင့်လှစ်နိုင်ကြောင်း။ ငွေကြေးမချမ်းသာသောကြောင့် မလှူနိုင်သူတွေချည်း ဆိုလျှင် တရားစခန်းဖွင့်ဖို့ပင် မလွယ်ကြောင်းပြောရာ ထိုယောဂီက “အလှူရှင်တွေကဗျာ လှူသာလှူတာ၊ စခန်းကျတော့ ကျွန်တော်တို့လို ၀င်နိုင်ကြတာ မဟုတ်ဘူး” ဟု ပြန်ပြောပါသည်။

ထိုယောဂီ၏စကားကို အံ့သြစွာ၊ စိတ်မချမ်းမြေ့စွာ နားဖြင့်ဆတ်ဆတ်ကြားရသောအခါ ဘာမျှပြန်၍ ပြောချင်စိတ် မရှိတော့ပါ။ ယောဂီတစ်ဦးကဆိုလျှင် “အိမ်က ၁၀-ရက်ခွာနိုင်တယ်ဆိုတာ တော်ရုံစွန့်လွှတ်မှု မဟုတ်ဘူး။ ပါရမီရှိမှဖြစ်တာ။ ဘုရားဆိုရင် ထီးနန်းကိုတောင် စွန့်သွားတာ” ဟု မအပ်ရာ၊ မနှိုင်းကောင်း နှိုင်ကောင်း ဆက်စပ်ပြောသည်ကို ကိုယ်တိုင်ကြားဖူးပါသည်။

ထိုသို့ စိတ်ဓာတ်ရေးရာအရ၊ အရည်အချင်းအရ ညံ့ဖျင်းသော ယောဂီတို့၏ ထောင်လွှားသော၊ ၀ါကြွားသော အပြောအဆို၊ အပြုအမူများကို ကြားသိရသောအခါ အချို့သည် “၀ိပဿနာတရား”အပေါ်တွင်ပင် သံသယ ၀င်လာကြသည်။ အမှန်တော့ အနှိုင်းမဲ့ ကိုးကွယ်ရာဖြစ်တော်မူသော ဘုရားရှင်သည် ၀ိပဿနာ ကမ္မဋ္ဌာန်းတရား အားထုတ်ပြီး ကိလေသာများ အကြွင်းမဲ့ ကင်းစင်တော်မူ၏။ ဥာဏ်အလင်းရောင်တော် ရတော်မူ၏။ ရဟန္တာထေရ် အရှင်တော်မြတ်ကြီးများကလည်း ၀ိပဿနာတရား အားထုတ်ပြီး ကိလေသာများ ကင်းစင်သွားသည်။ သံသရာဝဋ် ဆင်းရဲမှ အပြီးတိုင် လွတ်မြောက်သွားသည်။

သို့ဖြစ်၍ ၀ိပဿနာတရားအပေါ် မည်သို့မျှ သံသယ၀င်စရာ မလို။ သို့လော သို့လော တွေးတောဖွယ်မရှိ။ “၀ိပဿနာတရား”နှင့် “ယောဂီ” ကို ခွဲခြား၍ မြင်တတ်ဖို့ လိုပါသည်။ ယောဂီတွေထဲမှာလည်း “အရိုးခံယောဂီ” နှင့် “ဟန်ရေးပြ ယောဂီ”၊ “စာတတ် ပေတတ်ယောဂီ”နှင့် စာမဖတ် ပေမဖတ် ယောဂီ”၊ “ယောဂီအစစ်”နှင့် “ယောဂီအတု”ကို ခွဲခြားသိဖို့လိုသည်။ တရားနှင့် တရားသမားကို ခွဲခြားစွာမြင်ရန်လိုကြောင်း ဓမ္မဒူတ အရှင်ဆေကိန္ဒဆရာတော်က ဤသို့ သတိပေး မိန့်ကြားတော်မူခဲ့ပါ၏။

“............တရားဆိုတာ မကောင်းတာ မရှိဘူးတဲ့။ တရားသမားကသာ မပြည့်စုံရင်တော့ မကောင်းတာရှိမှာပဲ။ တရားသမားဆိုတာကလဲ သူ့အဆင့်နဲ့ သူပဲလေ။ ဘယ်သူက ပြည့်စုံတယ်လို့ ပြောလို့ရမှာလဲ။ ဒါပေမယ့် လောကမှာ များသောအားဖြင့် တရားတွေကိုပဲ မြင်ပြီးတော့ တရားကို မမြင်ဘဲနဲ့ အပြစ်ပြောတတ်တဲ့ လူတွေ ရှိတယ်။ တရားကို တကယ်မြင်သွားပြီဆိုရင် တရားသမားကို သနားရုံပဲ သနားမယ်။ မပြည့်စုံသေးလို့ အပြစ်တော့ မပြောတော့ဘူး”

အခုတကယ်ကို ဒီလို ယောဂီတွေကြောင့် “၀ိပဿနာ”ကို အမြင်တမျိုးမြင်နေကြသဖြင့် ဒီပိုစ့်လေးကို ရေးသားလိုက်ရခြင်း ဖြစ်ပါသည်။

လင်းဦး ( စိတ်ပညာ )

ဘာသာခြား သာသနာပြု ဗုဒ္ဓဘာသာ ၀င်များ...


မနက်ဖြန် ရုံးမပိတ်ဘူးလား…..၊ ဘာလို့ပိတ်ရမှာလဲ…

ဟင်..မနက်ဖြန် ဖေဖေါ်ဝါရီ ၁၄ ရက် .ချစ်သူများနေ့လေ..ရုံးပိတ်ရမှာပေါ့။

တစ်ရံရော အခါက ပါ…အပြန်အလှန်ပြောခဲ့ရပါတယ်။


အော်..ဗယ်လင်တိုင်း..ဗယ်လင်တိုင်း.နဲ့ အသိဥာဏ်နဲပါး ယောင်ဝါးဝါး ဗုဒ္ဓဘာသာဝင်လူငယ်များရဲ့ နှလုံးသားကို သိမ်းပိုက်သွားခဲ့ပါပြီ။ ဖေဖေါ်ဝါရီ (၁၂) ရက် ပြည်ထောင်စု နေ့ ၊ (၁၃) ရက်နေ့ ကား ကလေးများနေ့ (၀ါ) ဗိုလ်ချုပ်မွေးနေ့ ကိုအမှတ်မရ၊အလေးမထား ကြဘဲ ၊ ဖေဖေါ်ဝါရီ (၁၄) ရက်နေ့ ကို မူကား ဗာလင်တိုင်း ဗာလင်တိုင်း နဲ့ သဲသဲလှုပ်လျက် အကြီးအကျယ်နေရာပေး အရေးတယူပြုနေကြချေပြီ။ ဗာလင်တိုင်း ဆိုသော တိုင်းတစ်ပါး.ဘာသာခြား ယဉ်ကျေးမှု လှိုင်းလုံးကြီး အရှိန်အဟုန် ပြင်းပြင်း ရိုက်ခတ်လွှမ်းမိုးလျက်ရှိနေပါ၏။ အဆိုပါ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့် ရှောက်ရေး ကို ထိုဗာလင်တိုင်း ဒေး လှုပ်ရှားမှု များက ဂုဏ်ရှိသေးသိမ်စေ၊ မှေးမှန်သွားအောင် စွမ်းဆောင်နေသည်ဟု ယုံကြည်ရပါ၏။

ဗာလင်တိုင်း နေ့ ..ဒါမှမဟုတ် ချစ်သူများနေ့ရယ်လို့ ဘယ်သူကစထွင် လို့ ဘယ်အချိန်မှာ မြန်မာပြည်သို့ ဘယ်သူက အင်ပို့ လုပ်ခဲ့သည်မသိ။

ဗာလင်တိုင်း နေ့ ဆိုပြီး လုပ်ကြတာက အေဒီ ၂၇၀ လောက်က စတယ်လို့ တစ်ချို့က ယုံကြတယ်။ ဗြိတိန်မှာတော့ ၁၇ ရာစု လောက်မှာ စပြီး ထင်ရှားလာတယ်။ ၁၈ ရာစု အစောပိုင်းလောက်မှာ အမေရိကန်တွေ ဗယ်လင်တိုင်းနေ့ ဆိုပြီး လုပ်တယ်။ 1840 AD မှာ Mrs Esther A Howland ဆိုသူ အမျိုးသမီးက ပထမ ဆုံး စီးပွါးဖြစ် ဗယ်လင်တိုင်းကတ် တွေ ထုတ်ရောင်းသတဲ့။ ပိုင်တယ်။ သူ့အဖေက စာရေးကိရိယာ ဆိုင်ပိုင်တော့ သူစလုပ်ပြ ပြီးနောက် အခြားသူတွေ လိုက်လုပ်ကြ၊ ဒီလိုနဲ့ ဗယ်လင်တိုင်း ကတ် လုပ်သူတွေ.ရောင်းသူတွေ စီးပွါးဖြစ်ကြရော့ပေါ့။ စာသင်ကျောင်းတွေ မှာ ကလေးတွေ တောင် ဗိုလ်ချုပ်အောင်ဆန်းကို မသိရင်သာ နေမယ်..ဗာလင်တိုင်း ဗာလင်တိုင်းဆိုပြီး မိဘတွေကိုကတ်တွေဝယ်ခိုင်း ၊အချင်းချင်းအပြန်အလှန်ပေး ကြလို့။

ခရစ်ယာန်အာဇာနည် အများအပြား ကို ဗာလင်တိုင်းလို့ အမည်ပေးကြတယ်။၁၉၆၉ မတိုင်မှီထိ ရိုမင် ကက်သိုလစ် ဘုရားကျောင်းက အသိအမှတ်ပြုတဲ့ ဗာလင်တိုင်းနေ့ ၁၁ နေ့တောင် ရှိပါသတဲ့။ အဲဒီအထဲက ဖေဖေါ်ဝါရီ ၁၄ ရက်နဲ့ ဆက်စပ်ပတ်သက်သူတွေလည်းပါသပေါ့။ ယနေ့မှာတော့ ဗာလင်တိုင်း အမည်ရှိ သူတော်စဉ် အနဲဆုံး သုံးဦးကို အာဇာနည် တွေ အဖြစ် ကက်သိုလစ် တွေက အသိအမှတ်ပြုပါတယ်။

သမိုင်းမတင်တဲ့ ပုံပြင်တွေအဖြစ် တစ်ချို့က ပြောကြတာက..

ရောမ ခေတ် ဧကရာဇ် Claudius လက်ထက်မှာ စစ်ပွဲတွေက တသီတတန်းကြီးဖြစ်။ ကြာတော့ တပ်သားသစ် စုဆောင်းရတာ ခက်ခဲလာ။ သံယောဇဉ် အနှောင်အဖွဲ့ ရှိနေရင် မစွန့်စား.မစွန့်လွှတ်နိုင်၊ ဖယ်မလီလိုက်ဖ် ကိုရှောင်ခွင်းလို့ စင်ဂယ် အဖြစ် နေသားကျပီးသူ ဆို အိုကေ။ ဒီတော့ ချစ်သူစုံတွဲတွေကို အပြစ်မြင်လာ ဆိုရော။ ကောင်မလေးတွေ ကြောင့် ကောင်လေးတွေ
တပ်ထဲမလိုက်တာ၊ သူတို့တွေ ကိုလက်မထပ်ပေး ရ လို့အမိန့်ထုတ်သတဲ့။ အဲဒီ အမိန့်ကို ဖီဆန်အာခံ ပြီး တိတ်တဆိတ်လက်ထပ်ပေး နေသူက တော့ ဗာလင်တိုင်း ဆိုတဲ့ ခရစ်ယာန် ဘုန်းကြီးတစ်ပါး။ ချစ်ရသူနဲ့ ခွဲခွါကွေကွင်း နေတာ
မကြည့်ရက်နိုင်၊ ဘုရင်သိသွားတော့ ၀ရမ်းပြေးဖြစ်။ မပြေးနိုင်တော့ ဖမ်းမိသွား။ အပြစ်ဒဏ်က တော့ ခေါင်းဖြတ်ကွပ်မြစ်စေ ။ ချစ်သူ စုံတွဲတွေ အတွက် ဗာလင်တိုင်းက အာဇာနည် သူရဲကောင်းကြီးဖြစ်လာ ခဲ့တယ်ပေါ့။

နောက် ဗယ်လင်တိုင်း ကတော့ ခရစ်ယာန်ကနေ ဘာသာမပြောင်းဘူးလို့ငြင်းလို့ ၂၆၉ အေဒီ ဖေဖေါ်ဝါရီ ၁၄ မှာအသတ်ခံရသတဲ့။ အေဒီ ၄၉၆ မှာ ပုတ် ဂလေစီယပ်က အာဇာနည်အဖြစ် ဂုဏ်ပြုပြီး ဖေဖေါ်ဝါရီ ၁၄ ကို ဗာလင်တိုင်းနေ့အဖြစ်သတ်မှတ်ပေးခဲ့ တယ်ဆိုတယ်။

အခြားပုံပြင် ကတော့ ဒီလို။ မကြာခဏ အနှိပ်စက်ခံ ညှင်းပန်း ခံနေရတဲ့ ခရစ်ယာန် အကျဉ်းသားတွေကို ရောမတွေ လက်က လွတ်မြောက် အောင် အကူအညီပေးလို့ ဗာလင်တိုင်း အသတ်ခံရ သတဲ့။

နောက် ပုံပြင်လေးက တကယ်တော့ သူအကျဉ်းကျခံ နေရ စဉ် ထောင်မှူး သမီးနဲ့ ချစ်ကြိုက်။ သူ့ကိုတိုင် ဗယ်လင်တိုင်း နုတ်ခွန်းဆက်စကား ပေးပို့ခဲ့ ပါသတဲ့။ မသေခင် ချစ်သူဆီ စာတစ်စောင်ရေးလို့ ။ အဲဒီစာမှ က From Your Valentine လို့ လက်မှတ်ထိုးထားပါသတဲ့။ ရှိစေ။

Saint Velentine ဆိုတဲ့နာမည်က တစ်ခုမက ရှိနေလေတော့ ဘယ်ဗာလင်တိုင်း ကို ရည်၇ွယ်ပြီး ဗာလင်တိုင်းဒေး ဖြစ်လာသလဲ ဆိုတာက ယောင်ဝါးဝါးပါဘဲ။

ရောမ တွေရဲ့ ရှေးဦး သူရဲကောင်းစားရင်းမှာ ဗာလင်တိုင်း ဆိုတဲ့နာမည်မပါရှိခဲ ဘဲ၊ 496 AD ရောက်မှ ပုပ် Gelasius I က ဗာလင်တိုင်းပွဲ ဆိုပြီး ပထမဆုံး ကျင်းပခဲ့တယ်ဆိုတယ်။ ရောမ က ဘုန်းကြီးတစ်ပါး ၊ဒါမှမဟုတ် Ineramna ရဲ့ ဘိရှော့ (ဂိုဏ်းအုပ်)၊ နောက် အာဖရိက ၊ရောမ ပိုင်နယ်ထဲက အာဇာနည် တစ်ယောက် ယောက် ကိုဖေဖေါ်ဝါရီ ၁၄ နှင့်ဆက်စပ်နေတဲ့ Saint Valentine အဖြစ် ဆိုတယ်။

Via Flaminia မှာ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့က မြှပ်နှံခြင်းခ့ရတဲ့ ဗာလင်တိုင်း ဆိုတဲ့ နာမည်က လွဲပြီး သူ့အကြောင်း သေသေချာချာ မသိရတဲ့ အတွက် ဗာလင်တိုင်း နေ့ ဆိုပြီးသတ်မှတ်ခဲ့တဲ့ ရောမ ပြက္ခဒိန်၊ ပွဲတော်များ.အမှတ်တရ နေ့ စာရင်းမှ ပယ်ဖျက်ခဲ့တယ်ဆိုတယ်။

ဘယ်လိုပင် အယူအဆတွေ ကွဲပြားနေပါစေ၊ ဗယ်လင်တိုင်းဒေး ဆိုတာ ကရုဏာ၊ အကြင်အနာ တွေ နဲ့ ချစ်သူတွေကိုပေါင်းစည်းနိုင်စေဖို့ အသက်စွန့်ပြီးကူညီခဲ့ တဲ့ ခရစ်ယာန် ဘုန်းကြီး တစ်ပါးကို အာဇာနည်အဖြစ် မှတ်တမ်းတင်၊ ကိုယ့်နည်းကိုယ့်ဟန် ဖြင့် သူ့ကို ဂုဏ်ပြု နေကြတဲ့ ပွဲတစ်ခုဖြစ်နေခဲ့ပြီပဲ မဟုတ်လား။

တကယ်တော့ ချစ်တတ်ကြသူတွေ။ အချစ်ခံချင်ကြသူတွေဟာ မိမိတို့ရဲ့ ရင်တွင်းဆန္ဒ ကို တစ်နည်းနည်းဖြင့် ဖေါ်ထုတ်ချင်ကြတာပါ။ တည့်တည့် တစ်မျိုး၊ သွယ်ဝိုက် ၍ တစ်ဖုံ နည်းမျိုးစုံ ပေါ့လေ။ ယောက်ျားလေးတွေအတွက် စတင်ဖွင့်ပြောဖို့ အခွင့်သာ ကြပေမဲ့ မိန်းကလေး အများစု မှာတော့ ဖွင့်ပြော လာတဲ့သူ တွေထဲက မှ နှစ်သက်ရာ ရွေးချယ် ခွင့် ရတယ်ပြောတယ်။ သူတို့သဘောကျသူတွေ ကို စတင်ဖွင့်ပြော ဖို့က မလွယ်။ အဲဒီအခါမှ ဗယ်လင်တိုင်း ကတ် .ပန်း. ချော့ကလစ်တွေက စကားပြောတတ်လာတော့တယ်။

ခရစ်ယာန် အယူဝါဒ ကိုးကွယ်ယုံကြည်သူများကတော့ ရှိစေ။ လူငယ်များရဲ့ ရင်တွင်း ဆန္ဒကို ထုတ်ဖေါ်ပြောဆိုခွင့်ပြုထားတဲ့ အစဉ်အလာ ကို ယုံကြည်ကိုးကွယ်ရာဘာသာအ လိုက်၊ ရေမြေဒေသ အလိုက် နိုင်ငံ အလိုက် ချစ်သူများနေ့ ဆိုတာ ရှိတတ်ကြပါတယ်။

ဥပမာ..

ရိုမင်နီးယားနိုင်ငံမှာ. Dragobete လို့ခေါ်တဲ့ ချစ်သူတွေအတွက် အစဉ်အလာ အားလပ်ရက်က ဖေဖေါ်ဝါရီ ၂၄ မှာ ကျင်းပတယ်။ မကြာသေးခင်နှစ်များက စပြီး ဖေဖေါ်ဝါရီ ၁၄ ချစ်သူများနေ့ ကိုလုပ်ကြတော့ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ကြုံကြရပါသတဲ့။ ဘာကြောင့် ကန့်ကွက် ကြပါလိမ့်..နော်..။

ဘရာဖီး မှာတော့ ချစ်သူများနေ့ ကို ဖွန်လ ၁၂ ရက်နေ့မှာကျင်းပ ကြပီး အဲဒီနေ့မှာ ချော့ကလက်၊ ပန်းစည်း တွေနဲ့ လက်ဆောင်တွေ ဖလှယ်ကြတယ်။ ဖေဖေါ်ဝါရီ ၁၄ ကို ချစ်သူများနေ့ အဖြစ် မလုပ်လည်း ဘာမှမဖြစ်။

တောင်ကိုးရီးယား ရဲ့ ချစ်သူများနေ့က Novvember 11 ဖြစ်တယ်။ အဲဒီနေ့မှာ ချစ်လက်ဆောင်တွေ အပြန်အလှန်ပေးကြသပေါ့။ လူလွတ်တွေအတွက် April 14 မှာ လုပ်တဲ့ Black Day ဆိုပြီး ရှိသေးတယ်။

တရုပ်ယဉ်ကျေးမှု မှာတော့ ဗယ်လင်တိုင်းနေ့ လိုမျိုး လပြက္ခဒိန်အရ ၇ နေ့ ရ လ ပိုင်းမှာ လုပ်ကြတယ်။ နွားကျောင်းသားနဲ့ ယက်ကန်းသည် မလေး တို့ ၇ လ ပိုင်း ၇ ရက်နေ့ နတ်ပြည်မှာ ဆုံတွေ့တဲ့ အထိမ်းအမှတ် ပေါ့။ ဂျပန်မှာကျတော့ နေသွားပြက္ခဒိန် အရ ၇ လပိုင်း ၇ ရက်ပိုင်း မှာ ကျင်းပပြီး Tanabata လို့ခေါ်ကြတယ်။ ချော့လစ်တွေ ပေး ၊ ပန်းစည်းလက်ဆောင် တွေပေး၊ ရင်တွင်းက ချစ်ချင်း မေတ္တာ တုန့်ပြန် ဖလှယ် ကြတယ်။

Slovenia ရဲ့ အစဉ်အလာ ချစ်သူများနေ့က 12 March ။

ဂျူးတွေကတော့ အစဉ်အလာအရ AV လရဲ့ 15 ရက်နေ့ က ချစ်သူများနေ့။

ပါရှန် ယဉ်ကျေးမှု အရ အီရန်က ချစ်သူများနေ့က ၂၉ bahman Jalali နေသွားပြက္ခဒိန် အရ ဖေဖေါ်ဝါရီ ၁၇ ရက်လောက် ဖြစ်မယ်။ ဘာသာရေး တင်းကျပ်လှတဲ့ အီရန်မှာ ပါရှန်လူငယ်တွေက ချစ်သူအချင်းချင်း လက်ဆောင်တွေ အပြန်အလှန်ပေး၊ဈျေးဝယ်ထွက် ပြီး လုပ်ကြတယ်။

ဆော်ဒီကတော့ ပြင်းတယ်။ပြတ်တယ်။ ဘာသာရေး ပုလိပ်တွေက ဈေးဆိုင်တွေမှာ ဗာလင်တိုင်း နေ့ အထိမ်းအမှတ်ပစ္စည်းရောင်းချခြင်းကိုတားမြစ်ထားတယ်။ ဘီဘီစီ ဆောင်းပါး တစ်ခုရဲ့ အဆိုအရ ထွက်ပေါက်မပေးဘဲ အတင်းအကျပ် တားမြစ်ထားတဲ့ အတွက် နှင်းဆီပန်းတွေ. လက်ဆောင်ထုတ်တဲ့ ပါကင်စက္ကူတွေ၊ဖဲပြားတွေ ခိုးကြောင်ခိုးဝှက် ရောင်းချ တဲ့ မှောင်ခို ဈေးကွက် ဖြစ်ထွန်းလာခဲ့ပါသတဲ့။

လက်ဆောင်ပေးခြင်း၊ လက်ဆောင် ယူခြင်း ဆိုသည်ကို မိမိ တို့ ဘာသာဘာဝ ဓလေ့ အရ အဓိပ္ပါယ်ဖေါ်ကြပါသေးတယ်။ မြန်မာတွေ က ဇမ္ဗူ ဒီပါ လက်ယာတောင်ကျွန်း နိမိတ် ထွန်း ဆိုသလို ပဲ ထင်ပါရဲ့။

တစ်ချို့နိုင်ငံတွေမှာ မိန်းကလေးက ယောက်ျားလေးရဲ့လက်ဆောင်ကိုလက်ခံ တယ်ဆိုရင် အဲဒါ လက်ထပ်ဖို့ သဘောတူကြောင်း
မှတ်ယူပါသတဲ့။ နောက်ပြီး မိန်းကလေးတစ်ယောက်က ဗယ်လင်တိုင်းနေ့မှာ သပိတ်လွယ်ငှက်တစ်ကောင်းပျံနေတာ မြင်ရင် သူလက်ထပ်ရမဲ့သူက သဘောင်္သားတစ်ယောက်ဖြစ်ရမယ်။ အကယ်၍ စာကလေးတစ်ကောင်ကိုမြင်ရရင်တော့ သူဆင်းရဲတစ်ယောက်နဲ့ ပျော်ရွှင်စွာ ဆုံစည်း ရတတ်ပါသတဲ့။ ရွှေငါးတစ်ကောင် ကိုမြင်ရရင်တော့ သူလက်ထပ်ရမဲ့သူက မိလျံနာ ဆိုပဲ။ ဟုတ်မဟုတ်တော့ မသိဘူး။ ဒီအယူအဆ ကို မြန်မာပြည်ထဲ ဘယ်သူက အရင် Import လုပ်ဦးမည်မသိ။

ကမ္ဘာတစ်လွှား ဗယ်လင်တိုင်းကတ် သန်းတစ်ထောင်လောက် နှစ်တိုင်း ပို့ကြပါသတဲ့။ ရောင်း ရသမျှ ဗယ်လင်တိုင်း ကတ် ၈၅ ရာနုံးလောက်ကို အမျိုးသမီးတွေက ၀ယ်တယ်။ ဟုတ်မှာပါ။ ယောက်ျားလေးတွေထက် မိန်းကလေးတွေ က စိတ်ကူးယဉ်တာများပြီး ချစ်သူ ရည်းစား တွေအများကြီး ထားတာလည်းပါမှာပေါ့။ မြန်မာမလေးတွေ ဆို ရည်းစားတစ်ထောင်..ဘာညာ ဆိုပြီး ဆိုတတ်ကြသေး။ ခရစ်စမတ် ကတ် အပြီး ဒုတိယ အရောင်းရ ဆုံးစံ ချိန် ချိုးနိုင်တယ်။

အရွယ်ရောက်လာသူအများစုမှာ ကြင်ဖေါ်ရှာ ရင်း ရင်တွင်းက မေတ္တာ တရား ဖွင့်ပြဖို့ရာ နည်းလမ်းရှာကြမည်မှာ ဓမ္မတာ။ တားလို့မရနိုင်။ ရှေးခေတ် ဗုဒ္ဓဘာသာဝင်များ အတွက် အချိန်အခါ အလိုက် ကျင်းပတဲ့ ပွဲလန်းသဘင်များမှာ မေတ္တာစိတ်ကို တစ်နည်း နည်းနဲ့ ဖွင့်ထုတ်ဖေါ်ပြကြသည် ချည်းပင်။

ဗုဒ္ဓဘုရားရှင်က လူငယ်တို့၏ ချစ်မှု ရေးရာကို အသိအမှတ်ပြုခဲ့ပါသလော….အိမ်ထောင်ရှင် ဘ၀ ဇနီးမောင်နှံ တို့ရဲ့ ချစ်ခြင်းမေတ္တာကို ရော လစ်လျူရှုခဲ့ပါသလော…….

ပုဗ္ဗေ၀ သန္နိဝါသေန၊ ပစ္စုပ္ပန္န ဟိတေန၀ါ
ဧ၀ံ တံဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ ။

ရှေးရေစက်ကြောင့်- ၀ါ- ရှေးဘ၀များစွာက အတူနေထိုင်ပေါင်းသင်းဆက်ဆံခဲ့ဘူးကြသောကြောင့် ၄င်း၊ ယခု ပစ္စုပ္ပန်လက်ရှိဘ၀မှာ တစ်ဦး အခက်အခဲ ကိုတစ်ဦးက ကူညီဖြေရှင်းပေးကြရင်းဖြင့် ၄င်း မေတ္တာသက်ဝင် ချစ်ခင် စိတ်ထားဖြစ်ပွါးတတ်ကြပါသတဲ့။

လူငယ်တို့ရဲ့ မြင်မြင်ခြင်းပဲ ချစ်မိတယ်.ကြိုက်မိတယ်.ဆိုသောစကား နဲ့ သေတပန် သက်တစ်ဆုံး မက သံသရာ အဆက်ဆက် ပေါင်းရစေ ကြောင်း ဆုပန်ရွယ်။ ရွှေပြောင်ပြောင် တောင်ပေါ်မှာ ဘုရား မယ်နဲ့မောင် သစ္စာထား ပေါင်းရပါစေသား ဆိုသော ကဗျာလင်္ကာ တေးဖွဲ့သီကြူး သည်ကို လွန်အံ့မထင်။

ဘုရားရှင်ရဲ့ အဆုံးအမ.တရားတော်များထဲတွင်..

စန္ဒကိန္နရီ ဇာတ်- ယသော်ဓရာအလောင်း အလျာ ကိန္နရီမလေး က ဘုရားအလောင်းအပေါ် အချစ်ကြီးချစ် .သစ္စာမပျက်ခဲ့ပုံ သာဓက၊ဘုရားအလောင်း မာ တင်္ဂ သူဖုန်းစား ဘ၀ဖြစ်စဉ်က...ဒိဋ္ဌမင်္ဂလိကာ သူဌေးသမီးကိုအရ ယူ အိမ်သူအရာဆောင်နှင်းခဲ့ပုံ။ မဟောသဓါ သုခမိန် သူဌေးသား.ပညာရှိမင်းအမတ် ဖြစ်စဉ်က ..အိမ်သူသက်ထား ဇနီးမယားကောင်း ရ ရေးအတွက် သူဆင်းရဲအသွင် ဖြင့် အပ်ချုပ်သည် အယောင်ဆောင်၊ အမရာ ကို အရ ပိုးခဲ့ပုံ…(လက်သီးဆုပ်ပြ၊ လက်ဝါးဖြန့်ပြ ပညာစမ်း ကြပုံ စသည်..)

နကုလ ပိတု ဂဟပတိ၊ နကုလ မာတာ ၀တ္ထု - ဘုရားရှင်ထံပါး ရင်တွင်းက မေတ္တာတရား ဖွင့်အံလျှောက်ထားပုံကား၊ ယခု ဘ၀၊နောင်ဘ၀၊ မကွဲမကွာ အတူတွဲ အမြဲမြင်တွေ့လိုပါသဖြင့် နည်းလမ်းမေးမြန်း တဲ့ သာဓက။ ဘုရား ရှင်က သူတို့ ရင်တွင်း က ချစ်ခြင်း မေတ္တာနှင့် သစ္စာတရား အလေးထားလို့နည်းလမ်းပေး တရားဟောကြားပေးတော်မူတယ်။

သမဇီဝီသုတ်- လင်မယား မကွဲမကွာ အတူနေရခြင်း အကြောင်း လေးပါး ..(သမသဒ္ဓါ၊ သမသီလ၊ သမစာဂ၊သမ ပညာ)

အထက်ဖေါ်ပြပါ ပါဠိ အဋ္ဌကထာ ဇာတ်နိပါဌ် စသည့် ဆဋ္ဌသင်္ဂါယနာတင် ဗုဒ္ဓကျမ်းစာများတွင် ချစ်ခြင်းမေတ္တာ နှင့်စပ်တဲ့၊ မိန်းမ ပိုးနည်း စသည်..ကို ဖတ်ရှု ရလေသောအခါ..

ဗုဒ္ဓဘုရားရှင်က လူငယ်တို့၏ ချစ်မှုရေးရာကို မပစ်ပယ်. အိမ်ထောင်ရှင် ဇနီးမောင်နှံများ အချစ်ကြီးလို့ ဒီတစ်သက်မက ကမ္ဘာပျက် တိုင်အောင် ပေါင်းသင်းလိုက ပေါင်းသင်းနိုင်ကြပါစေ။ လောက လူ့သဘာဝ၊ဖို နဲ့ မ တဏှာပေမ ချစ်ခြင်း တရားကို နည်းလမ်းမှန်ဖြင့် ခံစားစေ၊ တစ် ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်လျက် သံသရာတဘက်ကမ်း နိဗ္ဗာန် သို့ မောင်နှံနှဖော် အတူယှဉ်တွဲ ကူးခတ်နိုင်စေရန် နည်းပေးလမ်းပြ ဟောဖေါ်ဆိုဆုံးမ ထားခဲ့ပါတယ်။

တောင်ထိပ်ပွဲသဘင်..စသည် တွင် လူ့ငယ်သဘာဝ ပျော်ပါးကြ၊ ယောက်ျားမိန်းမ သမီးရည်းစား ဖြစ် .ချစ်ကြိုက်ကြ၊ ချစ်ခင်ပေါင်းသင် အိမ်ရာထူထောင် ကြသည်မှာ ဘာသာ ဘာဝ လူ့လောက။ ပါရမီ ရင့်ညောင်း သူတော်ကောင်းတို့ အတွက်မူကား စတိတ်ရှိုးကြည့်လျက် ဘာဝနာ ထင် လာပါလိမ့်မယ်။

ဗုဒ္ဓအဆုံးအမ များကား လူ့သဘာဝ နှင့် မဆန့်ကျင်၊ ပါရမီအားလျော်စွာ လူ့သဘော လူ့မနော ကို လိုက်ပြီး၊ နေရာ အချိန်အခါ အားလျော်စွာ မိမိ သူတစ်ပါး နှစ်ပါးစုံ အတွက် ပျော်ရွှင်စေ ကြောင်း နည်းလမ်းကောင်းများ စွာ ရှိကြောင်း ထင်ရှားပါတယ်။လူငယ်များရဲ့ ရင်တွင်းက ချစ်ခြင်းမေတ္တာကို မြန်မာ့ယဉ်ကျေးမှု ဘာသာတရားအဆုံးအမ နှင့် လျော်ညီစွာ ထုတ်ဖေါ်ခွင့်ပြုဖို့ နေ့တစ်နေ့ ကို ချစ်သူများနေ့ အဖြစ် သတ်မှတ်ကျင်းပ ဖို့ လိုအပ်မယ်လို့ ယူဆပါတယ်။

ရိုမေးနီးယား၊ ဂျပန်၊တရုပ်၊ ဘရာဇီး၊ ဆလိုဗေးနီးယား၊ အစ္စရေး..စသည့်နိုင်ငံတွေမှာ သူတို့လူမျိုးဘာသာ ထုံးတမ်းစဉ်လာအရ ချစ်သူများနေ့ ၊ ဒါမှမဟုတ် ထိုနေ့လိုအလားတူနေ့များ ရှိကြပါတယ်။ ထိုသို့ အလားတူ မိမိတို့ အမျိုး၊ဘာသာ၊ ယဉ်ကျေးမှု စရိုက်လက္ခဏာ မပျောက်ပျက်စေဘဲ ကျင်းပ နိုင်မဲ့ မြန်မာ တို့ရဲ့ ချစ်သူများနေ့ ရှိသင့်တယ်လို့ ထင်မြင်မိပါတယ်။

အစွန်းနှစ်ပါးကို ရှောင်တဲ့ အလယ်အလတ်လမ်းစဉ် ကျင့်သုံးတဲ့ ဗုဒ္ဓ၀ါဒ အရ၊ ဗာလင်တိုင်းဒေး ယဉ်ကျေးမှု လူငယ်ထုအတွင်းစိမ့်ဝင်ပြန့်နှံ့လာတာကို ဆော်ဒီလို လုံးဝ ပိတ်ပင်တားမြစ်မှုသည်လည်း အစွန်းတစ်ပါး၊ အနောက်တိုင်း သူတို့ ပုံစံ အတိုင်း ပုံတူကူးချ ကျင့်သုံးနေတာလည်း အစွန်းတစ်ပါး ၊ ထိုအစွန်းနှစ်ပါးကို ရှောင်ပြီး ဗုဒ္ဓါဝဒ အဆုံးအမ အလယ်အလတ်ကျင့်စဉ်အရ၊ ချစ်သူများနေ့ကို မြန်မာမူ မြန်မာဟန် မြန်မာတို့ရဲ့ ဘာသာ ဓလေ့ထုံးစံ မယိုယွင်းစေဘဲ ချစ်သူများနေ့ကို သတ်မှတ်ကျင်းပသင့်ကြောင်း ယူဆမိပါတယ်။

(ခရစ်ယာန်တို့ရဲ့ ဗာလင်တိုင်းဒေး လို)ထိုသို့ အချိန်အခါ တစ်ခု သတ်မှတ်ရန်အတွက်၊ဘာသာ တရားနှင့် ယှဉ်တဲ့ နေ့ထူးနေ့မြတ်များ၊ သို့မဟုတ် လူငယ်များ အတွက် စံထားအတုယူရမဲ့ နိုင်ငံ့ခေါင်းဆောင်များ၏ ချစ်ခြင်းမေတ္တာနှင့်ဆိုင်တဲ့ နေ့ ရက်များကို စဉ်းစားမိပါ တယ်။ ဥပမာ..တန်ဆောင်မုန်းလ ပြည့်နေ့။ သို့မဟုတ် ၀ါဆိုပန်းကပ်တဲ့နေ့၊ သို့မဟုတ် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည်တို့ လက်ထပ်တဲ့နေ့ စသည်…..။ အဲဒီနေ့ တစ်နေ့နေ့ကို အမျှော်အမြင်ရှိတဲ့ လူကြီး၊ လူငယ်များက ဦးစီးလျက် (ပြာသိုလပြည့်နေ့ ကို အမေ နေ့ အဖြစ် ဆရာကြီးဦးသုခ က ဖန်တီးအသက်သွင်းခဲ့ သလို) မြန်မာတို့ ၏ ချစ်သူများနေ့ အဖြစ် သတ်မှတ်ကျင်းပပေးနိုင်မည်ဆိုပါက ဗာလင်တိုင်း ဒေး လို ယဉ်ကျေးမှု အသွင်ဆောင်ထားတဲ့ ဘာသာခြားတို့ရဲ့ဘာသာရေးအယူအဆ စိမ့်ဝင် ပြန့်နှံ့လာမှု ကို အထိုက်အလျောက်ကာနိုင်မှာဖြစ်ပြီး အမျိုးဘာသာ ယဉ်ကျေးမှုများ မပျောက်ပျက် အောင် ကြာရှည်ထိန်းသိမ်း နိုင်ပါလိမ့်မယ်။


သို့မဟုတ်ပါမူ..ဗာလင်တိုင်းဒေးဆိုလျက် ဘာသာခြားတို့ရဲ့ အစဉ်အလာအတိုင်း လက်ခံ ဆက်လက်ကျင့်သုံးနေကြပါမူ၊ ဗုဒ္ဓဘာသာအဆုံးအမ အယူအဆ များ လည်း မှေးမှန်သေးသိမ်လာမယ်။် ကြာလေ အားနည်းလေလေ ဖြစ်မယ်။ ယနေ့မြန်မာလူငယ်များလည်း ဘာသာခြား သာသနာပြု အမည်ခံဗုဒ္ဓဘာသာဝင်များ ဖြစ်မှန်းမသိဖြစ်နေကြပြီး၊ ဗုဒ္ဓဘာသာဝင်ဦးရေ တစ်စ စ လျော့နည်းလာကာ ဗုဒ္ဓအဆုံးအမ များ တစ်စ ကွယ်ပျောက် သွားပေလိမ့်မယ် ဟု ထင်မြင်ယူဆ မိပါကြောင်း ဗာလင်တိုင်းဒေး အမှတ်တရ အဖြစ် ရင်တွင်းဆန္ဒ ကိုထုတ်ဖေါ်ရေးသားလိုက်ရပါ သတည်း………………။


Reference: အင်္ဂုတ္တရ နိကာယ၊ ခုဒ္ဒက နိကာယ၊

www.wikipedia.org/




Monday, February 11, 2008

အောင်မြင်စွာ ရုန်းထွက်နိုင်ခြင်း


နှစ်စဉ် နှစ်တိုင်း (၂) လပိုင်းသို့ရောက်လျှင် တရုတ်ရိုးရာ ရှိခိုးကြပါသည်၊ အချို့သူများက တရုတ်နတ်ရှိခိုးသည်ဟု ပြောကြပါသည်။ တရုတ်သင်္ကြန်ကျသည်ဟုလည်း ခေါ်ဝေါ်ကြပါသည်။ ရှင်းဦးအံ့၊ တရုတ်မျိုးနွယ်စုများသည် အတိတ်ကကွယ်လွန်ခဲ့ကြကုန်သော ဆွေမျိုး(လိပ်ပြာ)များကို ပင့်ဖိတ်၍ အိမ်၏အရှေ့တွင် စားသောက်ဖွယ်ရာများ၊ အရက်များဖြင့် တည်ခင်းဧည့်ခံကြပါသည်။ ထိုအခြင်းအရာကို ပင်လျှင် တရုတ်နတ်ရှိခိုးသည်၊ တရုတ်သင်္ကြန်ကျသည် ဟု ပြောဆိုကြပါသည်။

ယင်းအကြောင်းနှင့် စပ်လျဉ်း၍ တစ်ခါက စာရေးသူ၏ မိသားစုသည် တရုတ်မျိုးနွယ်မှ ဆင်းသက်လာခဲ့ကြရာ နှစ်စဉ်ဆိုသကဲ့သို့ အများနည်းတူ တရုတ်နတ်ရှိခိုး ကြပါသည်။ ထိုသို့ရှိခိုးကြရာဝယ် ၀က် ၊ ကြက်ကောင်လုံးပြုတ်(အကင်)၊အရက် အမျိုးမျိုး၊ မုန့်တီကွေးစသည့် အချို စားသောက်ဖွယ်ရာများကို ခင်းကျင်းကာ အတိတ်က ကွယ်လွန်ခဲ့သော ဘိုးဘွားဘီဘင်စသည့် ဆွေမျိုးများကို လာရောက်သုံးဆောင်ကြရန် အမွှေးတိုင်ထွန်းကာ ရှိခိုးပြီး ဖိတ်ခေါ်ကြရသည်။ တစ်နှစ်တွင် ဖခင်ကြီးသည် သာသနာ့ရိပ်သာသို့ သွားရောက်ပြီး တရားအားထုတ်ခဲ့ရာမှ ကိုယ်လျှောက်လှမ်းရမည့် မှန်ကန်သော လမ်းကို တွေ့မြင်သည်မှစ၍ လမ်းမှားကို စွန့်ခွာရန် အား ထုတ်ပါလေတော့သည်။ အဖေတို့မိသားစုတွင် ကိုးကွယ်သင့်ကိုးကွယ်ထိုက်သော ရတနာသုံးပါး ရှိနေပေပြီ၊ ထို့ကြောင့် ယနေ့မှစ၍ နောက်နောင် လုံးဝ တရုတ်နတ်ရှိခိုးမှု မပြုတော့ပြီ၊ ဟု ရဲရင့်စွာ ယတိပြတ် ဆုံးဖြတ်ခဲ့လေသည်။ ထိုနှစ်မှစ၍ ယခုအချိန်အထိ တရုတ်ရှိခိုးမှု မပြုကြတော့ပေ။ တိုက်ဆိုင်၍လော မပြောတတ်ချေ။ ထိုတရုတ်နတ် ရှိခိုးမှု မပြုသော နှစ်၌ပင်လျှင် အငယ်ဆုံး ညီမငယ် အိမ်ပေါ်မှ အိမ်အောက်သို့ လိမ့်ကျကာ အတွင်းဒါဏ်ရခဲ့ပါသည်။ ယနေ့ထက်တိုင် အခန့်မသင့်လျှင် ပြန်၍ နာနေသေးသည်။ ပတ်ဝန်းကျင်မှလူများသည် ထိုအဖြစ်အပျက်ကို ကြည့်ပြီး တရုတ်နတ်ရှိခိုးမှု မပြုသည့်အတွက် သည်လိုခံရသည် ဟု စွတ်စွဲပြောဆိုကြလေသည်။ ထိုသို့ဖြစ်သော်လည်း ဖခင်ကြီးသည် နှစ်ရှည်လများက စွဲယူလာခဲ့သော ထိုအယူကို အပြီးတိုင် စွန့်လွတ်ခဲ့သည့်အတွက် တိုက်ဆိုင်မှုမျှပါပဲဟု သင့်တင့်စွာနှလုံးသွင်းကာ တရုတ်နတ်ရှိခိုးခြင်းကို လုံးဝ မပြုလုပ်တော့ချေ။

နောင်တွင် ထိုနတ်ကို ရှိခိုးမှု မပြုသည့်အတွက် ထူးခြားမှု မည်သို့မျှ မဖြစ်တော့ချေ။ ဖခင်ကြီးကွယ်လွန်သည့်နောက်တွင်လည်း ရှိခိုးမှုမပြုတော့ပေ။ ဤသည်ကား ဖခင်ကြီး၏ မှန်ကန်သော လမ်းညွန်မှုကို ရခဲ့သောကြောင့် စာရေးသူတို့ မိသားစုသည် ကိုးကွယ်မှုမှန်ကန်ခဲ့ရခြင်းဖြစ်ပါသည်။

တရုတ်နတ်ရှိခိုးခြင်းသည် ရှေးပဝေသဏီကပင်လျှင် စတင်ခဲ့ကြဟန်တူပါသည်။ တရုတ်နတ်များကို စားသောက်ဖွယ်ရာများဖြင့် ရှိခိုးပူဇော်သောအခါ ထိုနတ်များသည် လူတို့အား စီးပွါးလာဘ်လာဘပေါများစေသည်၊ ရောဂါဘယကင်းရှင်းစေသည်၊ ကျန်းမာရေးကောင်းစေမည် ဟု တထစ်ချ မှတ်ယူ ယုံကြည်ထားကြပါသည်။ အကယ်၍ သူတို့ကို စားသောက်ဖွယ်များဖြင့် ရှိခိုး ပသမှု မပြုလုပ်ကြဘူးဆိုလျှင် ကျန်းမာရေးချို့တဲ့အောင်ပြုလုပ်လိမ့်မည်၊ စီးပွားရေးပျက်အောင်ပြုလုပ်လိမ့်မည်၊ အိမ်ထောင်ရေးပျက်ယွင်းအောင်ပြုလုပ်လိမ့်မည်၊ အသက်ဘေးနှင့်လည်းတွေ့ကြုံရမည်ဟု မကောင်းသော ခြောက်လှန့်မှုများကြောင့် တစ်နှစ် တစ်ကြိမ်ဆိုသကဲ့သို့ ထိုနတ်ကို ရှိခိုးပသနေရခြင်းဖြစ်ပါသည်။ ငွေကြေးမတတ်နိုင်သူများဆိုလျှင် မချစ်သော်လည်း အောင့်ကာနမ်း ဆိုသကဲ့သို့ ဆိုခဲ့ပြီးသောခြောက်လန့်မှုများကြောင့် မရှိခိုးချင်သော်လည်း ရှိခိုးနေကြရပါသည်။ မဖြစ်သော်ကံရာရှိ ဆိုသကဲ့သို့ ထိုနတ်ကို ရှိခိုးကြရသည်ချည်း ဖြစ်ပေသည်။

တရုတ်မျိုးနွယ်စုဆိုလျှင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ နားထောင်၍ကောင်းသေးသည်၊ ယခုအခါ၌ကား မြန်မာစစ်စစ်ပင်ဖြစ်ပါသော်လည်း အတိတ်မှ တရုတ်နတ်လိုက်သည် (အချို့ကား ရှမ်းနတ်၊ကရင်နတ်လိုက်သည်) ဟု ဆိုကာ ဗေဒင်ဆရာ၊နတ်သူငယ်၊ဆေးဆရာတို့၏ မဆင်မခြင် ဟောပြောမှုတို့ကြောင့် မြန်မာမျိုးနွယ်မှ မွေးဖွားလာသော မြန်မာစစ်စစ်ဆိုသူ(oreginal)များပင်လျှင် ကြောက်လန့်ကာ တရုတ်နတ်၊ရှမ်း၊ကရင်နတ်စသည်တို့ကို ကိုးကွယ်နေကြလေကုန်ပြီ၊ စိတ်ပျက်ဖွယ်ကောင်းပေစွ။ တွေးမိသည်မှာ-ထိုနတ်များသည် လူကကျွေးမှ စားရရှာပါသည်။ ထိုသို့ဖြစ်ပါလျှက် လူများက အဘယ်ကြောင့် အားကိုးနေရပါသနည်း။ စင်စစ် အားကိုးသည်ဆိုရာဝယ် ကိုယ့်ထက်သာလွန်သော တန်ခိုးကြီးသော အထက်တန်းစားနတ်ဆိုလျှင် အားကိုးရသည့်အတွက် အကျိုးအမြတ်တော့ ရရှိပေဦးမည်။ ယခု၌ကား ပိုက်ဆံများစွာ အကုန်အကျခံကာ ကျွေးသာကျွေးလိုက်ရသည် ။ နောင်အနာဂါတ်တွင် မည်သို့ဖြစ်လာမည်ကို မည်သူမှ မသိနိုင်ချေ။ သေချာသည်ကား စုဆောင်းထားသည့် ငွေများသာ ကုန်သွားကြသည်ချည်းပင်။

ယခုဆိုလျှင် ထိုလုပ်ရပ်များသည် စာရေးသူတို့ မြို့၌သာမက နိုင်ငံနှင့်အ၀ှမ်းတွင် အရိုးစွဲနေပေပြီ၊ စားသောက်ဖွယ်ရာများဖြင့် နတ်ကို ပသကျွေးမွေးသည်ဆိုရာ၌ ကြက်၊၀က်၊ အရက်တို့ကို ထိုနတ်က သုံးဆောင်နိုင်ပါမည်လား၊ နတ်ဆိုသည်မှာ အမှန်စင်စစ် လူတို့၏ အနားသို့ ချည်းကပ်ရန်ပင် မဆိုထားနှင့် လူတို့၏ အနံ့ကိုပင် ခံနိုင်စွမ်းမရှိသောကြောင့် နတ်များတော့ မဖြစ်နိုင်ပေ၊ ပြိတ္တာမျိုးနွယ်စုများအနက်မှ တစ်မျိုး ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဘုန်းကံရှိသော အဆင့်တန်းမြင့်သည့်လူများသည် ဘုန်းကံနိမ့်ကျသော ပြိတ္တာများကို ရှိခိုးမှု ပြုသင့်ပါ၏လော၊ ချင့်၍ ယုံကြည်ကြပါရန်။

အမှန်စင်စစ် နတ်များဖြစ်သည်ဆိုစေဦးတော့၊ ထိုနတ်များကို ကိုးကွယ်သင့်ပါသလား၊ နတ်များကို ကိုးကွယ်ရှိခိုးမှု မပြုသင့်ပါ၊ ပသမှု ပြုမည်ဆိုလျှင် ပြုကောင်းပါသည်၊ ပသမှုဟူသည် သီလရှိသော ရဟန်းသံဃာများအား အိမ်သို့ ပင့်ဆောင်၍ ဆွမ်းလုပ်ကျွေးကာ ကုသိုလ်အဘို့ကို ဆိုင်ရာနတ်များအား အမျှအတမ်းပေးဝေခြင်းသည် နတ်များကို အကောင်းဆုံးသော ပသနည်းဟု သုနိဓနှင့်ဝဿကာရအမတ်တို့၏ ဖြစ်ရပ်တွင် မြတ်ဗုဒ္ဓဟောတော်မူထားခဲ့ပါသည်။

(၆.၂.၂၀၀၈) ဗုဒ္ဓဟူးနေ့-

ထိုနေ့တွင် နတ်ရှိခိုးခြင်းနှင့်ပတ်သက်၍ မြို့နေလူများ မသိလိုက်သော ထူးခြားသည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါသည်။

ထိုဖြစ်ရပ်ကား မြိတ်မြို့-ကွက်သစ်ရပ်တွင်နေထိုင်သော ဒေါ်ဆန်းလှမိသားစုသည် တရုတ်မျိုးနွယ်စုမှ ဆင်းသက်လာသောသူများဖြစ်သောကြောင့် အများနည်းတူ နှစ်စဉ်နှစ်တိုင်း တရုတ်နတ်ရှိခိုးခဲ့ရာတွင် ယနေ့ထိတိုင်အောင်ပင်ဖြစ်သည်။ (၂၀၀၈)ခုနှစ်မှစ၍ နတ်ရှိခိုးခြင်းအမှုကို မပြုတော့ဘဲ ရဟန်းသံဃာတော်များကို အိမ်သို့ပင့်ဖိတ်၍ ဆွမ်းလှူဒါန်းကာ ကုသိုလ်အဘို့ကို ဆိုင်ရာနတ်များအား ရေစက်ချ အမျှတမ်းပေးဝေခဲ့ကာ ဗုဒ္ဓနည်းကျ ကုသိုလ်ဒါန ပြုလုပ်ခဲ့ပါသည်။ ရဟန်းသံဃာတော်များ၏ မှန်ကန်သော လမ်းညွန်မှုအရိပ်ကို ခိုလှုံကာ နတ်ကိုးကွယ်မှု အယူအဆမှ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သော ထိုမိသားစုအတွက် ကြည်နူးဝမ်းမြောက် ခဲ့ရပါသည်။

ကောင်းမှုပွဲတွင် ဆရာတော်ဟောပြောသော တရားတော်သည် နာရသူအဖို့ စိတ်ဝင်စားဖွယ် မှတ်သားဖွယ်ကောင်းလှသော ကြောင့် မှတ်မိသမျှ ပြန်၍ ပြောရလျှင်-

တရုတ်နတ်ရှိခိုးခြင်းသည် ခေတ်အဆက်ဆက်က ပြုလုပ်ခဲ့သည့်အတွက် ထိုအခြင်းအရာကို စွန့်လွတ်နိုင်ရန် လွယ်ကူ သောအရာမဟုတ်ပါချေ။ သာမန်ယုံကြည်မှုမျိုးဖြင့် ပြတ်ပြတ်သားသား စွန့်လွတ်နိုင်ရန် ခဲယဉ်းလှပေသည်။ မှန်ကန်သော အသိအမြင်တို့ဖြင့် ဘုရား၊တရား၊သံဃာ ရတနာသုံးပါးတွင် သက်ဝင်ယုံကြည်သော သဒ္ဓါတရားရှိမှသာလျှင် ထိုအယူကို စွန့်လွတ်နိုင်ပါသည်။ ထိုအယူကိုစွန့်လွတ်ပြီး ရတနာသုံးပါးကို သက်ဝင်ယုံကြည်လျှင် ဥပါသကာဟုခေါ်ပါသည်။ ဥပါသကာတစ်ယောက်ဖြစ်ရန် အရည်အချင်း (၅)မျိုးနှင့်ပြည့်စုံရပါမည်။ ၄င်းတို့မှာ-

၁။ သဒ္ဓါတရားနှင့်ပြည့်စုံခြင်း

အရေးကြုံလျှင် ဗေဒင်၊ လက္ခဏာ၊နတ်သူငယ်ဟောပြောချက်များ၊ ဘိုးဘိုးအောင်၊ဘိုးမင်းခေါင်၊ ဘိုးတီဘွား၊ ကွမ်ရင် စသည်များကို အားမကိုးသင့်ပေ။ ထိုအရာများက မိမိဘ၀ကို အပြောင်းလဲကြီးပြောင်းလဲအောင် မဖန်တီးပေးနိုင်ချေ။ မိမိဘ၀ကို ဖန်တီးပေးနိုင်သော အရာသည် ရတနာသုံးပါးပင်ဖြစ်သည်။ ရတနာသုံးပါးမှတစ်ပါး ကိုးကွယ်အားထားရာဟူ၍ မရှိဟု မှန်ကန်သော အတွေးအမြင် ဥာဏ်ယှဉ်ကာ ရတနာသုံးပါးအပေါ်တွင် ယုံကြည်မှုရှိရပါမည်။ ဤသည်ပင်လျှင် သဒ္ဓါတရားနှင့်ပြည့်စုံသည်ဟု ခေါ်ပါသည်။

၂။ အနည်းဆုံး ငါးပါးသီလပြည့်စုံရမည်။

ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲ၍ အချက်ငါးချက်ကို ရှောင်ကြဉ်ရပါမည်။

(က)။ လက်နက်ရောင်းဝယ်ဖေါက်ကားခြင်း၊

(ခ)။ လူအရောင်းအ၀ယ်ပြုလုပ်ခြင်း (ကျွန်ရောင်း ကျွန်ဝယ်ခြင်း၊ပြည့်တန်ဆာ ရောင်းဝယ်ခြင်းစသည်)၊

(ဂ)။ ကြက်၊၀က်၊ အမဲသား၊ ငါး ရောင်းဝယ်ခြင်း၊

(ဃ)။ မူးရစ်ဆေးဝါးအမျိုးမျိုးနှင့် သေရည်သေရက် ရောင်းဝယ်ခြင်း။

(င)။ လူကို သေစေတတ်သည့် အဆိပ် ရောင်းဝယ်ခြင်း။ တို့ဖြစ်ပါသည်။

၃။ ကောတုဟလမင်္ဂလခေါ် အထူးအဆန်းမင်္ဂလာကို ယုံကြည်လက်ခံခြင်း မပြုရ၊

မည်သည့်နေရာ၌ မင်းလောင်းပေါ်သည်၊ ထူးဆန်းသော ဘိုးတော်များပေါ်သည်၊ မြေကြီးထဲက သစ်မြစ်တွင် သဘာဝအရုပ် တစ်ရုပ်ပေါ်နေသည်၊ ထူးဆန်းသော ကိုရင်လေး၊ သဲံဆွမ်းစားသော ကိုယ်တော်၊ ရေဆွမ်းဘုဉ်းသော ကိုယ်တော် လေကိုသာစားသော ကိုယ်တော်စသည့် ထူးဆန်းသော အရာများပေါ်လျှင် ဟုတ်၏ မဟုတ်၏ဟု ကိုယ်ပိုင်တွေးခေါ်မှု မရှိဘဲ အရမ်းယုံ အကမ်းယုံ ယုံလေတော့ သည်။ ထိုကဲ့သို့ ထူးဆန်းသော ကောတုဟလမင်္ဂလကို မယုံကြည်ရပေ။

၎။ ကံ-ကံ၏အကျိုးကို ယုံကြည်ရ၏၊

၅။ အယူပျက်သည့် သာသနာပ အလှူခံပုဂ္ဂိုလ်တို့ကို အရိုအသေမပြုရ မလှူဒါန်းရပေ။

ဆိုရေးရှိက ဆိုအပ်စွဆိုသကဲ့သို့ သာသနာပအလှူခံနှင့်စပ်၍ ပြောရပေဦးမည်၊ မကြာသေးမီက ရန်ကုန် -မော်လမြိုင် စုံဆန်ရထားပေါ်တွင် ဒေါက်ချာ ကြီးဆောင်းထားသူ ရသေ့ယောင်ယောင် ဘိုးတော်ယောင်ယောင်တစ်ဦးသည် ဈေးသည်နှင့်အလားတူစွာ လူးလားခေါက်ပြန်သွားကာ “ (၇)ရက်သားသမီးများ စီးပွးတက်ချင်တယ်၊ လာဘ်ရွှင်ချင်တယ်ဆိုရင် ၀တ်ထားသော ရွှေနားကပ်၊ ရွှေဆွဲကြိုး ၊ရွှေလက်ကောက်တို့ကို ပေးလှူက ကြီးပွားမြန်တယ်” ဟု ငွေဖလားကိုင်ကာ အော်ကြီးဟစ်ကျယ်ဖြင့် အလှူခံနေသည်မှာ သာသနာတော်ကို အိုးမဲသုတ်နေသည့်အတွက် ရှက်စရာကောင်းလှပါသည်။ ပြောလိုသည်မှာ ယနေ့ခေတ် ရသေ့၊ ဘိုးတော်၊ ကွမ်ရင် ၊ အမ်းကုန်း၊ ပေါင်ကား ဒူးထောင် ဘိုးမင်းခေါင်စသည့် သသနာအပြင်ဘက်က သူများအား ရိုသေမှု မပြုသင့်ပါ၊ လှူဒါန်းမှု မပြုသင့်ပါ။

အဆိုပါ အင်္ဂါရပ်များနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို နှစ်သက်ကြည်ညိုဖွယ် ဥပါသကာ ဟုလည်းကောင်း ၊ အရည်အသွေးပြည့်သော ဥပါသကာ ဟုလည်းကောင်း ခေါ်ပါသည်။ နောင်တွင်လည်း ဘ၀တွင် ဥပါသကာကောင်းတစ်ယောက်အဖြစ် အစဉ်အမြဲရပ်တည်နိုင်ရန် အတွက် ဆိုခဲ့ပြီးသော ဥပါသကာ၏ အရည်အချင်းနှင့် ပြည့်စုံအောင် ကြိုးစားကြစေချင်ပါသည် ဟု ပြောကာ တရားတော်ကို အဆုံးသတ် သွားခဲ့ပါသည်။

ဤသို့ဖြင့် မြိတ်မြို့-ကွက်သစ်ရပ်နေ ဒေါ်ဆန်းလှမိသားစုတို့၏ ရိုးစင်းပြီး ပကာသနမဖက်သည့် တန်ဖိုးမဖြတ်နိုင်သော ကောင်းမှုပွဲလေးသည် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ နတ်ကိုးကွယ်မှုမှ မရုန်းထွက်နိုင်သော သူများသည်လည်း အဆိုပါ မိသားစုကဲ့သို့ နတ်ကိုးကွယ်မှုမှ ရုန်းထွက်နိုင်မည်ဆိုလျှင် ကောင်းလေစွ။ ရုန်းထွက်ချင်သော်လည်း မရုန်းထွက်နိုင်သေးသောသူများ သည် အယူအမြင်စင်ကြယ်ရေးဆိုင်ရာ ဘာသာရေးမဂ္ဂဇင်းများဖြစ်သည့် ဓမ္မရံသီ၊ဓမ္မရတနာမဂ္ဂဇင်းများကို ဖတ်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။ စာဖတ်သူများ နတ်ကိုးကွယ်မှုမှ အောင်မြင်စွာ ရုန်းထွက်နိုင်ကြပါစေ……..။

အလေးအမြတ်ပြုရမည့် အရပ်ခြောက်မျက်နှာ

အလေးအမြတ်ပြုရမည့် အရပ်ခြောက်မျက်နှာ

အရှေ့မိဘ၊တောင်မှာဆရာ၊နောက်မှာ မယား၊ မြောက်ကား မိတ်ဆွေ၊ အောက်ခြေ ကျွန်မှတ်၊ ထက်ရပ် သံဃံ၊ မှတ်သားပါ၊ခြောက်ဖြာတံခါးပေါက်။

သားသမီးကျင့်ဝတ် ငါးပါး

၁။ကျွေးမွေးမပျက် ၂။ဆောင်ရွက်စီမံ၊

၃။မွေခံထိုက်စေ ၄။လှူမျှဝေ၍၊

၅။စောင့်လေမျိုးနွယ်၊

ဝတ်ငါးသွယ်၊ကျင့်ဖွယ်သားတို့တာ(ကျင့်ဖွယ်သမီးတို့တာ)။

မိဘကျင့်ဝတ် ငါးပါး

၁။မကောင်းမြစ်တာ၊ ၂။ကောင်းရာညွှန်လတ်၊

၃။အတတ် သင်စေ၊ ၄။ပေးဝေနှီးရင်း၊

၅။ထိမ်းမြားခြင်းလျှင်၊

ဝတ်ငါးအင် ၊ ဖခင်မယ်တို့တာ။

တပည့်ကျင့်ဝတ် ငါးပါး

၁။ညီညာထကြွ (လာမူကြိုဆီး)

၂။ဆုံးမနာယူ၊

၃-၄။ထံနီးလုပ်ကျွေး (အတူနေ,အနီးနေ၍ လုပ်ကျွေးခြင်း၊)

၅။တပည့်ဝတ်၊ မချွတ်ငါးခုသာ။

ဆရာကျင့်ဝတ် ငါးပါး

၁။အတတ်လည်းသင်၊ ၂။ ပဲ့ပြင်ဆုံးမ၊

၃။သိပ္ပမချန်၊ ၄။ဘေးရန်ဆီးကာ၊

၅။သင့်ရာအပ်ပို့

ဆရာတို့ ၊ ကျင့်ဖို့ဝတ်ငါးဖြာ။

လင်ကျင့်ဝတ် ငါးပါး

၁။မထီမဲ့ကင်း၊ ၂။အပ်နှင်းဥစ္စာ၊

၃။မိစ္ဆာမမှား၊ ၄။ဝတ်စားဆင်ယင်၊

၅။မြတ်နိုးကြင်

ငါးအင် လင်ကျင့်ရာ။

မယားကျင့်ဝတ် ငါးပါး

၁။အိမ်တွင်းမှူလုပ်၊ ၂။သိမ်းထုပ်သေချာ၊

၃။မိစ္ဆာကြဉ်ရှောင်၊ ၄။လျော်အောင်ဖြန့်ချီ၊

၅။ပျင်းရိမမူ၊

ဝတ်ငါးဆူ ၊ အိမ်သူ ကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ငါးပါး

၁။ပေးကမ်းချီးမြှင့်၊ ၂။ကိုယ်နှင့်ယှဉ်ထား၊

၃။စီးပွားဆောင်ရွက်၊ ၄။နူတ်မြွက်ချိုသာ။

၅။သစ္စာမှန်စေ၊

ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

အလုပ်ရှင် (အရှင်) ကျင့်ဝတ်ငါးပါး

၁။ဝစွာကျွေးမွေး၊ ၂။ပြုရေးစီရင်၊

၃။နာလျှင်ကုစေ၊ ၄။ငှဝေရသာ၊

၅။အခါကိုလွှတ်၊

အလုပ်ရှင်ဝတ် ၊ မချွတ်ငါးခုသာ။

အလုပ်သမား(ကျွန်) ကျင့်ဝတ်ငါးပါး

၁။အိပ်သော် နောက်ကျ၊ ၂။ထသော်ကား ရှေး၊

၃။ပေးမှ ယူအပ်၊ ၃။စေ့စပ် ဆောင်ရွက်၊

၅။ကျေးဇူးမြွက်၊

ငါးချက် လုပ်သားဝတ်။

ဒါယကာကျင့်ဝတ် ငါးပါး

၁။မေတ္တာစိတ်သက်၊ ၂။ဆောင်ရွက်ချစ်ခင်၊

၃။ခင်မင်နှုတ်ချို၊ ၄။လိုလျှင် ဖိတ်ထား၊

၅။တတ်အားလှူစေ၊

ဝတ်ငါးထွေ ၊ ပြုလေဒါယကာ။

၇ဟန်းကျင့်ဝတ် ခြောက်ပါး

၁။မကောင်းမြစ်ထာ၊ ၂။ကောင်းရာညွှန်လစ်၊

၃။အသစ် ဟောကျုး၊ ၄။နာဖူးထပ်မံ၊

၅။နုတ်ထံတင်ရာ၊ ၆။မေတ္တာလည်းပြု၊

ရဟန်းမှူ ၊ ခြောက်ခု လွန်သေချာ။

Saturday, February 9, 2008

တွေးတတ်ကြပါစေ

ကမ္ဘာဦးအစကတည်းက လူသားတို့သည် ကိုးကွယ် အားထားမီခိုရာ ရှာဖွေခဲ့ကြရာတွင် တော ၊ တောင် ၊ ရေ ၊မြေ ၊ မီး စသည့် မိမိတို့ယုံကြည်ရာကို အားထားမှီခို ကိုးကွယ်ခဲ့ကြသည်။ generation တစ်ခုပြီးတစ်ခု ပြောင်းလဲလာသည်နှင့်အမျှ လူသားများ၏ ကိုးကွယ်မှု ပိုင်းဆိုင်ရာများ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ကြပါသည်။

ထိုသို့ ကိုးကွယ်မှုများ ပြောင်းလဲလာခဲ့ကြရာတွင် လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်ကာလက ဘုရား၊ တရား ၊ သံဃာ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်မှု ပြုခဲ့ကြသောသူများရှိခဲ့ကြသည်။ ထိုသူများကို ဗုဒ္ဓဘာသာဝင်များဟု ခေါ်ဆိုကြပါသည်။ ဗုဒ္ဓဘာသာဝင်ဟူသည် ရတနာသုံးပါးကို ယုံကြည်ကြသောကြောင့် ဗုဒ္ဓ၏ အဆုံးအမများကို ချွင်းချက်မရှိ လိုက်နာကျင့်သုံးခဲ့ကြရာ အဆင့်အတန်းမြင့်သော ဘ၀သို့ ရောက်ရှိသူများသည် မရေမတွက်နိုင်အောင် များပြားသကဲ့သို့ ဗုဒ္ဓအဆုံးအမကို မလိုက်နာမကျင့်သုံးသောကြောင့် အဆင့်တန်းနိမ့်သော ဘ၀များသို့ ရောက်ရှိသူများသည်လည်း မရေတွက်နိုင်အောင်ပင် ဖြစ်ချေ၏။

ထိုဗုဒ္ဓဘာသာဝင်များထဲတွင် ရတနာသုံးပါးမှတစ်ပါး တစ်ခြားအားထားကိုးကွယ်ရာမရှိဟု အသိဥာဏ်ဖြင့် သိရှိထားကြသူ ဗုဒ္ဓ ဘာသာဝင် စစ်စစ်များ ရှိကြပါသည်။ ထို့ပြင် တကယ့်အရေး တကယ့်ဘေးနှင့် တွေ့ကြုံလာလျှင် ရတနာသုံးပါးကို အပေါ်ယံမျှသာ ယုံကြည်အားထားကြပြီး၊ လက်ရှိပစ္စုပ္ပန်၌ အမှန်တကယ် အားထားရမည်ဟု သေချာပေါက် မပြောနိုင်သော ဘိုးတော် မယ်တော် အန်းကုန်း သူရဿတီ ကွမ်ရင် စသည်များကို အားထားယုံကြည်နေကြသော ဗုဒ္ဓဖာသိဖာသာများလည်း ရှိနေကြသည့်အပြင်၊ ဗေဒင်၊ လက္ခဏာ၊ နတ်သူငယ်၊အတွင်း(၃၇)မင်း အပြင် (၃၇)မင်းနတ်များကို ဘုရားတစ်ဆူအလား ကိုးကွယ်နေကြသော မိရိုးဖလာ ဗုဒ္ဓဖာသိဖာသာ များလည်း ရှိကြပေသည်။

တစ်နေ့သ၌ ကလင်……ကလင်……ကလင် ဖုန်းသံကြောင့် စာရေးသူ ဖုန်းကိုင်လိုက်သောအခါ “အရှင်ဘုရား…..တပည့်တော်မ ( ) ပါဘုရား” ၊ ဟု မိတ်ဆက်စကားဆိုလာသည်။

စာရေးသူ “အင်း…….ပြောပါဦး ဘာကိစ္စများပါလိမ့်” ၊

ဒကာမကြီး “တစ်ခြားမဟုတ်ပါဘူးဘုရား… မနက်ဖြန် အရှင်ဘုရားတို့ ကျောင်းမှာ တပည့်တော်မ ခင်ပွန်းသည်ကို ရဟန်းဝတ် ပေးချင်လို့ပါဘုရား” ၊ ဟု ပြောလာပါ၏ ။

စာရေးသူ “ ကောင်းတာပေါ့ ဒကာမကြီး လာသာလာခဲ့ပါ” ။ ဟုဆိုကာ ရဟန်းခံရာ၌ လိုအပ်သော ပရိက္ခရာများဝယ်ရန် ပြောပြခဲ့ပါသည်။

ရဟန်းခံမည့်နေ့သို့ ရောက်သောအခါ ဒကာမကြီးက “ အရှင်ဘုရား….တပည့်တော်မ ခင်ပွန်းကို သိမ်ဝင်တဲ့အခါမှာ ကမ္မ၀ါစာ (၃)ကြိမ်တိတိ ဖတ်ပေးတော်မူပါဘုရား” ဟု ပြောလိုက်သောစကားကြောင့် အလွန် အံ့သြခဲ့ရပါသည်။

အမှန်စင်စစ်- ရဟန်းခံသည်ဆိုရာဝယ် ရဟန်းကိစ္စမှာ ရဟန်းများနှင့်သာ သက်ဆိုင်ပါသည်။ ရဟန်းခံ သိမ်ဝင်သည့်အခါတွင် လူပုဂ္ဂိုလ်များက စီမံ ပိုင်ခွင့် မရှိကြပါ။ ထိုကဲ့သို့ စီမံပိုင်ခွင့်သည် ယခင်ကလည်း မရှိခဲ့၊ ယခုလည်းမရှိ ၊ နှောင်လည်း ဘယ်သောအခါမျှ ရှိလိမ့်မည်မဟုတ်ချေ။ သို့ပါသော်လည်း ထိုဒကာမကြီးက သူကိုယ်တိုင် နားလည်သည့်ပမာ စီမံနေချေပြီ ။ စာရေးသူလည်း မနေနိင်သောကြောင့် “ ဒကာမကြီး ရဟန်းခံတဲ့အခါ ကမ္မ၀ါစာ (၃)ကြိမ်ဖတ်ရမယ် လို့ ဘယ်သူက ပြောတာလဲ၊ ဒါမှမဟုတ် ဒကာမကြီးကိုယ်တိုင်က သိလို့ ပြောတာလား” ဟု မေးရပါသည်။ “ အရှင်ဘုရား….တပည့်တော်မ သိလို့မဟုတ်ပါဘူး၊ ( )

ကျောင်းက ဘုန်းကြီးတစ်ပါးထံမှ ဗေဒင် အဟောထွက်လို့ပါဘုရား” ။ ဟု ဒကာမကြီးက အဖြေပေးပါသည်။ ဆက်လက်၍ စာရေးသူက “ ကမ္မ၀ါ(၃)ကြိမ်ဖတ်ရင် ဘာအကျိုးတွေ ရနိုင်တယ်ဆိုတာ ဗေဒင်ဆရာက မပြောလိုက်ဖူးလား” ။ ဟုမေးသောအခါ ထိုအမေးကို မဖြေဘဲ သူမ၏ အိမ်ထောင်ရေးပြဿနာ အကြောင်းကို ပြောပါလေတော့သည်။

သူမ၏ ခင်ပွန်းသည်သည် အမျိုးသမီးတစ်ယောက်နှင့် ငြိစွန်းကာ နောက်အိမ်ထောင်အသစ်တစ်ခု ထူထောင်တော့မည်ဖြစ်သည်။ ထိုအကြောင်းနှင့်ဆက်နွယ်၍ သူမသည် ဘုန်းကြီးတစ်ပါးထံ ဗေဒင်မေးခဲ့ရာ ဗေဒင်ဆရာဘုန်းကြီးက သူမ၏ အိမ်ထောင်ရေး အဆင်ပြေနိုင်ရန်အတွက် ခင်ပွန်းသည်အား ရဟန်းခံပေးရမှာဖြစ်ကြောင်း၊ ခင်ပွန်းသည် ရဟန်းခံသည့်အခါတွင် ကမ္မ၀ါစာ (၃)ကြိမ်ဖတ်ရမည်ဟု ဗေဒင်အဟောထွက်သောကြောင့် ယခုကဲ့သို့ လျှောက်ထားရခြင်း ဖြစ်ပါကြောင်း ပြောလာပါသည်။

သူမ၏ ပြောဆိုချက်များအရ ဤနေရာ၌ -

(၁)အိမ်ထောင်ရေးပြဿနာ ပြေလည်စေရန် ၊

(၂) ရဟန်းခံရခြင်း၏ ရည်ရွယ်ချက် ၊

(၃) ဗေဒင်ဆရာ၏ လမ်းညွန်ချက် ၊ ဟု အကြောင်းအရာသုံးချက် ထွက်ပေါ်လာသည်။

(၁) ခင်ပွန်းသည်အား ရဟန်းခံပေးခြင်းဖြင့် မိမိတို့ အိမ်ထောင်ရေးပြဿနာကို မဖြေရှင်းပေးနိုင်သကဲ့သို့ ဗေဒင်ဆရာကလည်း ဖြေရှင်းပေး၍ မရနိင်ပေ။ ထိုပြဿနာကို ဖြေရှင်းပေးနိုင်သောသူများကား ကာယကံရှင်များဖြစ်ကြသော အိမ်ထောင်ရှင် ဇနီးမောင်နှံ နှစ်ဦးသာဖြစ်ချေသည်။ ထိုအခြင်းအရာကို သူ သိနိုင်မည်ဆိုလျှင် ကောင်းလေစွ။

(၂) အိမ်ထောင်ရေးပြဿနာ ပြေလည်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရဟန်းပြုခြင်းသည် ညံ့ဖျင်းသော ရည်ရွယ်ချက်ဖြစ်ပါသည်။ သို့သော်လည်း ရဟန်းခံရသည့် ရည်ရွယ်ချက်သည် မည်မျှပင်ညံ့ဖျင်းနေစေကာမူ အကြောင်းမဟုတ်ပါ။ ရဟန်းခံဖြစ်သည် ကပင်လျှင် ကောင်းလှပါသည်ဟု ဆိုရပါမည်။

အဘယ့်ကြောင့်နည်းဟူမူ တစ်ခါက မြတ်စွာဘုရားရှင်သည် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူစဉ် ညီတော်နန္ဒမင်းသားသည် ဇနပဒကလျာဏီမင်းသမီးနှင့် လက်ထပ်ထိမ်းမြားရမည့်နေ့နှင့်တိုက်ဆိုင်နေပါသည်။ မြတ်စွာဘုရားသည် ကပိလ၀တ်နန်းတော်မှ ပြန်ကြွတော်မူသောအခါ နန္ဒမင်းသားကို သပိတ်တော်ပေး၍ နောက်ပါးက လိုက်စေသည်။ ကျောင်းတော်သို့ ရောက်ရှိသောအခါ နန္ဒမင်းသားအား ရဟန်းပြုရန် မိန့်တော်မူ၏။ နန္ဒမင်းသားသည် သိဒ္ဓတ္ထမင်းသားဘ၀ ငယ်စဉ်ကပင်လျှင် ချစ်ကြောက်ရိုသေ ရသောကြောင့် ရဟန်းမပြုချင်သော်လည်း ပြုခဲ့ရရှာသည်။ အတန်ငယ်ကြာသော် နန်းတော်၌ ကျန်ရစ်ခဲ့သော ဇနပဒကလျာဏီမင်းသမီးကို လွမ်းလှသည့်အဖြစ်ကြောင့် လူထွက်လိုသောစိတ်ဖြစ်ပေါ်၍ နေပေ၏ သာသနာ၌ ငြီးငွေ့နေသော နန္ဒထေရ်အား ဘုရားရှင်သည် တာဝတိံသာ သို့ ခေါ်ဆောင်ပြီး နတ်သမီးတို့ကို ပြတော်မူရာ မိမိစွဲလမ်းနေသော ဇနပဒကလျာဏီသည် နတ်သမီးတို့နှင့် နှိုင်းယှဉ်လျှင် မျောက်အိုမနှင့်သာ ပမာတူလှပါပေ၏ ဟု သိမြင်ပြီး နတ်သမီးများကို ရလိုမှုဖြင့် တရားအားထုတ်ခဲ့ပါသည်။ အခြားရဟန်းများက ပြောင်လှောင်ကဲ့ရဲ့ကြသဖြင့် သံဝေဂရကာ တရားအားထုတ်သောအခါ ရဟန္တာဖြစ်တော်မူခဲ့ရလေသည်။ ထို့ကြောင့်ရဟန်းခံရာ၌ ရည်ရွယ်ချက်မကောင်းသော်လည်း အကြောင်းမဟုတ်ပါချေ။

(၃) ဗေဒင်ဆရာ၏ လမ်းညွန်ချက်။

ဗေဒင်ဆရာ၏ လမ်းညွန်ချက်အတိုင်း ရဟန်းခံရာ၌ ကမ္မ၀ါ(၃)ကြိမ်ဖတ်ရုံမျှဖြင့် အိမ်ထောင်ရေး ပြဿနာဖြေရှင်းပေးနိုင်သည်ဆိုသည်မှာ သဘာဝမကျပါချေ။ ရဟန်းတော်များသည် သိမ်ဝင်ပြီး ရဟန်းခံပေးရာ၌ ရှေးယခင်ကလည်း ကမ္မ၀ါ(၃)ကြိမ်ဖတ်ခဲ့ရပါသည်။ ယခုလည်းဖတ်ရပါသည် ၊ နောင်လည်း ဖတ်ရပါဦးမည်။ ဗေဒင်ဆရာပြောမှ ဖတ်ရမည်မဟုတ်ပါ။ ဗေဒင်ဆရာက အထူးအဆန်းလုပ်ခါ ပြော လိုက်သောစကားကို အဟုတ်ကြီးထင်မှတ်ကြလေသည်။ ဤနေရာ၌ ဗေဒင်ဆရာ အပြစ်ဟု ပြော၍ မရနိုင်ပါချေ။ လောက၀ယ် ဟုတ်၏-မဟုတ်၏ ၊ ဖြစ်နိုင်၏ - မဖြစ်နိုင်၏ ဟူသည်ကို မိမိ၏ ကိုယ်ပို်င်ဥာဏ်ဖြင့် စဉ်းစားဆင်ခြင်သုံးသပ်မှု မရှိဘဲ ၊ သူတစ်ပါး၏ အလိမ်ခံချင်နေကြသော သူများ ရှိနေသမျှ ကာလပတ်လုံး ဗေဒင်ဆရာတို့၏ အလိမ်ကို ခံနေကြရဦးမည်ဖြစ်ပါသည်။ အလိမ်ခံမည့်သူများမရှိလျှင် ဗေဒင်ဆရာများ၏ ဘ၀သည်လည်း ရပ်တည်နိုင်တော့မည် မဟုတ်ပါချေ။ ထို့ကြောင့် လူအများတို့သည် ဖြစ်လာသော အကြောင်းအရာ ပြဿနာများအပေါ်၌ ဗေဒင်ဆရာ၏ အဆုံးအဖြတ်ကို မယူသင့်ပေ။ သူတစ်ပါး ပါးစပ်ဖျား၌ လမ်းဆုံး၍ မနေဘဲ ၊ မိမိကိုယ်ပို်င်ဥာဏ်ကို အသုံးချပြီး မှန်ကန်အောင် ဆုံးဖြတ်စေချင်လှပါသည်။

ဤဆောင်းပါး၌ ဗေဒင်ကို အပြစ်ပြောနေသည်ဟု စာဖတ်သူများက မယူဆစေချင်ပေ။ လောက၌ သဘာဝကျကျ တွေးခေါ်တတ်ရန် ရေးသားပေးရခြင်းဖြစ်ပါသည်။

ဗေဒင်မေးသောအခါ မွေးသက္ကရာဇ် အပေါ်မူတည်၍ ဗေဒင်ပညာဖြင့် တွက်ချက်ပြီး ဟောစာတမ်းအမျိုးစုံ အောင် ထွက်ပေါ်လာရသည်။ မွေးသက္ကရာဇ် မတူညီခြင်းကြောင့် ဟောစာတမ်းများ မတူညီကြ၊ဟုဆိုလျှင် လောက၌ မွေးသက္ကသရာဇ်ခြင်းတူညီကြသော အမွှာပူးများ၏ ကံကြမ္မာခြင်းလည်း တူညီကြမည်ဖြစ်ပါသည်။ စာရေးသူ၏ တူ/တူမ သုံးယောက်သည် လောကကြီးအတွင်းသို့ တစ်နေ့တည်း ရောက်ရှိလာကြသည်။ ကလေးသုံးယောက်သည် အမွှားပူးပင်ဖြစ်သော် လည်း တစ်ယောက်နှင့်တစ်ယောက် စရိုက်လက္ခဏာခြင်း ကွာခြားကြသည့်အပြင် အကျိုးပေးခြင်းလည်း ကွာလွန်းလှပါသည်။ ဗေဒင်အလိုကမူ တစ်နေ့ထဲ ရှေ့ဆက် နောက်ဆက် ရောက်လာကြသောကြောင့် တူညီကြရမည်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းသည် အဘယ့်ကြောင့်ပါနည်း။

ဗေဒင်အလိုအရ နေ့ကောင်းရက်သာ ရွေးပြီး ဆောက်လုပ်ခဲ့သော အိမ်များ ဖြစ်သော်လည်း အဘယ့်ကြောင့် မီးဘေးသင့်ပါသနည်း။ အမှန်ဆိုလျှင် နေ့ကောင်းရက်မြတ်၌ ဆောက်လုပ်သောကြောင့် မီးဘေးလွတ်ရမည်သာ။

နေ့ကောင်းရက်မြတ် ရွေးပြီး ထိမ်းမြားလက်ထပ်ကြသော ဇနီးမောင်နှံများ အဘယ့်ကြောင့် အိမ် ထောင်ရေး မသာယာဘဲ ကွဲပြဲကြရပါသနည်း။

“သောကြာရေကြောင်း မသွားကောင်းဟု ဆိုသော်လည်း သောကြာနေ့ ရေလမ်းခရီးသွားသောသူများ အဘယ့်ကြောင့် အန္တရာယ်နှင့် မကြုံကြရပါသနည်း။ သောကြာနေ့မှတစ်ပါး တစ်ခြားနေ့ရက်များ၌ ရေကြောင်းခရီး သွားသူများသည် အဘယ့်ကြောင့် အန္တရာယ်ဆိုးနဲ့ ကြုံကြိုက်ကြရပါသနည်း။ ။

မွေးနေ့သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်၊ဟု ဗေဒင်အလိုအရ ရှိပါသော်လည်း သောကြာ တနင်္လာစသည်၌ ဆံပင်ဖြတ်သူများ မည်သည့် အန္တရာယ်မျှ မဖြစ်ပေါ်လာချေ။ ထိုသို့ဖြစ်ရခြင်းသည် အဘယ့်ကြောင်ပါနည်း။

စနေဂြိုလ်လွန်လျှင်ကောင်းမည်ဟု ပြောကြသော်လည်း စနေဂြိုလ်လွန်မြောက်မှ စီးပွားပျက်သူများ၊ အိမ်ထောင်ရေးပျက်သူများ၊ ကျန်းမာရေးအရ အနာရောဂါဖိစီးပြီး အသက်သေဆုံးကြရသူများ ရှိကြပါသည်။ ထိုသို့ ဖြစ်ရခြင်းသည် အဘယ်ကြောင့်ပါနည်း။

“ဓ,မ္မ၊ သော,က၊ အင်း,၀၊ ရာ,ဇာ” ရန်ဖက်ခြင်း ပေါင်းဖေါ်မှုမပြုရဟု ဆိုရာဝယ် ရန်ဖက်ခြင်း အိမ်ထောင်ပြုထားကြသော်လည်း မပြိုမကွဲဘဲ သက်ဆုံးတိုင်အောင် ပေါင်းဖေါ်ကြရပြီး စီးပွားရေးဖက်၌လည်း အောင်မြင်သူများရှိသကဲ့သို့၊ “ ဦး,သာ ၊ စိန်,ပန်း ၊ ဒန်း,လှ ၊ ကို , ရှာ ။ မိတ်ဖက်ခြင်း အိမ်ထောင်ပြုထားကြသော သူများသည် မကြာမီ အိမ်ထောင်ပြိုကွဲသွားကြသူများလည်း ရှိနေကြပေသည် ။ ယင်းသို့ ဖြစ်ရခြင်းသည် အဘယ့်ကြောင့်ပါနည်း။

သိဒ္ဓတ္ထမင်းသားနှင့်အတူ လောကအတွင်းသို့ တစ်ပြိုင်နက် တစ်နေ့တည်း၊ တစ်ချိန်တည်း မွေးဖွားလာကြကုန်သော ဖွားဖက်တော်များ(၇)ပါး ရှိခဲ့ပါသည်။ ၄င်းတို့အနက် အသက်ရှိ(၅)ဦးမှာ - ယသော်ဓယာ မင်းသမီး၊ ညီတော် အာနန္ဒာ ၊ မောင်ဆန် ၊ ကဏ္ဍကမြင်း ၊ ကာဠုဒါယီ ၊ ဖြစ်ပါသည်။ သူတို့သည် လောကထဲသို့ တစ်ချိန်တည်း ရောက်လာကြသည်။ ဗေဒင်အလိုအရ ဆိုလျှင် တစ်ချိန်တည်း မွေးကြသည့်အတွက် သူတို့ဖြစ်စဉ်များ တူညီကြရမည်ဖြစ်သည်။ သို့သော်လည်း ဖွားဖက်တော်များ၏ တစ်ဦးနှင့်တစ်ဦး ဘ၀ပေးကံများမတူညီ ကြသောကြောင့် သူတို့၏ ဘ၀ဖြစ်စဉ်များလည်း မတူညီခဲ့ကြခြင်းမှာ စဉ်းစားတွေးတောစရာဖြစ်နေပါသည်။

ဗေဒင်အရာ၌ အလွန်ကျွမ်းကျင်သော ကောဏ္ဍညပုဏ္ဏားသည် သိဒ္ဓတ္ထမင်းသား ဘုရားဧကန်စင်စစ် ဖြစ်ကိုဖြစ်ရမည်ဟု သူ၏ဗေဒင်ပညာကို ယုံကြည်ကာ ပရိသတ်အလယ်၌ ရဲ့ဝံ့စွာ ဟောခဲ့သော်လည်း၊ သိဒ္ဓတ္ထမင်းသားသည် ပြင်းထန်သောအကျင့်တရားမှသည် ပုံမှန်ကျင့်ရသော အကျင့်သို့ ကူးပြောင်းလိုက်သည့်အချိန်မှစ၍ ဒီဘ၀ သိဒ္ဓတ္ထမင်းသားသည် ဘုရားမဖြစ်နိုင်တော့ဟု ဆိုကာ သူ၏ဗေဒင်အပေါ်၌ ယုံမှားသံသယဖြစ်ခဲ့ရပါသေးသည် မဟုတ်ပါလား။

ဤမျှဖြင့် ဗေဒင်နည်းပညာ၏ မသေချာမရေရာသည်ကို ထင်မြင်လောက်ပါပြီ။

နိဂုံးချူပ် ပြောလိုသည်မှာ ပြဿနာတစ်စုံတစ်ရာ ကြုံလာလျှင် မသေချာမရေရာသည့် ဗေဒင်၏လမ်းညွန်မှုကို အားမကိုးဘဲ ကိုယ်ပိုင်ဥာဏ်ဖြင့် သဘာဝကျကျ တွေးခေါ်ဆုံးဖြတ်၍ လက်တွေ့ကျသော ဖြေရှင်းနည်းများနှင့် ဖြေရှင်းနိုင်ကာ တန်ဘိုးရှိသော ဘ၀ကို လျှောက်လှမ်းနိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတော့သတည်း။
ဦးကောဝိဒ(မြိတ်)

Monday, February 4, 2008

စကားပြောတတ်မှ နိဗ္ဗာန်ရ


ဗုဒ္ဓဘာသာ မြန်မာလူမျိုး တို့ အတွက် နေ့စဉ် လူမှု စကားအသုံးအနှုံးအများစုတွင် ဗုဒ္ဓဘုရားအဆုံးအမ များ စိမ့်ဝင်ပြန့်နှံ့ နေသည် ကိုတွေ့ရပါတယ်။ စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကို ပယ် နှစ်ခွန်း တွယ် ဆိုတဲ့ စကား ရှိပါတယ်။ အဲဒီစကား လုံးများက ဗုဒ္ဓမြတ်ဘုရား ရဲ့ သုဂတ ဂုဏ်တော် နှင့်တိုက် ရိုက်ဆက်စပ် ပတ်သက်နေပါတယ်။ သုဂတော အနက် နှစ်ချက် က သုဂတော- ဟုတ်မှန် ကျိုးများ ကြိုက် မကြိုက်အားဖြင့် နှစ်ပါး သော စကား ကောင်း ကိုသာ ပြောဆိုတတ်သော မြတ်စွာဘုရား၊ သုဂတော- နိဗ္ဗာန် သို့ ကောင်းစွာ ကြွသွား တော် မူသော မြတ်စွာဘုရား .ဖြစ်ပါတယ်။ အဲဒီအထဲက နှစ်ပါးသော စကား ကောင်းဆိုတာကို ၊

မစ္ဇျိမ ပဏ္ဏာသ ပါဠိတော် မှာ.
(၁) ဟုတ်မှန် ၍ အကျိုးရှိပြီး သူလည်း နာလိုသော စကား၊
(၂) ဟုတ်မှန် ၍ အကျိုးရှိပြီး သူများ မနာလိုသော စကား၊
(၃) ဟုတ်မှန် ၍ အကျိုးမရှိ သူများလည်း မကြားနာ လိုသော စကား၊
(၄) မဟုတ်မမှန် အကျိုးရှိ၍ သူများ ကြားနာလိုသော စကား၊
(၅) မဟုတ် မမှန် အကျိုးမရှိ သူများ ကြားနာလိုသော စကား၊
(၆) မဟုတ် မမှန် အကျိုးလည်းမရှိ သူများလည်း မကြားနာလိုသော စကား၊ ဟူသော ဤ စကား ခြောက်ခွန်းတွင် ဘုရားရှင် တို့မှာ ပ- ဒု စကား နှစ်ခွန်းကို သာ သင့်လျော်သလို သုံးစွဲတော်မူကြပြီး၊ နောက်လေးခွန်း ကို လုံးဝ ပြောဆိုခြင်း မပြုဟု ဆိုပါတယ်။

မိမိက ကောင်းသော အကျိုးရှိသော စကားကို ပြောဆိုနေစေကာမူ နားထောင်သူ တစ်ပါး၏ စရိုက် နှင့် ကိုက်ညီမှ သာ အဲဒီစကားကို အလိုက်သင့် လက်ခံ သဘောကျပေလိမ့်မယ်။ စကားပြောရာ တိုက်တွန်း ရာ ၌ ကောင်းမွန် သည်ပင် ဖြစ်စေကာမူ နားထောင်သူ အလို အကြိုက်စရိုက် နှင့် မကိုက်ညီပါမူ မကောင်းသော စကားဟု အထင်ခံရတတ်ကြောင်း ဒုက္ကထာသုတ် (အံ-၅-ပါ-၁၅၉)မှာ ဖေါ်ပြထားပါတယ်။
(၁) သဒ္ဓါတရား မရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် မကောင်းသော စကား.
(၂) သီလ မရှိသူအား သီလနှင့်စပ်သော စကားသည် မကောင်းသော စကား၊
(၃) အကြားအမြင်နည်းပါးသူအား အကြားအမြင် များမှုနှင့် စပ်သော စကားသည် မကောင်းသော စကား၊
(၄) ၀န်တိုသူအား စွန့်ကြဲမှု နှင့် စပ်သော စကားသည် မကောင်းသော စကား ၊
(၅) ပညာမရှိသူအား ပညာနှင့် စပ်သော စကားသည် မကောင်းသော စကား .အဖြစ်အထင်ခံရကြောင်း နှင့်

အပြန်အလှန်အားဖြင့် နားထောင်သူရဲ့ အလို အကြိုက် စရိုက်နဲ့ ကိုက်ညီလျှင်မူ ထိုသူအတွက် စကားကောင်းဖြစ် ရပြန်တယ်။ ဒီတော့
(၁) သဒ္ဓါတရား ရှိသူ အတွက် သဒ္ဓါ တရား နှင့်စပ်တဲ့စကား သည် စကားကောင်း..
(၂) သီလ ရှိသူအတွက် သီလတရားနှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၃) အကြားအမြင် များသူအတွက် အကြားအမြင်ဗဟုသုတ နှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၄) စွန့်ကြဲမှု ရှိသူအတွက် ပေးကမ်းစွန့်ကြဲမှု နှင့်စပ်တဲ့စကားသည် စကားကောင်း၊
(၅) ပညာ ရှိသူအတွက် ပညာ နှင့် စပ်တဲ့စကား ဟာ စကားကောင်းဖြစ်တယ်။

မိမိမှာ ရှိနေတဲ. သဒ္ဓါ.သီလ.ဗဟုသုတ.စာဂ .ပညာ စတဲ့ အရာကို ပြောကြားလာရင် ထိုအရာတွေနှင့် ပြည့်စုံနေတဲ့အတွက် နှစ်သက်ဝမ်းမြောက်မှု ကို ရတယ်။ ဒါကြောင့် အဆိုပါ ပုဂ္ဂိုလ်ငါးမျိုး တို့ အားပြောအပ်တဲ့ စကား သည် ပုဂ္ဂိုလ် အစားစား ကို လိုက်၍ ကောင်းတဲ့စကား ဖြစ်လာရတယ် လို့ ဘုရားရှင်က ညွှန်ပြဟောဆိုပါတယ်။

ဒါ့အပြင် စကားကောင်း တို့ရဲ့ အင်္ဂါ (၄) ပါးကို သဂါထာဝဂ္ဂ သံယုတ် ၊ သုဘာသိတ သုတ်မှာ ဆိုထားပါသေးတယ်။
ကောင်းစွာဆိုအပ်တဲ့စကား၊ မကောင်းသဖြင့် ဆိုအပ်တဲ့ စကားမမည်၊ အပြစ်လည်း မရှိ၊ ပညာ ရှိတို့ မကဲ့ရဲ့အပ် တဲ့စကား (ပညာနုံဖျင်း လူ့ဗာလ နှင့် ဘာသာခြားတို့ ကဲ့ရဲ့ချင် ကဲ့ရဲ့ပါစေ) လို့ညွှန်ပြထားတာက..
(၁) ကောင်းစွာ ဆိုအပ် တဲ့ စကား၊
(၂) တရားနှင့် ညီသော စကား၊
(၃) ချစ်ခင်ဖွယ် သော စကား၊
(၄) မှန်သော စကား၊

အဲဒီ ၄ ပါးမှာ (၁) က ပထမ အမြတ်ဆုံး စကား (ဟုတ်မှန် ကျိုးများ ကြိုက်မကြိက် .ဆိုသော စကား) ၊ (၂) (၃)(၄) ကား အစဉ်အတိုင်း အမြတ်စကား ဟု ဘုရားရှင် ညွှန်ပြတော်မူပါတယ်။

စကားဆိုတာ လူတိုင်း ပြောဆိုနေကြတာပါ။ ပြော သာ ပြော နေတယ်။ မတတ်တာ က စကား လို့ ဆိုကြပါသေးတယ်။ ဘာကြောင့်လဲ…စကားကောင်း မပြောတတ်တဲ့အတွက် ဟု ပင် ဆိုရပါလိမ့်မယ်။

စကားပြောသူနှင့် စပ်ပြီး ပုဂ္ဂိုလ် သုံး မျိုး ရှိကြောင်း ဂူထဘာဏီ သုတ်(အံ-၃-ပါ-၁၂၅) မှာ ဆိုထားပါတယ်။ အချို့
က မြင်တာ ကို မမြင်ဘူး၊ မြင်တာကိုမြင်တယ် စသည်ဖြင့် မုသာဝါဒ ကိုရေလဲ သုံး တတ်တဲ့ သူမျိုး၊ လာဘ်ပေးလာဘ်ယူ မတရားသက်သေလိုက် တတ်တဲ့သူမျိုးများ၊ ၊မုသား မပါ လင်္ကာမချော လို့လည်း သူတို့ရဲ့ အပြစ်ကိုကာဗာ လုပ်တတ်သူ များ ရှိပါတယ်။ အဲဒီသူမျိုးကိုတော့ မစင် ကဲ့သို့ မကောင်းသော အနံ့ ရှိသော စကား ကို ဆိုတတ် သူ- ဂူထဘာဏီ ပုဂ္ဂိုလ် တဲ့။

အချို့ ကတော့ မြင်တာ ကိုမြင်တယ်၊ မမြင်တာ ကို မမြင်ဘူး၊ ဟု မှန်မှန်ကန်ကန် ပြောဆိုတတ်သူများရှိပါတယ်။ အပြစ်လုပ်မိရင်လည်း ၀န်ခံ တယ်။ သိလျက် မမှန်တဲ့ စကားကို မပြော ဆို။ ထိုသူများကိုတော့ ပန်းကဲ့ သို့ ကောင်းသော အနံ့ ရှိသော စကားကို ပြောတတ်သူ - ပုပ္ဖဘာဏီ ပုဂ္ဂိုလ် ။

နောက်ဆုံး တစ်မျိုးကတော့ အပြစ်ကင်းတဲ့စကား၊ နှစ်လိုဖွယ် စကား ၊ ယဉ်ယဉ်ကျေးကျေး ပြော တတ်တယ်။ ထိုသူများကိုတော့ ပျားကဲ့ သို့ချိုသာ စကားကို ဆိုတတ်သူ - မဓုဘာဏီ ပုဂ္ဂိုလ် ဟု ဘုရားရှင် မိန့်ဆိုတော် မူပါ တယ်။

နေ့စဉ် လူမှု ဆက်ဆံ ရေးနယ်ပယ်၊ တစ်ဦးနှင့် တစ်ဦး စကားပြောဆို ဆက်ဆံ ရာမှာ ဘယ်နည်းဘယ်ပုံ စကားကို ပြောရမယ်။ ဘယ်လိုဘယ်ပုံ မပြောသင့်ဘူး၊ ဘယ်လိုမျိုး စကား ပြောသူ ကို ရှောင်၊ ဘယ်လိုမျိုး စကားကို ပြောရင် လူအများရဲ့ ချစ်ခင် နှစ်သက် မှု ကို ရပြီး လူမှု ဆက်ဆံ ရေးမှာ အောင်မြင် နိုင်မယ်…စသည်ဖြင့် ပိဋကတ် တော်ထဲမှာ အသေးစိတ် နည်းပေး ညွှန်ပြထားတာ တွေ့နိုင်ပါတယ်။ စကားပြောကောင်းသူတစ်ယောက် ဖြစ်လာဖို့ သင်ယူလေ့ကျင့်ကြဖို့ လိုအပ်မယ် လို့ထင်ပါတယ်။

စကားပြောကောင်းခြင်းဖြင့် နေ့စဉ် လူမှု ဆက်ဆံရေမှာ အဆင်ပြေအောင်မြင်ခြင်း၊ အပေါင်းအသင်း ၀င်ဆန့်ခြင်း၊ လုပ်ငန်းအဆင်ပြေချောမွေ့ခြင်း၊ အများရဲ့ ချစ်ခင်လေးစားမှု ရရှိခြင်း စတဲ့ လက်ငင်းအကျိုးများသာမက နိဗ္ဗာန် မ၈်ဖိုလ် ပန်းတိုင် သို့ပင် ပို့ဆောင်ပေးနိုင်တယ် လို့ ဆိုရင် ပိုလွန်းသည် ဟု တစ်ချို့က ဆိုချင် ဆိုကြပါလိမ့်မယ်။

ဆက်ပါဦးမယ်..
ဘုရားပွင့်တော်မူလာခြင်းက လောက သားအားလုံး ဆင်းရဲကင်းပျောက်ချမ်းသာရောက်ဖို့ အတွက်ဖြစ်ပြီး ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား နှင့် ဆင်းရဲငြိမ်းရာအမှန်တရား နှင့် ဆင်းရဲကင်းပျောက်ချမ်းသာရောက် စေနိုင်တဲ့လမ်းစဉ် ကျင့်စဉ် တရား ကိုညွှန်ပြခဲ့ပါတယ်။ သစ္စာလေး ပါး လို့သိနားလည်တဲ့အရာပါပဲ။ အဲဒီအထဲက နိဗ္ဗာန်ရောက်စေတဲ့ လမ်းစဉ်အဖြစ် မဂ္ဂင် ရှစ်ပါး ကိုဟောဖေါ်ညွှန်ပြတော်မူပါတယ်။ မဂ္ဂင် ရှစ်ပါး ကို အကျဉ်းချုပ်လိုက် ပါ က သီလ၊ သမာဓိ၊ ပညာ ဤ သုံးပါး ရပါတယ်။ ထိုတွင်. သီလ မရှိရင် သမာဓိ မတည်၊ သမာဓိ မတည် လျှင် ပညာ မဖြစ် ၊ ပညာ မပ်ါလျှင် နိဗ္ဗာန် ရောက်ရိုး ထုံးစံ မရှိရကား၊ သီလ တရားသည် နိဗ္ဗာန် ရကြောင်း အခြေခံ ပင် ဖြစ်နေပါ၏။ သီလ မဂ္ဂင်များ စုံညီရေးအတွက် သမ္မာ ၀ါစာ သည် မရှိမဖြစ် အရေးပါနေပါ၏။ စကားမပြောတတ်လျှင် သမ္မာ ၀ါစာမဖြစ်၊ သမ္မာ ၀ါစာ မဖြစ်လျှင် မဂ္ဂင် မရထိုက်၊ မဂ္ဂင် မရ ထိုက်လျှင် မဂ် မဆိုက်နိုင်၊မဂ် မဆိုက်လျှင် နိဗ္ဗာန် မရ နိုင် ဖြစ်ရ လေသောကြောင့် - စကားပြောတတ်မှ နိဗ္ဗာန်ရ၊ နိဗ္ဗာန် ရချင် စကားကောင်းပြောတတ်သူ ဖြစ်အောင် သင် ဟု သာ ညွှန်းဆိုလိုက်ရပါ သတည်း။ ။



Sunday, February 3, 2008

ဘုရားပွဲ ဘုန်းကြီးပျံပွဲ

လောကီရေးရာ၌ဖြစ်စေ၊ လောကုတ္တရာရေး၌ဖြစ်စေ လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာ၌ ဦးတည်ချက်ကို တိတိ ကျကျ ပီပီပြင်ပြင် ချမှတ်ရသည်။ ထိုဦးတည်ချက် ထမြောက်အောင်မြင်စေရန် ဆောင်ရွက်ရမည့် နည်းဗျူဟာကိုလည်း ကြိုတင်၍ ခင်းကျင်းရသည်။ “ဦးတည်ချက်”နှင့် “နည်းဗျူဟာ”ကို ခိုင်ခိုင်မာမာ ကြိုတင်ဆောင်ရွက်မှု မရှိသော် လုပ်ငန်းတစ်ရပ်သည် အနှစ်သာရ ထိထိမိမိ အကျိုးရှိရှိ အရာထင်ထင် အောင်မြင် ဖြစ်ထွန်းလိမ့်မည် မဟုတ်ချေ။
ရှေးအစဉ်အဆက်ကပင် “ဘုရားပွဲ”၊ “ဘုန်းကြီးပျံပွဲ”များ ကျင်းပလာခဲ့ကြသည်။ ယင်းသို့ ကျင်းပရာ၌ အချို့ချို့သော ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများသည် ဦးတည်ချက်ကို ပီပီပြင်ပြင် မချမှတ်။ ဦးတည်ချက် မပီပြင်သောအခါ နည်းဗျူဟာလည်း ခိုင်မာမှုမရှိ။ ထိုအခါ ဘာသာရေးအရ အနှစ်အသားရှိ၍ ထိထိမိမိ ဆောင်ရွက်ရမည့်အစား ပျော်ပွဲရွှင်ပွဲများနှင့် (အချို့ဒေသတွင် လောင်းကစားပွဲ)တို့ လွှမ်းမိုးနေသည်ကို ကြားသိနေရပါသည်။ ဓမ္မရေးရာ ကိစ္စရပ်တွင် ပျော်ပွဲ၊ ရွှင်ပွဲတို့ နေရာယူလွှမ်းမိုးလာသည်မှာ ဗုဒ္ဓဘာသာဝင်များအဖို့ ကောင်းသောလက္ခဏာ မဟုတ်ချေ။
ဘုရားရှင်၏ ဂုဏ်တော်၊ ဘုန်းတော်၊ ကျေးဇူးတော်များကို နှလုံးသွင်းပူဇော်သည့် “ဘုရားပွဲ”တွင် အငြိမ့်၊ ဇာတ်၊ ဆိုင်း၊ ဗွီဒီယို၊ ရုပ်ရှင်များ ခြိမ့်ခြိမ့်သဲ ထည့်သွင်းကျင်းပခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရာကျပါမည်လော။ ကိလေသာ နိုးကြွစေသော ပျော်ပွဲ၊ ရွှင်ပွဲ၊ အငြိမ့်၊ ဇာတ်၊ ဆိုင်း စသည်တို့ဖြင့် ဘုရားပွဲကျင်းပခြင်းသည် “တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ရွာဘုရားပွဲ” အဆိုကို မှန်ကန်ကြောင်း ထောက်ခံနေခြင်းသာ ဖြစ်ပါ၏။
ထို့အတူ ဘုန်းကြီးပျံပွဲတို့၌လည်း အငြိမ့်၊ ဇာတ်၊ ဆိုင်း၊ ကပွဲများ ထည့်သွင်းခြင်း၊ ဧယင်ကျူးခြင်းတို့သည် ပျံလွန်တော်မူပြီးသော ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးအား ပူဇော်ရာ ရောက်ပါမည်လော။ ထေရ၀ါဒီ ထေရ်အရှုင်မြတ်ကြီးများသည် ကိလေသာပွားစေသည့် ပျော်ပွဲ၊ ရွှင်ပွဲ၊များကို နှစ်မြို့တော်မမူပါ။ သူတို့ ဘ၀နတ်ထံ ပျံလွန်တော်မူသောအခါ သူတို့ကို အကြောင်းပြုလျက် ပျော်ပွဲ၊ ရွှင်ပွဲထည့်ခြင်းသည် ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို ဆပ်ရာမရောက်သည့်အပြင် ဆရာ့ဂုဏ်ကျေးဇူးကို မသိတတ်ရာ ရောက်နေပါ၏။ အထူးသဖြင့် ဆရာတော်ကြီးများ၏ ရုပ်ကလပ်တော်အနီးတွင် ဧယင်ကျူးအပူတိုက်နေသည်မှာ မဖွယ်ရာလှပေ။ အချို့ဆိုလျှင် ဆရာတော်ကြီးများကို ပုတ်ခတ်ပြီး ဟာသများတောင် နှောကြပါသည်။ တည်ငြိမ် အေးချမ်းသော ဓမ္မနှင့် လုံးဝဆန့်ကျင်ပါ၏။
ဘာသာရေးပွဲမှန်သမျှ ဓမ္မနှင့် လျော်ညီစွာ တည်တည်ငြိမ်ငြိမ် အိနြေ္ဒရရ ကျင်းပသင့်ပါသည်။ အေးအေးချမ်းချမ်း ရွှင်ရွှင်လန်းလန်း ဆောင်ရွက်သင့်ပါသည်။ ဘုရားပွဲဆိုလျှင်လည်း အနှိုင်းမဲ့ ကျေးဇူးတော်ရှင် မြတ်ဘုရားကို ကြည်ကြည်ညိုညို လေးလေးမြတ်မြတ် ပူဇော်ရာရောက်အောင်၊ ဘုန်းကြီးပျံပွဲဆိုလျှင်လည်း ပျံလွန်တော် မူသွားသော ဆရာတော်ကြီးကို ရိုရိုသေသေ လေးလေးစားစား ပူဇော်ရာရောက်အောင်၊ အနှစ်အသားရှိရှိ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်အပ်ပါ၏။
ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲတို့ကို အကြောင်းပြုပြီး အပျော်အပါး၊ အသောက်အစား၊ လောင်းကစားများပြုကြခြင်းမှာ ဗုဒ္ဓနှင့် သံဃဟူသော ရတနာမြတ်နှစ်ပါးကို မကြည်ညို မရိုသေရာရောက်ပြီး ဘာသာခြားတို့အနေဖြင့် အထင်သေးဖွယ် ဖြစ်စေပါ၏။ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ ဘာသာရေးအခမ်းအနားပွဲများတွင် ပြုပြင်ဖွယ်ရာများ ရှိနေကြောင်း တင်ပြလိုက်ပါသည်။
ဘုရားပွဲ လုပ်ရပ်တွေမှာလဲ ဘုရားဖူးကြတာနဲ့ မတူကြတော့ပါ ။ အရောင်းအ၀ယ်ပွဲ၊ အကြည်အရှုပွဲလို့သာ ပြောဖို့ကောင်းတော့သည် ။ အများက ဒီလိုချည်း ဖြစ်ကုန်ကြပါပြီ ။ဘုန်းကြီးပျံပွဲတွေကလည်း ပျံပွဲမဟုတ်၊ ဖြုန်းပွဲ၊ ပျော်ပွဲ၊ ရိုက်ပွဲ၊ သတ်ပွဲတွေ ဖြစ်နေကြပြီ။ ဘာသာရေး၊ နာရေးပွဲတွေကလည်း မျက်နှာကြီး ရွေးချယ်ပွဲ၊ ဂုဏ်လိုပွဲ၊ ပကာသနပြိုင်ပွဲမျိုးတွေသာ ဖြစ်နေကြ ပေပြီ ။
လင်းဦး ( စိတ်ပညာ )