Monday, February 11, 2008

အောင်မြင်စွာ ရုန်းထွက်နိုင်ခြင်း


နှစ်စဉ် နှစ်တိုင်း (၂) လပိုင်းသို့ရောက်လျှင် တရုတ်ရိုးရာ ရှိခိုးကြပါသည်၊ အချို့သူများက တရုတ်နတ်ရှိခိုးသည်ဟု ပြောကြပါသည်။ တရုတ်သင်္ကြန်ကျသည်ဟုလည်း ခေါ်ဝေါ်ကြပါသည်။ ရှင်းဦးအံ့၊ တရုတ်မျိုးနွယ်စုများသည် အတိတ်ကကွယ်လွန်ခဲ့ကြကုန်သော ဆွေမျိုး(လိပ်ပြာ)များကို ပင့်ဖိတ်၍ အိမ်၏အရှေ့တွင် စားသောက်ဖွယ်ရာများ၊ အရက်များဖြင့် တည်ခင်းဧည့်ခံကြပါသည်။ ထိုအခြင်းအရာကို ပင်လျှင် တရုတ်နတ်ရှိခိုးသည်၊ တရုတ်သင်္ကြန်ကျသည် ဟု ပြောဆိုကြပါသည်။

ယင်းအကြောင်းနှင့် စပ်လျဉ်း၍ တစ်ခါက စာရေးသူ၏ မိသားစုသည် တရုတ်မျိုးနွယ်မှ ဆင်းသက်လာခဲ့ကြရာ နှစ်စဉ်ဆိုသကဲ့သို့ အများနည်းတူ တရုတ်နတ်ရှိခိုး ကြပါသည်။ ထိုသို့ရှိခိုးကြရာဝယ် ၀က် ၊ ကြက်ကောင်လုံးပြုတ်(အကင်)၊အရက် အမျိုးမျိုး၊ မုန့်တီကွေးစသည့် အချို စားသောက်ဖွယ်ရာများကို ခင်းကျင်းကာ အတိတ်က ကွယ်လွန်ခဲ့သော ဘိုးဘွားဘီဘင်စသည့် ဆွေမျိုးများကို လာရောက်သုံးဆောင်ကြရန် အမွှေးတိုင်ထွန်းကာ ရှိခိုးပြီး ဖိတ်ခေါ်ကြရသည်။ တစ်နှစ်တွင် ဖခင်ကြီးသည် သာသနာ့ရိပ်သာသို့ သွားရောက်ပြီး တရားအားထုတ်ခဲ့ရာမှ ကိုယ်လျှောက်လှမ်းရမည့် မှန်ကန်သော လမ်းကို တွေ့မြင်သည်မှစ၍ လမ်းမှားကို စွန့်ခွာရန် အား ထုတ်ပါလေတော့သည်။ အဖေတို့မိသားစုတွင် ကိုးကွယ်သင့်ကိုးကွယ်ထိုက်သော ရတနာသုံးပါး ရှိနေပေပြီ၊ ထို့ကြောင့် ယနေ့မှစ၍ နောက်နောင် လုံးဝ တရုတ်နတ်ရှိခိုးမှု မပြုတော့ပြီ၊ ဟု ရဲရင့်စွာ ယတိပြတ် ဆုံးဖြတ်ခဲ့လေသည်။ ထိုနှစ်မှစ၍ ယခုအချိန်အထိ တရုတ်ရှိခိုးမှု မပြုကြတော့ပေ။ တိုက်ဆိုင်၍လော မပြောတတ်ချေ။ ထိုတရုတ်နတ် ရှိခိုးမှု မပြုသော နှစ်၌ပင်လျှင် အငယ်ဆုံး ညီမငယ် အိမ်ပေါ်မှ အိမ်အောက်သို့ လိမ့်ကျကာ အတွင်းဒါဏ်ရခဲ့ပါသည်။ ယနေ့ထက်တိုင် အခန့်မသင့်လျှင် ပြန်၍ နာနေသေးသည်။ ပတ်ဝန်းကျင်မှလူများသည် ထိုအဖြစ်အပျက်ကို ကြည့်ပြီး တရုတ်နတ်ရှိခိုးမှု မပြုသည့်အတွက် သည်လိုခံရသည် ဟု စွတ်စွဲပြောဆိုကြလေသည်။ ထိုသို့ဖြစ်သော်လည်း ဖခင်ကြီးသည် နှစ်ရှည်လများက စွဲယူလာခဲ့သော ထိုအယူကို အပြီးတိုင် စွန့်လွတ်ခဲ့သည့်အတွက် တိုက်ဆိုင်မှုမျှပါပဲဟု သင့်တင့်စွာနှလုံးသွင်းကာ တရုတ်နတ်ရှိခိုးခြင်းကို လုံးဝ မပြုလုပ်တော့ချေ။

နောင်တွင် ထိုနတ်ကို ရှိခိုးမှု မပြုသည့်အတွက် ထူးခြားမှု မည်သို့မျှ မဖြစ်တော့ချေ။ ဖခင်ကြီးကွယ်လွန်သည့်နောက်တွင်လည်း ရှိခိုးမှုမပြုတော့ပေ။ ဤသည်ကား ဖခင်ကြီး၏ မှန်ကန်သော လမ်းညွန်မှုကို ရခဲ့သောကြောင့် စာရေးသူတို့ မိသားစုသည် ကိုးကွယ်မှုမှန်ကန်ခဲ့ရခြင်းဖြစ်ပါသည်။

တရုတ်နတ်ရှိခိုးခြင်းသည် ရှေးပဝေသဏီကပင်လျှင် စတင်ခဲ့ကြဟန်တူပါသည်။ တရုတ်နတ်များကို စားသောက်ဖွယ်ရာများဖြင့် ရှိခိုးပူဇော်သောအခါ ထိုနတ်များသည် လူတို့အား စီးပွါးလာဘ်လာဘပေါများစေသည်၊ ရောဂါဘယကင်းရှင်းစေသည်၊ ကျန်းမာရေးကောင်းစေမည် ဟု တထစ်ချ မှတ်ယူ ယုံကြည်ထားကြပါသည်။ အကယ်၍ သူတို့ကို စားသောက်ဖွယ်များဖြင့် ရှိခိုး ပသမှု မပြုလုပ်ကြဘူးဆိုလျှင် ကျန်းမာရေးချို့တဲ့အောင်ပြုလုပ်လိမ့်မည်၊ စီးပွားရေးပျက်အောင်ပြုလုပ်လိမ့်မည်၊ အိမ်ထောင်ရေးပျက်ယွင်းအောင်ပြုလုပ်လိမ့်မည်၊ အသက်ဘေးနှင့်လည်းတွေ့ကြုံရမည်ဟု မကောင်းသော ခြောက်လှန့်မှုများကြောင့် တစ်နှစ် တစ်ကြိမ်ဆိုသကဲ့သို့ ထိုနတ်ကို ရှိခိုးပသနေရခြင်းဖြစ်ပါသည်။ ငွေကြေးမတတ်နိုင်သူများဆိုလျှင် မချစ်သော်လည်း အောင့်ကာနမ်း ဆိုသကဲ့သို့ ဆိုခဲ့ပြီးသောခြောက်လန့်မှုများကြောင့် မရှိခိုးချင်သော်လည်း ရှိခိုးနေကြရပါသည်။ မဖြစ်သော်ကံရာရှိ ဆိုသကဲ့သို့ ထိုနတ်ကို ရှိခိုးကြရသည်ချည်း ဖြစ်ပေသည်။

တရုတ်မျိုးနွယ်စုဆိုလျှင် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ နားထောင်၍ကောင်းသေးသည်၊ ယခုအခါ၌ကား မြန်မာစစ်စစ်ပင်ဖြစ်ပါသော်လည်း အတိတ်မှ တရုတ်နတ်လိုက်သည် (အချို့ကား ရှမ်းနတ်၊ကရင်နတ်လိုက်သည်) ဟု ဆိုကာ ဗေဒင်ဆရာ၊နတ်သူငယ်၊ဆေးဆရာတို့၏ မဆင်မခြင် ဟောပြောမှုတို့ကြောင့် မြန်မာမျိုးနွယ်မှ မွေးဖွားလာသော မြန်မာစစ်စစ်ဆိုသူ(oreginal)များပင်လျှင် ကြောက်လန့်ကာ တရုတ်နတ်၊ရှမ်း၊ကရင်နတ်စသည်တို့ကို ကိုးကွယ်နေကြလေကုန်ပြီ၊ စိတ်ပျက်ဖွယ်ကောင်းပေစွ။ တွေးမိသည်မှာ-ထိုနတ်များသည် လူကကျွေးမှ စားရရှာပါသည်။ ထိုသို့ဖြစ်ပါလျှက် လူများက အဘယ်ကြောင့် အားကိုးနေရပါသနည်း။ စင်စစ် အားကိုးသည်ဆိုရာဝယ် ကိုယ့်ထက်သာလွန်သော တန်ခိုးကြီးသော အထက်တန်းစားနတ်ဆိုလျှင် အားကိုးရသည့်အတွက် အကျိုးအမြတ်တော့ ရရှိပေဦးမည်။ ယခု၌ကား ပိုက်ဆံများစွာ အကုန်အကျခံကာ ကျွေးသာကျွေးလိုက်ရသည် ။ နောင်အနာဂါတ်တွင် မည်သို့ဖြစ်လာမည်ကို မည်သူမှ မသိနိုင်ချေ။ သေချာသည်ကား စုဆောင်းထားသည့် ငွေများသာ ကုန်သွားကြသည်ချည်းပင်။

ယခုဆိုလျှင် ထိုလုပ်ရပ်များသည် စာရေးသူတို့ မြို့၌သာမက နိုင်ငံနှင့်အ၀ှမ်းတွင် အရိုးစွဲနေပေပြီ၊ စားသောက်ဖွယ်ရာများဖြင့် နတ်ကို ပသကျွေးမွေးသည်ဆိုရာ၌ ကြက်၊၀က်၊ အရက်တို့ကို ထိုနတ်က သုံးဆောင်နိုင်ပါမည်လား၊ နတ်ဆိုသည်မှာ အမှန်စင်စစ် လူတို့၏ အနားသို့ ချည်းကပ်ရန်ပင် မဆိုထားနှင့် လူတို့၏ အနံ့ကိုပင် ခံနိုင်စွမ်းမရှိသောကြောင့် နတ်များတော့ မဖြစ်နိုင်ပေ၊ ပြိတ္တာမျိုးနွယ်စုများအနက်မှ တစ်မျိုး ဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဘုန်းကံရှိသော အဆင့်တန်းမြင့်သည့်လူများသည် ဘုန်းကံနိမ့်ကျသော ပြိတ္တာများကို ရှိခိုးမှု ပြုသင့်ပါ၏လော၊ ချင့်၍ ယုံကြည်ကြပါရန်။

အမှန်စင်စစ် နတ်များဖြစ်သည်ဆိုစေဦးတော့၊ ထိုနတ်များကို ကိုးကွယ်သင့်ပါသလား၊ နတ်များကို ကိုးကွယ်ရှိခိုးမှု မပြုသင့်ပါ၊ ပသမှု ပြုမည်ဆိုလျှင် ပြုကောင်းပါသည်၊ ပသမှုဟူသည် သီလရှိသော ရဟန်းသံဃာများအား အိမ်သို့ ပင့်ဆောင်၍ ဆွမ်းလုပ်ကျွေးကာ ကုသိုလ်အဘို့ကို ဆိုင်ရာနတ်များအား အမျှအတမ်းပေးဝေခြင်းသည် နတ်များကို အကောင်းဆုံးသော ပသနည်းဟု သုနိဓနှင့်ဝဿကာရအမတ်တို့၏ ဖြစ်ရပ်တွင် မြတ်ဗုဒ္ဓဟောတော်မူထားခဲ့ပါသည်။

(၆.၂.၂၀၀၈) ဗုဒ္ဓဟူးနေ့-

ထိုနေ့တွင် နတ်ရှိခိုးခြင်းနှင့်ပတ်သက်၍ မြို့နေလူများ မသိလိုက်သော ထူးခြားသည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါသည်။

ထိုဖြစ်ရပ်ကား မြိတ်မြို့-ကွက်သစ်ရပ်တွင်နေထိုင်သော ဒေါ်ဆန်းလှမိသားစုသည် တရုတ်မျိုးနွယ်စုမှ ဆင်းသက်လာသောသူများဖြစ်သောကြောင့် အများနည်းတူ နှစ်စဉ်နှစ်တိုင်း တရုတ်နတ်ရှိခိုးခဲ့ရာတွင် ယနေ့ထိတိုင်အောင်ပင်ဖြစ်သည်။ (၂၀၀၈)ခုနှစ်မှစ၍ နတ်ရှိခိုးခြင်းအမှုကို မပြုတော့ဘဲ ရဟန်းသံဃာတော်များကို အိမ်သို့ပင့်ဖိတ်၍ ဆွမ်းလှူဒါန်းကာ ကုသိုလ်အဘို့ကို ဆိုင်ရာနတ်များအား ရေစက်ချ အမျှတမ်းပေးဝေခဲ့ကာ ဗုဒ္ဓနည်းကျ ကုသိုလ်ဒါန ပြုလုပ်ခဲ့ပါသည်။ ရဟန်းသံဃာတော်များ၏ မှန်ကန်သော လမ်းညွန်မှုအရိပ်ကို ခိုလှုံကာ နတ်ကိုးကွယ်မှု အယူအဆမှ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့ပြီဖြစ်သော ထိုမိသားစုအတွက် ကြည်နူးဝမ်းမြောက် ခဲ့ရပါသည်။

ကောင်းမှုပွဲတွင် ဆရာတော်ဟောပြောသော တရားတော်သည် နာရသူအဖို့ စိတ်ဝင်စားဖွယ် မှတ်သားဖွယ်ကောင်းလှသော ကြောင့် မှတ်မိသမျှ ပြန်၍ ပြောရလျှင်-

တရုတ်နတ်ရှိခိုးခြင်းသည် ခေတ်အဆက်ဆက်က ပြုလုပ်ခဲ့သည့်အတွက် ထိုအခြင်းအရာကို စွန့်လွတ်နိုင်ရန် လွယ်ကူ သောအရာမဟုတ်ပါချေ။ သာမန်ယုံကြည်မှုမျိုးဖြင့် ပြတ်ပြတ်သားသား စွန့်လွတ်နိုင်ရန် ခဲယဉ်းလှပေသည်။ မှန်ကန်သော အသိအမြင်တို့ဖြင့် ဘုရား၊တရား၊သံဃာ ရတနာသုံးပါးတွင် သက်ဝင်ယုံကြည်သော သဒ္ဓါတရားရှိမှသာလျှင် ထိုအယူကို စွန့်လွတ်နိုင်ပါသည်။ ထိုအယူကိုစွန့်လွတ်ပြီး ရတနာသုံးပါးကို သက်ဝင်ယုံကြည်လျှင် ဥပါသကာဟုခေါ်ပါသည်။ ဥပါသကာတစ်ယောက်ဖြစ်ရန် အရည်အချင်း (၅)မျိုးနှင့်ပြည့်စုံရပါမည်။ ၄င်းတို့မှာ-

၁။ သဒ္ဓါတရားနှင့်ပြည့်စုံခြင်း

အရေးကြုံလျှင် ဗေဒင်၊ လက္ခဏာ၊နတ်သူငယ်ဟောပြောချက်များ၊ ဘိုးဘိုးအောင်၊ဘိုးမင်းခေါင်၊ ဘိုးတီဘွား၊ ကွမ်ရင် စသည်များကို အားမကိုးသင့်ပေ။ ထိုအရာများက မိမိဘ၀ကို အပြောင်းလဲကြီးပြောင်းလဲအောင် မဖန်တီးပေးနိုင်ချေ။ မိမိဘ၀ကို ဖန်တီးပေးနိုင်သော အရာသည် ရတနာသုံးပါးပင်ဖြစ်သည်။ ရတနာသုံးပါးမှတစ်ပါး ကိုးကွယ်အားထားရာဟူ၍ မရှိဟု မှန်ကန်သော အတွေးအမြင် ဥာဏ်ယှဉ်ကာ ရတနာသုံးပါးအပေါ်တွင် ယုံကြည်မှုရှိရပါမည်။ ဤသည်ပင်လျှင် သဒ္ဓါတရားနှင့်ပြည့်စုံသည်ဟု ခေါ်ပါသည်။

၂။ အနည်းဆုံး ငါးပါးသီလပြည့်စုံရမည်။

ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲ၍ အချက်ငါးချက်ကို ရှောင်ကြဉ်ရပါမည်။

(က)။ လက်နက်ရောင်းဝယ်ဖေါက်ကားခြင်း၊

(ခ)။ လူအရောင်းအ၀ယ်ပြုလုပ်ခြင်း (ကျွန်ရောင်း ကျွန်ဝယ်ခြင်း၊ပြည့်တန်ဆာ ရောင်းဝယ်ခြင်းစသည်)၊

(ဂ)။ ကြက်၊၀က်၊ အမဲသား၊ ငါး ရောင်းဝယ်ခြင်း၊

(ဃ)။ မူးရစ်ဆေးဝါးအမျိုးမျိုးနှင့် သေရည်သေရက် ရောင်းဝယ်ခြင်း။

(င)။ လူကို သေစေတတ်သည့် အဆိပ် ရောင်းဝယ်ခြင်း။ တို့ဖြစ်ပါသည်။

၃။ ကောတုဟလမင်္ဂလခေါ် အထူးအဆန်းမင်္ဂလာကို ယုံကြည်လက်ခံခြင်း မပြုရ၊

မည်သည့်နေရာ၌ မင်းလောင်းပေါ်သည်၊ ထူးဆန်းသော ဘိုးတော်များပေါ်သည်၊ မြေကြီးထဲက သစ်မြစ်တွင် သဘာဝအရုပ် တစ်ရုပ်ပေါ်နေသည်၊ ထူးဆန်းသော ကိုရင်လေး၊ သဲံဆွမ်းစားသော ကိုယ်တော်၊ ရေဆွမ်းဘုဉ်းသော ကိုယ်တော် လေကိုသာစားသော ကိုယ်တော်စသည့် ထူးဆန်းသော အရာများပေါ်လျှင် ဟုတ်၏ မဟုတ်၏ဟု ကိုယ်ပိုင်တွေးခေါ်မှု မရှိဘဲ အရမ်းယုံ အကမ်းယုံ ယုံလေတော့ သည်။ ထိုကဲ့သို့ ထူးဆန်းသော ကောတုဟလမင်္ဂလကို မယုံကြည်ရပေ။

၎။ ကံ-ကံ၏အကျိုးကို ယုံကြည်ရ၏၊

၅။ အယူပျက်သည့် သာသနာပ အလှူခံပုဂ္ဂိုလ်တို့ကို အရိုအသေမပြုရ မလှူဒါန်းရပေ။

ဆိုရေးရှိက ဆိုအပ်စွဆိုသကဲ့သို့ သာသနာပအလှူခံနှင့်စပ်၍ ပြောရပေဦးမည်၊ မကြာသေးမီက ရန်ကုန် -မော်လမြိုင် စုံဆန်ရထားပေါ်တွင် ဒေါက်ချာ ကြီးဆောင်းထားသူ ရသေ့ယောင်ယောင် ဘိုးတော်ယောင်ယောင်တစ်ဦးသည် ဈေးသည်နှင့်အလားတူစွာ လူးလားခေါက်ပြန်သွားကာ “ (၇)ရက်သားသမီးများ စီးပွးတက်ချင်တယ်၊ လာဘ်ရွှင်ချင်တယ်ဆိုရင် ၀တ်ထားသော ရွှေနားကပ်၊ ရွှေဆွဲကြိုး ၊ရွှေလက်ကောက်တို့ကို ပေးလှူက ကြီးပွားမြန်တယ်” ဟု ငွေဖလားကိုင်ကာ အော်ကြီးဟစ်ကျယ်ဖြင့် အလှူခံနေသည်မှာ သာသနာတော်ကို အိုးမဲသုတ်နေသည့်အတွက် ရှက်စရာကောင်းလှပါသည်။ ပြောလိုသည်မှာ ယနေ့ခေတ် ရသေ့၊ ဘိုးတော်၊ ကွမ်ရင် ၊ အမ်းကုန်း၊ ပေါင်ကား ဒူးထောင် ဘိုးမင်းခေါင်စသည့် သသနာအပြင်ဘက်က သူများအား ရိုသေမှု မပြုသင့်ပါ၊ လှူဒါန်းမှု မပြုသင့်ပါ။

အဆိုပါ အင်္ဂါရပ်များနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို နှစ်သက်ကြည်ညိုဖွယ် ဥပါသကာ ဟုလည်းကောင်း ၊ အရည်အသွေးပြည့်သော ဥပါသကာ ဟုလည်းကောင်း ခေါ်ပါသည်။ နောင်တွင်လည်း ဘ၀တွင် ဥပါသကာကောင်းတစ်ယောက်အဖြစ် အစဉ်အမြဲရပ်တည်နိုင်ရန် အတွက် ဆိုခဲ့ပြီးသော ဥပါသကာ၏ အရည်အချင်းနှင့် ပြည့်စုံအောင် ကြိုးစားကြစေချင်ပါသည် ဟု ပြောကာ တရားတော်ကို အဆုံးသတ် သွားခဲ့ပါသည်။

ဤသို့ဖြင့် မြိတ်မြို့-ကွက်သစ်ရပ်နေ ဒေါ်ဆန်းလှမိသားစုတို့၏ ရိုးစင်းပြီး ပကာသနမဖက်သည့် တန်ဖိုးမဖြတ်နိုင်သော ကောင်းမှုပွဲလေးသည် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။ နတ်ကိုးကွယ်မှုမှ မရုန်းထွက်နိုင်သော သူများသည်လည်း အဆိုပါ မိသားစုကဲ့သို့ နတ်ကိုးကွယ်မှုမှ ရုန်းထွက်နိုင်မည်ဆိုလျှင် ကောင်းလေစွ။ ရုန်းထွက်ချင်သော်လည်း မရုန်းထွက်နိုင်သေးသောသူများ သည် အယူအမြင်စင်ကြယ်ရေးဆိုင်ရာ ဘာသာရေးမဂ္ဂဇင်းများဖြစ်သည့် ဓမ္မရံသီ၊ဓမ္မရတနာမဂ္ဂဇင်းများကို ဖတ်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။ စာဖတ်သူများ နတ်ကိုးကွယ်မှုမှ အောင်မြင်စွာ ရုန်းထွက်နိုင်ကြပါစေ……..။ ။

အလေးအမြတ်ပြုရမည့် အရပ်ခြောက်မျက်နှာ

အလေးအမြတ်ပြုရမည့် အရပ်ခြောက်မျက်နှာ

အရှေ့မိဘ၊တောင်မှာဆရာ၊နောက်မှာ မယား၊ မြောက်ကား မိတ်ဆွေ၊ အောက်ခြေ ကျွန်မှတ်၊ ထက်ရပ် သံဃံ၊ မှတ်သားပါ၊ခြောက်ဖြာတံခါးပေါက်။

သားသမီးကျင့်ဝတ် ငါးပါး

၁။ကျွေးမွေးမပျက် ၂။ဆောင်ရွက်စီမံ၊

၃။မွေခံထိုက်စေ ၄။လှူမျှဝေ၍၊

၅။စောင့်လေမျိုးနွယ်၊

ဝတ်ငါးသွယ်၊ကျင့်ဖွယ်သားတို့တာ(ကျင့်ဖွယ်သမီးတို့တာ)။

မိဘကျင့်ဝတ် ငါးပါး

၁။မကောင်းမြစ်တာ၊ ၂။ကောင်းရာညွှန်လတ်၊

၃။အတတ် သင်စေ၊ ၄။ပေးဝေနှီးရင်း၊

၅။ထိမ်းမြားခြင်းလျှင်၊

ဝတ်ငါးအင် ၊ ဖခင်မယ်တို့တာ။

တပည့်ကျင့်ဝတ် ငါးပါး

၁။ညီညာထကြွ (လာမူကြိုဆီး)

၂။ဆုံးမနာယူ၊

၃-၄။ထံနီးလုပ်ကျွေး (အတူနေ,အနီးနေ၍ လုပ်ကျွေးခြင်း၊)

၅။တပည့်ဝတ်၊ မချွတ်ငါးခုသာ။

ဆရာကျင့်ဝတ် ငါးပါး

၁။အတတ်လည်းသင်၊ ၂။ ပဲ့ပြင်ဆုံးမ၊

၃။သိပ္ပမချန်၊ ၄။ဘေးရန်ဆီးကာ၊

၅။သင့်ရာအပ်ပို့

ဆရာတို့ ၊ ကျင့်ဖို့ဝတ်ငါးဖြာ။

လင်ကျင့်ဝတ် ငါးပါး

၁။မထီမဲ့ကင်း၊ ၂။အပ်နှင်းဥစ္စာ၊

၃။မိစ္ဆာမမှား၊ ၄။ဝတ်စားဆင်ယင်၊

၅။မြတ်နိုးကြင်

ငါးအင် လင်ကျင့်ရာ။

မယားကျင့်ဝတ် ငါးပါး

၁။အိမ်တွင်းမှူလုပ်၊ ၂။သိမ်းထုပ်သေချာ၊

၃။မိစ္ဆာကြဉ်ရှောင်၊ ၄။လျော်အောင်ဖြန့်ချီ၊

၅။ပျင်းရိမမူ၊

ဝတ်ငါးဆူ ၊ အိမ်သူ ကျင့်အပ်စွာ။

မိတ်ဆွေကျင့်ဝတ် ငါးပါး

၁။ပေးကမ်းချီးမြှင့်၊ ၂။ကိုယ်နှင့်ယှဉ်ထား၊

၃။စီးပွားဆောင်ရွက်၊ ၄။နူတ်မြွက်ချိုသာ။

၅။သစ္စာမှန်စေ၊

ဝတ်ငါးထွေ၊ ကျင့်လေ မိတ်သဟာ။

အလုပ်ရှင် (အရှင်) ကျင့်ဝတ်ငါးပါး

၁။ဝစွာကျွေးမွေး၊ ၂။ပြုရေးစီရင်၊

၃။နာလျှင်ကုစေ၊ ၄။ငှဝေရသာ၊

၅။အခါကိုလွှတ်၊

အလုပ်ရှင်ဝတ် ၊ မချွတ်ငါးခုသာ။

အလုပ်သမား(ကျွန်) ကျင့်ဝတ်ငါးပါး

၁။အိပ်သော် နောက်ကျ၊ ၂။ထသော်ကား ရှေး၊

၃။ပေးမှ ယူအပ်၊ ၃။စေ့စပ် ဆောင်ရွက်၊

၅။ကျေးဇူးမြွက်၊

ငါးချက် လုပ်သားဝတ်။

ဒါယကာကျင့်ဝတ် ငါးပါး

၁။မေတ္တာစိတ်သက်၊ ၂။ဆောင်ရွက်ချစ်ခင်၊

၃။ခင်မင်နှုတ်ချို၊ ၄။လိုလျှင် ဖိတ်ထား၊

၅။တတ်အားလှူစေ၊

ဝတ်ငါးထွေ ၊ ပြုလေဒါယကာ။

၇ဟန်းကျင့်ဝတ် ခြောက်ပါး

၁။မကောင်းမြစ်ထာ၊ ၂။ကောင်းရာညွှန်လစ်၊

၃။အသစ် ဟောကျုး၊ ၄။နာဖူးထပ်မံ၊

၅။နုတ်ထံတင်ရာ၊ ၆။မေတ္တာလည်းပြု၊

ရဟန်းမှူ ၊ ခြောက်ခု လွန်သေချာ။

Saturday, February 9, 2008

တွေးတတ်ကြပါစေ

ကမ္ဘာဦးအစကတည်းက လူသားတို့သည် ကိုးကွယ် အားထားမီခိုရာ ရှာဖွေခဲ့ကြရာတွင် တော ၊ တောင် ၊ ရေ ၊မြေ ၊ မီး စသည့် မိမိတို့ယုံကြည်ရာကို အားထားမှီခို ကိုးကွယ်ခဲ့ကြသည်။ generation တစ်ခုပြီးတစ်ခု ပြောင်းလဲလာသည်နှင့်အမျှ လူသားများ၏ ကိုးကွယ်မှု ပိုင်းဆိုင်ရာများ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ကြပါသည်။

ထိုသို့ ကိုးကွယ်မှုများ ပြောင်းလဲလာခဲ့ကြရာတွင် လွန်ခဲ့သော နှစ်ပေါင်း(၂၅၀၀)ကျော်ကာလက ဘုရား၊ တရား ၊ သံဃာ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်မှု ပြုခဲ့ကြသောသူများရှိခဲ့ကြသည်။ ထိုသူများကို ဗုဒ္ဓဘာသာဝင်များဟု ခေါ်ဆိုကြပါသည်။ ဗုဒ္ဓဘာသာဝင်ဟူသည် ရတနာသုံးပါးကို ယုံကြည်ကြသောကြောင့် ဗုဒ္ဓ၏ အဆုံးအမများကို ချွင်းချက်မရှိ လိုက်နာကျင့်သုံးခဲ့ကြရာ အဆင့်အတန်းမြင့်သော ဘ၀သို့ ရောက်ရှိသူများသည် မရေမတွက်နိုင်အောင် များပြားသကဲ့သို့ ဗုဒ္ဓအဆုံးအမကို မလိုက်နာမကျင့်သုံးသောကြောင့် အဆင့်တန်းနိမ့်သော ဘ၀များသို့ ရောက်ရှိသူများသည်လည်း မရေတွက်နိုင်အောင်ပင် ဖြစ်ချေ၏။

ထိုဗုဒ္ဓဘာသာဝင်များထဲတွင် ရတနာသုံးပါးမှတစ်ပါး တစ်ခြားအားထားကိုးကွယ်ရာမရှိဟု အသိဥာဏ်ဖြင့် သိရှိထားကြသူ ဗုဒ္ဓ ဘာသာဝင် စစ်စစ်များ ရှိကြပါသည်။ ထို့ပြင် တကယ့်အရေး တကယ့်ဘေးနှင့် တွေ့ကြုံလာလျှင် ရတနာသုံးပါးကို အပေါ်ယံမျှသာ ယုံကြည်အားထားကြပြီး၊ လက်ရှိပစ္စုပ္ပန်၌ အမှန်တကယ် အားထားရမည်ဟု သေချာပေါက် မပြောနိုင်သော ဘိုးတော် မယ်တော် အန်းကုန်း သူရဿတီ ကွမ်ရင် စသည်များကို အားထားယုံကြည်နေကြသော ဗုဒ္ဓဖာသိဖာသာများလည်း ရှိနေကြသည့်အပြင်၊ ဗေဒင်၊ လက္ခဏာ၊ နတ်သူငယ်၊အတွင်း(၃၇)မင်း အပြင် (၃၇)မင်းနတ်များကို ဘုရားတစ်ဆူအလား ကိုးကွယ်နေကြသော မိရိုးဖလာ ဗုဒ္ဓဖာသိဖာသာ များလည်း ရှိကြပေသည်။

တစ်နေ့သ၌ ကလင်……ကလင်……ကလင် ဖုန်းသံကြောင့် စာရေးသူ ဖုန်းကိုင်လိုက်သောအခါ “အရှင်ဘုရား…..တပည့်တော်မ ( ) ပါဘုရား” ၊ ဟု မိတ်ဆက်စကားဆိုလာသည်။

စာရေးသူ “အင်း…….ပြောပါဦး ဘာကိစ္စများပါလိမ့်” ၊

ဒကာမကြီး “တစ်ခြားမဟုတ်ပါဘူးဘုရား… မနက်ဖြန် အရှင်ဘုရားတို့ ကျောင်းမှာ တပည့်တော်မ ခင်ပွန်းသည်ကို ရဟန်းဝတ် ပေးချင်လို့ပါဘုရား” ၊ ဟု ပြောလာပါ၏ ။

စာရေးသူ “ ကောင်းတာပေါ့ ဒကာမကြီး လာသာလာခဲ့ပါ” ။ ဟုဆိုကာ ရဟန်းခံရာ၌ လိုအပ်သော ပရိက္ခရာများဝယ်ရန် ပြောပြခဲ့ပါသည်။

ရဟန်းခံမည့်နေ့သို့ ရောက်သောအခါ ဒကာမကြီးက “ အရှင်ဘုရား….တပည့်တော်မ ခင်ပွန်းကို သိမ်ဝင်တဲ့အခါမှာ ကမ္မ၀ါစာ (၃)ကြိမ်တိတိ ဖတ်ပေးတော်မူပါဘုရား” ဟု ပြောလိုက်သောစကားကြောင့် အလွန် အံ့သြခဲ့ရပါသည်။

အမှန်စင်စစ်- ရဟန်းခံသည်ဆိုရာဝယ် ရဟန်းကိစ္စမှာ ရဟန်းများနှင့်သာ သက်ဆိုင်ပါသည်။ ရဟန်းခံ သိမ်ဝင်သည့်အခါတွင် လူပုဂ္ဂိုလ်များက စီမံ ပိုင်ခွင့် မရှိကြပါ။ ထိုကဲ့သို့ စီမံပိုင်ခွင့်သည် ယခင်ကလည်း မရှိခဲ့၊ ယခုလည်းမရှိ ၊ နှောင်လည်း ဘယ်သောအခါမျှ ရှိလိမ့်မည်မဟုတ်ချေ။ သို့ပါသော်လည်း ထိုဒကာမကြီးက သူကိုယ်တိုင် နားလည်သည့်ပမာ စီမံနေချေပြီ ။ စာရေးသူလည်း မနေနိင်သောကြောင့် “ ဒကာမကြီး ရဟန်းခံတဲ့အခါ ကမ္မ၀ါစာ (၃)ကြိမ်ဖတ်ရမယ် လို့ ဘယ်သူက ပြောတာလဲ၊ ဒါမှမဟုတ် ဒကာမကြီးကိုယ်တိုင်က သိလို့ ပြောတာလား” ဟု မေးရပါသည်။ “ အရှင်ဘုရား….တပည့်တော်မ သိလို့မဟုတ်ပါဘူး၊ ( )

ကျောင်းက ဘုန်းကြီးတစ်ပါးထံမှ ဗေဒင် အဟောထွက်လို့ပါဘုရား” ။ ဟု ဒကာမကြီးက အဖြေပေးပါသည်။ ဆက်လက်၍ စာရေးသူက “ ကမ္မ၀ါ(၃)ကြိမ်ဖတ်ရင် ဘာအကျိုးတွေ ရနိုင်တယ်ဆိုတာ ဗေဒင်ဆရာက မပြောလိုက်ဖူးလား” ။ ဟုမေးသောအခါ ထိုအမေးကို မဖြေဘဲ သူမ၏ အိမ်ထောင်ရေးပြဿနာ အကြောင်းကို ပြောပါလေတော့သည်။

သူမ၏ ခင်ပွန်းသည်သည် အမျိုးသမီးတစ်ယောက်နှင့် ငြိစွန်းကာ နောက်အိမ်ထောင်အသစ်တစ်ခု ထူထောင်တော့မည်ဖြစ်သည်။ ထိုအကြောင်းနှင့်ဆက်နွယ်၍ သူမသည် ဘုန်းကြီးတစ်ပါးထံ ဗေဒင်မေးခဲ့ရာ ဗေဒင်ဆရာဘုန်းကြီးက သူမ၏ အိမ်ထောင်ရေး အဆင်ပြေနိုင်ရန်အတွက် ခင်ပွန်းသည်အား ရဟန်းခံပေးရမှာဖြစ်ကြောင်း၊ ခင်ပွန်းသည် ရဟန်းခံသည့်အခါတွင် ကမ္မ၀ါစာ (၃)ကြိမ်ဖတ်ရမည်ဟု ဗေဒင်အဟောထွက်သောကြောင့် ယခုကဲ့သို့ လျှောက်ထားရခြင်း ဖြစ်ပါကြောင်း ပြောလာပါသည်။

သူမ၏ ပြောဆိုချက်များအရ ဤနေရာ၌ -

(၁)အိမ်ထောင်ရေးပြဿနာ ပြေလည်စေရန် ၊

(၂) ရဟန်းခံရခြင်း၏ ရည်ရွယ်ချက် ၊

(၃) ဗေဒင်ဆရာ၏ လမ်းညွန်ချက် ၊ ဟု အကြောင်းအရာသုံးချက် ထွက်ပေါ်လာသည်။

(၁) ခင်ပွန်းသည်အား ရဟန်းခံပေးခြင်းဖြင့် မိမိတို့ အိမ်ထောင်ရေးပြဿနာကို မဖြေရှင်းပေးနိုင်သကဲ့သို့ ဗေဒင်ဆရာကလည်း ဖြေရှင်းပေး၍ မရနိင်ပေ။ ထိုပြဿနာကို ဖြေရှင်းပေးနိုင်သောသူများကား ကာယကံရှင်များဖြစ်ကြသော အိမ်ထောင်ရှင် ဇနီးမောင်နှံ နှစ်ဦးသာဖြစ်ချေသည်။ ထိုအခြင်းအရာကို သူ သိနိုင်မည်ဆိုလျှင် ကောင်းလေစွ။

(၂) အိမ်ထောင်ရေးပြဿနာ ပြေလည်စေရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရဟန်းပြုခြင်းသည် ညံ့ဖျင်းသော ရည်ရွယ်ချက်ဖြစ်ပါသည်။ သို့သော်လည်း ရဟန်းခံရသည့် ရည်ရွယ်ချက်သည် မည်မျှပင်ညံ့ဖျင်းနေစေကာမူ အကြောင်းမဟုတ်ပါ။ ရဟန်းခံဖြစ်သည် ကပင်လျှင် ကောင်းလှပါသည်ဟု ဆိုရပါမည်။

အဘယ့်ကြောင့်နည်းဟူမူ တစ်ခါက မြတ်စွာဘုရားရှင်သည် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူစဉ် ညီတော်နန္ဒမင်းသားသည် ဇနပဒကလျာဏီမင်းသမီးနှင့် လက်ထပ်ထိမ်းမြားရမည့်နေ့နှင့်တိုက်ဆိုင်နေပါသည်။ မြတ်စွာဘုရားသည် ကပိလ၀တ်နန်းတော်မှ ပြန်ကြွတော်မူသောအခါ နန္ဒမင်းသားကို သပိတ်တော်ပေး၍ နောက်ပါးက လိုက်စေသည်။ ကျောင်းတော်သို့ ရောက်ရှိသောအခါ နန္ဒမင်းသားအား ရဟန်းပြုရန် မိန့်တော်မူ၏။ နန္ဒမင်းသားသည် သိဒ္ဓတ္ထမင်းသားဘ၀ ငယ်စဉ်ကပင်လျှင် ချစ်ကြောက်ရိုသေ ရသောကြောင့် ရဟန်းမပြုချင်သော်လည်း ပြုခဲ့ရရှာသည်။ အတန်ငယ်ကြာသော် နန်းတော်၌ ကျန်ရစ်ခဲ့သော ဇနပဒကလျာဏီမင်းသမီးကို လွမ်းလှသည့်အဖြစ်ကြောင့် လူထွက်လိုသောစိတ်ဖြစ်ပေါ်၍ နေပေ၏ သာသနာ၌ ငြီးငွေ့နေသော နန္ဒထေရ်အား ဘုရားရှင်သည် တာဝတိံသာ သို့ ခေါ်ဆောင်ပြီး နတ်သမီးတို့ကို ပြတော်မူရာ မိမိစွဲလမ်းနေသော ဇနပဒကလျာဏီသည် နတ်သမီးတို့နှင့် နှိုင်းယှဉ်လျှင် မျောက်အိုမနှင့်သာ ပမာတူလှပါပေ၏ ဟု သိမြင်ပြီး နတ်သမီးများကို ရလိုမှုဖြင့် တရားအားထုတ်ခဲ့ပါသည်။ အခြားရဟန်းများက ပြောင်လှောင်ကဲ့ရဲ့ကြသဖြင့် သံဝေဂရကာ တရားအားထုတ်သောအခါ ရဟန္တာဖြစ်တော်မူခဲ့ရလေသည်။ ထို့ကြောင့်ရဟန်းခံရာ၌ ရည်ရွယ်ချက်မကောင်းသော်လည်း အကြောင်းမဟုတ်ပါချေ။

(၃) ဗေဒင်ဆရာ၏ လမ်းညွန်ချက်။

ဗေဒင်ဆရာ၏ လမ်းညွန်ချက်အတိုင်း ရဟန်းခံရာ၌ ကမ္မ၀ါ(၃)ကြိမ်ဖတ်ရုံမျှဖြင့် အိမ်ထောင်ရေး ပြဿနာဖြေရှင်းပေးနိုင်သည်ဆိုသည်မှာ သဘာဝမကျပါချေ။ ရဟန်းတော်များသည် သိမ်ဝင်ပြီး ရဟန်းခံပေးရာ၌ ရှေးယခင်ကလည်း ကမ္မ၀ါ(၃)ကြိမ်ဖတ်ခဲ့ရပါသည်။ ယခုလည်းဖတ်ရပါသည် ၊ နောင်လည်း ဖတ်ရပါဦးမည်။ ဗေဒင်ဆရာပြောမှ ဖတ်ရမည်မဟုတ်ပါ။ ဗေဒင်ဆရာက အထူးအဆန်းလုပ်ခါ ပြော လိုက်သောစကားကို အဟုတ်ကြီးထင်မှတ်ကြလေသည်။ ဤနေရာ၌ ဗေဒင်ဆရာ အပြစ်ဟု ပြော၍ မရနိုင်ပါချေ။ လောက၀ယ် ဟုတ်၏-မဟုတ်၏ ၊ ဖြစ်နိုင်၏ - မဖြစ်နိုင်၏ ဟူသည်ကို မိမိ၏ ကိုယ်ပို်င်ဥာဏ်ဖြင့် စဉ်းစားဆင်ခြင်သုံးသပ်မှု မရှိဘဲ ၊ သူတစ်ပါး၏ အလိမ်ခံချင်နေကြသော သူများ ရှိနေသမျှ ကာလပတ်လုံး ဗေဒင်ဆရာတို့၏ အလိမ်ကို ခံနေကြရဦးမည်ဖြစ်ပါသည်။ အလိမ်ခံမည့်သူများမရှိလျှင် ဗေဒင်ဆရာများ၏ ဘ၀သည်လည်း ရပ်တည်နိုင်တော့မည် မဟုတ်ပါချေ။ ထို့ကြောင့် လူအများတို့သည် ဖြစ်လာသော အကြောင်းအရာ ပြဿနာများအပေါ်၌ ဗေဒင်ဆရာ၏ အဆုံးအဖြတ်ကို မယူသင့်ပေ။ သူတစ်ပါး ပါးစပ်ဖျား၌ လမ်းဆုံး၍ မနေဘဲ ၊ မိမိကိုယ်ပို်င်ဥာဏ်ကို အသုံးချပြီး မှန်ကန်အောင် ဆုံးဖြတ်စေချင်လှပါသည်။

ဤဆောင်းပါး၌ ဗေဒင်ကို အပြစ်ပြောနေသည်ဟု စာဖတ်သူများက မယူဆစေချင်ပေ။ လောက၌ သဘာဝကျကျ တွေးခေါ်တတ်ရန် ရေးသားပေးရခြင်းဖြစ်ပါသည်။

ဗေဒင်မေးသောအခါ မွေးသက္ကရာဇ် အပေါ်မူတည်၍ ဗေဒင်ပညာဖြင့် တွက်ချက်ပြီး ဟောစာတမ်းအမျိုးစုံ အောင် ထွက်ပေါ်လာရသည်။ မွေးသက္ကရာဇ် မတူညီခြင်းကြောင့် ဟောစာတမ်းများ မတူညီကြ၊ဟုဆိုလျှင် လောက၌ မွေးသက္ကသရာဇ်ခြင်းတူညီကြသော အမွှာပူးများ၏ ကံကြမ္မာခြင်းလည်း တူညီကြမည်ဖြစ်ပါသည်။ စာရေးသူ၏ တူ/တူမ သုံးယောက်သည် လောကကြီးအတွင်းသို့ တစ်နေ့တည်း ရောက်ရှိလာကြသည်။ ကလေးသုံးယောက်သည် အမွှားပူးပင်ဖြစ်သော် လည်း တစ်ယောက်နှင့်တစ်ယောက် စရိုက်လက္ခဏာခြင်း ကွာခြားကြသည့်အပြင် အကျိုးပေးခြင်းလည်း ကွာလွန်းလှပါသည်။ ဗေဒင်အလိုကမူ တစ်နေ့ထဲ ရှေ့ဆက် နောက်ဆက် ရောက်လာကြသောကြောင့် တူညီကြရမည်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းသည် အဘယ့်ကြောင့်ပါနည်း။

ဗေဒင်အလိုအရ နေ့ကောင်းရက်သာ ရွေးပြီး ဆောက်လုပ်ခဲ့သော အိမ်များ ဖြစ်သော်လည်း အဘယ့်ကြောင့် မီးဘေးသင့်ပါသနည်း။ အမှန်ဆိုလျှင် နေ့ကောင်းရက်မြတ်၌ ဆောက်လုပ်သောကြောင့် မီးဘေးလွတ်ရမည်သာ။

နေ့ကောင်းရက်မြတ် ရွေးပြီး ထိမ်းမြားလက်ထပ်ကြသော ဇနီးမောင်နှံများ အဘယ့်ကြောင့် အိမ် ထောင်ရေး မသာယာဘဲ ကွဲပြဲကြရပါသနည်း။

“သောကြာရေကြောင်း မသွားကောင်းဟု ဆိုသော်လည်း သောကြာနေ့ ရေလမ်းခရီးသွားသောသူများ အဘယ့်ကြောင့် အန္တရာယ်နှင့် မကြုံကြရပါသနည်း။ သောကြာနေ့မှတစ်ပါး တစ်ခြားနေ့ရက်များ၌ ရေကြောင်းခရီး သွားသူများသည် အဘယ့်ကြောင့် အန္တရာယ်ဆိုးနဲ့ ကြုံကြိုက်ကြရပါသနည်း။ ။

မွေးနေ့သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုအပ်၊ဟု ဗေဒင်အလိုအရ ရှိပါသော်လည်း သောကြာ တနင်္လာစသည်၌ ဆံပင်ဖြတ်သူများ မည်သည့် အန္တရာယ်မျှ မဖြစ်ပေါ်လာချေ။ ထိုသို့ဖြစ်ရခြင်းသည် အဘယ့်ကြောင်ပါနည်း။

စနေဂြိုလ်လွန်လျှင်ကောင်းမည်ဟု ပြောကြသော်လည်း စနေဂြိုလ်လွန်မြောက်မှ စီးပွားပျက်သူများ၊ အိမ်ထောင်ရေးပျက်သူများ၊ ကျန်းမာရေးအရ အနာရောဂါဖိစီးပြီး အသက်သေဆုံးကြရသူများ ရှိကြပါသည်။ ထိုသို့ ဖြစ်ရခြင်းသည် အဘယ်ကြောင့်ပါနည်း။

“ဓ,မ္မ၊ သော,က၊ အင်း,၀၊ ရာ,ဇာ” ရန်ဖက်ခြင်း ပေါင်းဖေါ်မှုမပြုရဟု ဆိုရာဝယ် ရန်ဖက်ခြင်း အိမ်ထောင်ပြုထားကြသော်လည်း မပြိုမကွဲဘဲ သက်ဆုံးတိုင်အောင် ပေါင်းဖေါ်ကြရပြီး စီးပွားရေးဖက်၌လည်း အောင်မြင်သူများရှိသကဲ့သို့၊ “ ဦး,သာ ၊ စိန်,ပန်း ၊ ဒန်း,လှ ၊ ကို , ရှာ ။ မိတ်ဖက်ခြင်း အိမ်ထောင်ပြုထားကြသော သူများသည် မကြာမီ အိမ်ထောင်ပြိုကွဲသွားကြသူများလည်း ရှိနေကြပေသည် ။ ယင်းသို့ ဖြစ်ရခြင်းသည် အဘယ့်ကြောင့်ပါနည်း။

သိဒ္ဓတ္ထမင်းသားနှင့်အတူ လောကအတွင်းသို့ တစ်ပြိုင်နက် တစ်နေ့တည်း၊ တစ်ချိန်တည်း မွေးဖွားလာကြကုန်သော ဖွားဖက်တော်များ(၇)ပါး ရှိခဲ့ပါသည်။ ၄င်းတို့အနက် အသက်ရှိ(၅)ဦးမှာ - ယသော်ဓယာ မင်းသမီး၊ ညီတော် အာနန္ဒာ ၊ မောင်ဆန် ၊ ကဏ္ဍကမြင်း ၊ ကာဠုဒါယီ ၊ ဖြစ်ပါသည်။ သူတို့သည် လောကထဲသို့ တစ်ချိန်တည်း ရောက်လာကြသည်။ ဗေဒင်အလိုအရ ဆိုလျှင် တစ်ချိန်တည်း မွေးကြသည့်အတွက် သူတို့ဖြစ်စဉ်များ တူညီကြရမည်ဖြစ်သည်။ သို့သော်လည်း ဖွားဖက်တော်များ၏ တစ်ဦးနှင့်တစ်ဦး ဘ၀ပေးကံများမတူညီ ကြသောကြောင့် သူတို့၏ ဘ၀ဖြစ်စဉ်များလည်း မတူညီခဲ့ကြခြင်းမှာ စဉ်းစားတွေးတောစရာဖြစ်နေပါသည်။

ဗေဒင်အရာ၌ အလွန်ကျွမ်းကျင်သော ကောဏ္ဍညပုဏ္ဏားသည် သိဒ္ဓတ္ထမင်းသား ဘုရားဧကန်စင်စစ် ဖြစ်ကိုဖြစ်ရမည်ဟု သူ၏ဗေဒင်ပညာကို ယုံကြည်ကာ ပရိသတ်အလယ်၌ ရဲ့ဝံ့စွာ ဟောခဲ့သော်လည်း၊ သိဒ္ဓတ္ထမင်းသားသည် ပြင်းထန်သောအကျင့်တရားမှသည် ပုံမှန်ကျင့်ရသော အကျင့်သို့ ကူးပြောင်းလိုက်သည့်အချိန်မှစ၍ ဒီဘ၀ သိဒ္ဓတ္ထမင်းသားသည် ဘုရားမဖြစ်နိုင်တော့ဟု ဆိုကာ သူ၏ဗေဒင်အပေါ်၌ ယုံမှားသံသယဖြစ်ခဲ့ရပါသေးသည် မဟုတ်ပါလား။

ဤမျှဖြင့် ဗေဒင်နည်းပညာ၏ မသေချာမရေရာသည်ကို ထင်မြင်လောက်ပါပြီ။

နိဂုံးချူပ် ပြောလိုသည်မှာ ပြဿနာတစ်စုံတစ်ရာ ကြုံလာလျှင် မသေချာမရေရာသည့် ဗေဒင်၏လမ်းညွန်မှုကို အားမကိုးဘဲ ကိုယ်ပိုင်ဥာဏ်ဖြင့် သဘာဝကျကျ တွေးခေါ်ဆုံးဖြတ်၍ လက်တွေ့ကျသော ဖြေရှင်းနည်းများနှင့် ဖြေရှင်းနိုင်ကာ တန်ဘိုးရှိသော ဘ၀ကို လျှောက်လှမ်းနိုင်ကြပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတော့သတည်း။
ဦးကောဝိဒ(မြိတ်)

Monday, February 4, 2008

စကားပြောတတ်မှ နိဗ္ဗာန်ရ


ဗုဒ္ဓဘာသာ မြန်မာလူမျိုး တို့ အတွက် နေ့စဉ် လူမှု စကားအသုံးအနှုံးအများစုတွင် ဗုဒ္ဓဘုရားအဆုံးအမ များ စိမ့်ဝင်ပြန့်နှံ့ နေသည် ကိုတွေ့ရပါတယ်။ စကားခြောက်ခွန်း လူ၌ထွန်း လေးခွန်းကို ပယ် နှစ်ခွန်း တွယ် ဆိုတဲ့ စကား ရှိပါတယ်။ အဲဒီစကား လုံးများက ဗုဒ္ဓမြတ်ဘုရား ရဲ့ သုဂတ ဂုဏ်တော် နှင့်တိုက် ရိုက်ဆက်စပ် ပတ်သက်နေပါတယ်။ သုဂတော အနက် နှစ်ချက် က သုဂတော- ဟုတ်မှန် ကျိုးများ ကြိုက် မကြိုက်အားဖြင့် နှစ်ပါး သော စကား ကောင်း ကိုသာ ပြောဆိုတတ်သော မြတ်စွာဘုရား၊ သုဂတော- နိဗ္ဗာန် သို့ ကောင်းစွာ ကြွသွား တော် မူသော မြတ်စွာဘုရား .ဖြစ်ပါတယ်။ အဲဒီအထဲက နှစ်ပါးသော စကား ကောင်းဆိုတာကို ၊

မစ္ဇျိမ ပဏ္ဏာသ ပါဠိတော် မှာ.
(၁) ဟုတ်မှန် ၍ အကျိုးရှိပြီး သူလည်း နာလိုသော စကား၊
(၂) ဟုတ်မှန် ၍ အကျိုးရှိပြီး သူများ မနာလိုသော စကား၊
(၃) ဟုတ်မှန် ၍ အကျိုးမရှိ သူများလည်း မကြားနာ လိုသော စကား၊
(၄) မဟုတ်မမှန် အကျိုးရှိ၍ သူများ ကြားနာလိုသော စကား၊
(၅) မဟုတ် မမှန် အကျိုးမရှိ သူများ ကြားနာလိုသော စကား၊
(၆) မဟုတ် မမှန် အကျိုးလည်းမရှိ သူများလည်း မကြားနာလိုသော စကား၊ ဟူသော ဤ စကား ခြောက်ခွန်းတွင် ဘုရားရှင် တို့မှာ ပ- ဒု စကား နှစ်ခွန်းကို သာ သင့်လျော်သလို သုံးစွဲတော်မူကြပြီး၊ နောက်လေးခွန်း ကို လုံးဝ ပြောဆိုခြင်း မပြုဟု ဆိုပါတယ်။

မိမိက ကောင်းသော အကျိုးရှိသော စကားကို ပြောဆိုနေစေကာမူ နားထောင်သူ တစ်ပါး၏ စရိုက် နှင့် ကိုက်ညီမှ သာ အဲဒီစကားကို အလိုက်သင့် လက်ခံ သဘောကျပေလိမ့်မယ်။ စကားပြောရာ တိုက်တွန်း ရာ ၌ ကောင်းမွန် သည်ပင် ဖြစ်စေကာမူ နားထောင်သူ အလို အကြိုက်စရိုက် နှင့် မကိုက်ညီပါမူ မကောင်းသော စကားဟု အထင်ခံရတတ်ကြောင်း ဒုက္ကထာသုတ် (အံ-၅-ပါ-၁၅၉)မှာ ဖေါ်ပြထားပါတယ်။
(၁) သဒ္ဓါတရား မရှိသူအား သဒ္ဓါတရားနှင့်စပ်သော စကားသည် မကောင်းသော စကား.
(၂) သီလ မရှိသူအား သီလနှင့်စပ်သော စကားသည် မကောင်းသော စကား၊
(၃) အကြားအမြင်နည်းပါးသူအား အကြားအမြင် များမှုနှင့် စပ်သော စကားသည် မကောင်းသော စကား၊
(၄) ၀န်တိုသူအား စွန့်ကြဲမှု နှင့် စပ်သော စကားသည် မကောင်းသော စကား ၊
(၅) ပညာမရှိသူအား ပညာနှင့် စပ်သော စကားသည် မကောင်းသော စကား .အဖြစ်အထင်ခံရကြောင်း နှင့်

အပြန်အလှန်အားဖြင့် နားထောင်သူရဲ့ အလို အကြိုက် စရိုက်နဲ့ ကိုက်ညီလျှင်မူ ထိုသူအတွက် စကားကောင်းဖြစ် ရပြန်တယ်။ ဒီတော့
(၁) သဒ္ဓါတရား ရှိသူ အတွက် သဒ္ဓါ တရား နှင့်စပ်တဲ့စကား သည် စကားကောင်း..
(၂) သီလ ရှိသူအတွက် သီလတရားနှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၃) အကြားအမြင် များသူအတွက် အကြားအမြင်ဗဟုသုတ နှင့် စပ်တဲ့စကားသည် စကားကောင်း၊
(၄) စွန့်ကြဲမှု ရှိသူအတွက် ပေးကမ်းစွန့်ကြဲမှု နှင့်စပ်တဲ့စကားသည် စကားကောင်း၊
(၅) ပညာ ရှိသူအတွက် ပညာ နှင့် စပ်တဲ့စကား ဟာ စကားကောင်းဖြစ်တယ်။

မိမိမှာ ရှိနေတဲ. သဒ္ဓါ.သီလ.ဗဟုသုတ.စာဂ .ပညာ စတဲ့ အရာကို ပြောကြားလာရင် ထိုအရာတွေနှင့် ပြည့်စုံနေတဲ့အတွက် နှစ်သက်ဝမ်းမြောက်မှု ကို ရတယ်။ ဒါကြောင့် အဆိုပါ ပုဂ္ဂိုလ်ငါးမျိုး တို့ အားပြောအပ်တဲ့ စကား သည် ပုဂ္ဂိုလ် အစားစား ကို လိုက်၍ ကောင်းတဲ့စကား ဖြစ်လာရတယ် လို့ ဘုရားရှင်က ညွှန်ပြဟောဆိုပါတယ်။

ဒါ့အပြင် စကားကောင်း တို့ရဲ့ အင်္ဂါ (၄) ပါးကို သဂါထာဝဂ္ဂ သံယုတ် ၊ သုဘာသိတ သုတ်မှာ ဆိုထားပါသေးတယ်။
ကောင်းစွာဆိုအပ်တဲ့စကား၊ မကောင်းသဖြင့် ဆိုအပ်တဲ့ စကားမမည်၊ အပြစ်လည်း မရှိ၊ ပညာ ရှိတို့ မကဲ့ရဲ့အပ် တဲ့စကား (ပညာနုံဖျင်း လူ့ဗာလ နှင့် ဘာသာခြားတို့ ကဲ့ရဲ့ချင် ကဲ့ရဲ့ပါစေ) လို့ညွှန်ပြထားတာက..
(၁) ကောင်းစွာ ဆိုအပ် တဲ့ စကား၊
(၂) တရားနှင့် ညီသော စကား၊
(၃) ချစ်ခင်ဖွယ် သော စကား၊
(၄) မှန်သော စကား၊

အဲဒီ ၄ ပါးမှာ (၁) က ပထမ အမြတ်ဆုံး စကား (ဟုတ်မှန် ကျိုးများ ကြိုက်မကြိက် .ဆိုသော စကား) ၊ (၂) (၃)(၄) ကား အစဉ်အတိုင်း အမြတ်စကား ဟု ဘုရားရှင် ညွှန်ပြတော်မူပါတယ်။

စကားဆိုတာ လူတိုင်း ပြောဆိုနေကြတာပါ။ ပြော သာ ပြော နေတယ်။ မတတ်တာ က စကား လို့ ဆိုကြပါသေးတယ်။ ဘာကြောင့်လဲ…စကားကောင်း မပြောတတ်တဲ့အတွက် ဟု ပင် ဆိုရပါလိမ့်မယ်။

စကားပြောသူနှင့် စပ်ပြီး ပုဂ္ဂိုလ် သုံး မျိုး ရှိကြောင်း ဂူထဘာဏီ သုတ်(အံ-၃-ပါ-၁၂၅) မှာ ဆိုထားပါတယ်။ အချို့
က မြင်တာ ကို မမြင်ဘူး၊ မြင်တာကိုမြင်တယ် စသည်ဖြင့် မုသာဝါဒ ကိုရေလဲ သုံး တတ်တဲ့ သူမျိုး၊ လာဘ်ပေးလာဘ်ယူ မတရားသက်သေလိုက် တတ်တဲ့သူမျိုးများ၊ ၊မုသား မပါ လင်္ကာမချော လို့လည်း သူတို့ရဲ့ အပြစ်ကိုကာဗာ လုပ်တတ်သူ များ ရှိပါတယ်။ အဲဒီသူမျိုးကိုတော့ မစင် ကဲ့သို့ မကောင်းသော အနံ့ ရှိသော စကား ကို ဆိုတတ် သူ- ဂူထဘာဏီ ပုဂ္ဂိုလ် တဲ့။

အချို့ ကတော့ မြင်တာ ကိုမြင်တယ်၊ မမြင်တာ ကို မမြင်ဘူး၊ ဟု မှန်မှန်ကန်ကန် ပြောဆိုတတ်သူများရှိပါတယ်။ အပြစ်လုပ်မိရင်လည်း ၀န်ခံ တယ်။ သိလျက် မမှန်တဲ့ စကားကို မပြော ဆို။ ထိုသူများကိုတော့ ပန်းကဲ့ သို့ ကောင်းသော အနံ့ ရှိသော စကားကို ပြောတတ်သူ - ပုပ္ဖဘာဏီ ပုဂ္ဂိုလ် ။

နောက်ဆုံး တစ်မျိုးကတော့ အပြစ်ကင်းတဲ့စကား၊ နှစ်လိုဖွယ် စကား ၊ ယဉ်ယဉ်ကျေးကျေး ပြော တတ်တယ်။ ထိုသူများကိုတော့ ပျားကဲ့ သို့ချိုသာ စကားကို ဆိုတတ်သူ - မဓုဘာဏီ ပုဂ္ဂိုလ် ဟု ဘုရားရှင် မိန့်ဆိုတော် မူပါ တယ်။

နေ့စဉ် လူမှု ဆက်ဆံ ရေးနယ်ပယ်၊ တစ်ဦးနှင့် တစ်ဦး စကားပြောဆို ဆက်ဆံ ရာမှာ ဘယ်နည်းဘယ်ပုံ စကားကို ပြောရမယ်။ ဘယ်လိုဘယ်ပုံ မပြောသင့်ဘူး၊ ဘယ်လိုမျိုး စကား ပြောသူ ကို ရှောင်၊ ဘယ်လိုမျိုး စကားကို ပြောရင် လူအများရဲ့ ချစ်ခင် နှစ်သက် မှု ကို ရပြီး လူမှု ဆက်ဆံ ရေးမှာ အောင်မြင် နိုင်မယ်…စသည်ဖြင့် ပိဋကတ် တော်ထဲမှာ အသေးစိတ် နည်းပေး ညွှန်ပြထားတာ တွေ့နိုင်ပါတယ်။ စကားပြောကောင်းသူတစ်ယောက် ဖြစ်လာဖို့ သင်ယူလေ့ကျင့်ကြဖို့ လိုအပ်မယ် လို့ထင်ပါတယ်။

စကားပြောကောင်းခြင်းဖြင့် နေ့စဉ် လူမှု ဆက်ဆံရေမှာ အဆင်ပြေအောင်မြင်ခြင်း၊ အပေါင်းအသင်း ၀င်ဆန့်ခြင်း၊ လုပ်ငန်းအဆင်ပြေချောမွေ့ခြင်း၊ အများရဲ့ ချစ်ခင်လေးစားမှု ရရှိခြင်း စတဲ့ လက်ငင်းအကျိုးများသာမက နိဗ္ဗာန် မ၈်ဖိုလ် ပန်းတိုင် သို့ပင် ပို့ဆောင်ပေးနိုင်တယ် လို့ ဆိုရင် ပိုလွန်းသည် ဟု တစ်ချို့က ဆိုချင် ဆိုကြပါလိမ့်မယ်။

ဆက်ပါဦးမယ်..
ဘုရားပွင့်တော်မူလာခြင်းက လောက သားအားလုံး ဆင်းရဲကင်းပျောက်ချမ်းသာရောက်ဖို့ အတွက်ဖြစ်ပြီး ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲကြောင်းအမှန်တရား နှင့် ဆင်းရဲငြိမ်းရာအမှန်တရား နှင့် ဆင်းရဲကင်းပျောက်ချမ်းသာရောက် စေနိုင်တဲ့လမ်းစဉ် ကျင့်စဉ် တရား ကိုညွှန်ပြခဲ့ပါတယ်။ သစ္စာလေး ပါး လို့သိနားလည်တဲ့အရာပါပဲ။ အဲဒီအထဲက နိဗ္ဗာန်ရောက်စေတဲ့ လမ်းစဉ်အဖြစ် မဂ္ဂင် ရှစ်ပါး ကိုဟောဖေါ်ညွှန်ပြတော်မူပါတယ်။ မဂ္ဂင် ရှစ်ပါး ကို အကျဉ်းချုပ်လိုက် ပါ က သီလ၊ သမာဓိ၊ ပညာ ဤ သုံးပါး ရပါတယ်။ ထိုတွင်. သီလ မရှိရင် သမာဓိ မတည်၊ သမာဓိ မတည် လျှင် ပညာ မဖြစ် ၊ ပညာ မပ်ါလျှင် နိဗ္ဗာန် ရောက်ရိုး ထုံးစံ မရှိရကား၊ သီလ တရားသည် နိဗ္ဗာန် ရကြောင်း အခြေခံ ပင် ဖြစ်နေပါ၏။ သီလ မဂ္ဂင်များ စုံညီရေးအတွက် သမ္မာ ၀ါစာ သည် မရှိမဖြစ် အရေးပါနေပါ၏။ စကားမပြောတတ်လျှင် သမ္မာ ၀ါစာမဖြစ်၊ သမ္မာ ၀ါစာ မဖြစ်လျှင် မဂ္ဂင် မရထိုက်၊ မဂ္ဂင် မရ ထိုက်လျှင် မဂ် မဆိုက်နိုင်၊မဂ် မဆိုက်လျှင် နိဗ္ဗာန် မရ နိုင် ဖြစ်ရ လေသောကြောင့် - စကားပြောတတ်မှ နိဗ္ဗာန်ရ၊ နိဗ္ဗာန် ရချင် စကားကောင်းပြောတတ်သူ ဖြစ်အောင် သင် ဟု သာ ညွှန်းဆိုလိုက်ရပါ သတည်း။ ။



Sunday, February 3, 2008

ဘုရားပွဲ ဘုန်းကြီးပျံပွဲ

လောကီရေးရာ၌ဖြစ်စေ၊ လောကုတ္တရာရေး၌ဖြစ်စေ လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာ၌ ဦးတည်ချက်ကို တိတိ ကျကျ ပီပီပြင်ပြင် ချမှတ်ရသည်။ ထိုဦးတည်ချက် ထမြောက်အောင်မြင်စေရန် ဆောင်ရွက်ရမည့် နည်းဗျူဟာကိုလည်း ကြိုတင်၍ ခင်းကျင်းရသည်။ “ဦးတည်ချက်”နှင့် “နည်းဗျူဟာ”ကို ခိုင်ခိုင်မာမာ ကြိုတင်ဆောင်ရွက်မှု မရှိသော် လုပ်ငန်းတစ်ရပ်သည် အနှစ်သာရ ထိထိမိမိ အကျိုးရှိရှိ အရာထင်ထင် အောင်မြင် ဖြစ်ထွန်းလိမ့်မည် မဟုတ်ချေ။
ရှေးအစဉ်အဆက်ကပင် “ဘုရားပွဲ”၊ “ဘုန်းကြီးပျံပွဲ”များ ကျင်းပလာခဲ့ကြသည်။ ယင်းသို့ ကျင်းပရာ၌ အချို့ချို့သော ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲများသည် ဦးတည်ချက်ကို ပီပီပြင်ပြင် မချမှတ်။ ဦးတည်ချက် မပီပြင်သောအခါ နည်းဗျူဟာလည်း ခိုင်မာမှုမရှိ။ ထိုအခါ ဘာသာရေးအရ အနှစ်အသားရှိ၍ ထိထိမိမိ ဆောင်ရွက်ရမည့်အစား ပျော်ပွဲရွှင်ပွဲများနှင့် (အချို့ဒေသတွင် လောင်းကစားပွဲ)တို့ လွှမ်းမိုးနေသည်ကို ကြားသိနေရပါသည်။ ဓမ္မရေးရာ ကိစ္စရပ်တွင် ပျော်ပွဲ၊ ရွှင်ပွဲတို့ နေရာယူလွှမ်းမိုးလာသည်မှာ ဗုဒ္ဓဘာသာဝင်များအဖို့ ကောင်းသောလက္ခဏာ မဟုတ်ချေ။
ဘုရားရှင်၏ ဂုဏ်တော်၊ ဘုန်းတော်၊ ကျေးဇူးတော်များကို နှလုံးသွင်းပူဇော်သည့် “ဘုရားပွဲ”တွင် အငြိမ့်၊ ဇာတ်၊ ဆိုင်း၊ ဗွီဒီယို၊ ရုပ်ရှင်များ ခြိမ့်ခြိမ့်သဲ ထည့်သွင်းကျင်းပခြင်းသည် မြတ်စွာဘုရားကို ပူဇော်ရာကျပါမည်လော။ ကိလေသာ နိုးကြွစေသော ပျော်ပွဲ၊ ရွှင်ပွဲ၊ အငြိမ့်၊ ဇာတ်၊ ဆိုင်း စသည်တို့ဖြင့် ဘုရားပွဲကျင်းပခြင်းသည် “တစ်နှစ်တစ်ခါ၊ ငရဲရှာ၊ လူ့ရွာဘုရားပွဲ” အဆိုကို မှန်ကန်ကြောင်း ထောက်ခံနေခြင်းသာ ဖြစ်ပါ၏။
ထို့အတူ ဘုန်းကြီးပျံပွဲတို့၌လည်း အငြိမ့်၊ ဇာတ်၊ ဆိုင်း၊ ကပွဲများ ထည့်သွင်းခြင်း၊ ဧယင်ကျူးခြင်းတို့သည် ပျံလွန်တော်မူပြီးသော ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးအား ပူဇော်ရာ ရောက်ပါမည်လော။ ထေရ၀ါဒီ ထေရ်အရှုင်မြတ်ကြီးများသည် ကိလေသာပွားစေသည့် ပျော်ပွဲ၊ ရွှင်ပွဲ၊များကို နှစ်မြို့တော်မမူပါ။ သူတို့ ဘ၀နတ်ထံ ပျံလွန်တော်မူသောအခါ သူတို့ကို အကြောင်းပြုလျက် ပျော်ပွဲ၊ ရွှင်ပွဲထည့်ခြင်းသည် ဆရာတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို ဆပ်ရာမရောက်သည့်အပြင် ဆရာ့ဂုဏ်ကျေးဇူးကို မသိတတ်ရာ ရောက်နေပါ၏။ အထူးသဖြင့် ဆရာတော်ကြီးများ၏ ရုပ်ကလပ်တော်အနီးတွင် ဧယင်ကျူးအပူတိုက်နေသည်မှာ မဖွယ်ရာလှပေ။ အချို့ဆိုလျှင် ဆရာတော်ကြီးများကို ပုတ်ခတ်ပြီး ဟာသများတောင် နှောကြပါသည်။ တည်ငြိမ် အေးချမ်းသော ဓမ္မနှင့် လုံးဝဆန့်ကျင်ပါ၏။
ဘာသာရေးပွဲမှန်သမျှ ဓမ္မနှင့် လျော်ညီစွာ တည်တည်ငြိမ်ငြိမ် အိနြေ္ဒရရ ကျင်းပသင့်ပါသည်။ အေးအေးချမ်းချမ်း ရွှင်ရွှင်လန်းလန်း ဆောင်ရွက်သင့်ပါသည်။ ဘုရားပွဲဆိုလျှင်လည်း အနှိုင်းမဲ့ ကျေးဇူးတော်ရှင် မြတ်ဘုရားကို ကြည်ကြည်ညိုညို လေးလေးမြတ်မြတ် ပူဇော်ရာရောက်အောင်၊ ဘုန်းကြီးပျံပွဲဆိုလျှင်လည်း ပျံလွန်တော် မူသွားသော ဆရာတော်ကြီးကို ရိုရိုသေသေ လေးလေးစားစား ပူဇော်ရာရောက်အောင်၊ အနှစ်အသားရှိရှိ တည်တည်ငြိမ်ငြိမ် ဆောင်ရွက်အပ်ပါ၏။
ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲတို့ကို အကြောင်းပြုပြီး အပျော်အပါး၊ အသောက်အစား၊ လောင်းကစားများပြုကြခြင်းမှာ ဗုဒ္ဓနှင့် သံဃဟူသော ရတနာမြတ်နှစ်ပါးကို မကြည်ညို မရိုသေရာရောက်ပြီး ဘာသာခြားတို့အနေဖြင့် အထင်သေးဖွယ် ဖြစ်စေပါ၏။ ဘုရားပွဲ၊ ဘုန်းကြီးပျံပွဲ၊ ဘာသာရေးအခမ်းအနားပွဲများတွင် ပြုပြင်ဖွယ်ရာများ ရှိနေကြောင်း တင်ပြလိုက်ပါသည်။
ဘုရားပွဲ လုပ်ရပ်တွေမှာလဲ ဘုရားဖူးကြတာနဲ့ မတူကြတော့ပါ ။ အရောင်းအ၀ယ်ပွဲ၊ အကြည်အရှုပွဲလို့သာ ပြောဖို့ကောင်းတော့သည် ။ အများက ဒီလိုချည်း ဖြစ်ကုန်ကြပါပြီ ။ဘုန်းကြီးပျံပွဲတွေကလည်း ပျံပွဲမဟုတ်၊ ဖြုန်းပွဲ၊ ပျော်ပွဲ၊ ရိုက်ပွဲ၊ သတ်ပွဲတွေ ဖြစ်နေကြပြီ။ ဘာသာရေး၊ နာရေးပွဲတွေကလည်း မျက်နှာကြီး ရွေးချယ်ပွဲ၊ ဂုဏ်လိုပွဲ၊ ပကာသနပြိုင်ပွဲမျိုးတွေသာ ဖြစ်နေကြ ပေပြီ ။
လင်းဦး ( စိတ်ပညာ )

Thursday, January 31, 2008

နတ် လူ သာဓု ခေါ်စေသော်

ကျွန်တော်တို့နိုင်ငံတွင် သာသနာ့ပျိုးခင်း ပရိယတ္တိစာသင်တိုက်ကြီးတွေအများအပြား ရှိကြပါသည်။ ထိုသို့ စာသင်တိုက်ကြီးတွေ များပြားလှသည်နှင့်အမျှ မြတ်ဗုဒ္ဓ၏သာသနာတော်မြတ်ကြီး အရှည်တည်တံ့ခိုင်မြဲစေရေး အတွက် နှုတ်ဆင့်ကမ်း၊ လက်ဆင့်ကမ်း၍ ဆောင်တော်မူကြမည့် အနယ်နယ်အရပ်ရပ်မှ ရန်ကုန်၊ မန္တလေးမြို့များရှိ စာသင်တိုက်ကြီးများတွင် ပညာရည်နို့ သောက်စို့လျက်ရှိကြကုန်သော ရဟန်းသာမဏေ များသည်လည်း များစွာသော ကျောင်းတိုက်ကြီးများ၌ အပြည့်အလျှံပင် ဖြစ်ကြပါ၏။ ထိုရဟန်း သာမဏေ စာသင်သားတို့သည် လူဝတ်ကြောင် ကျောင်းသားများကဲ့သို့ အမေ အမတို့ ခူးခပ်ထည့်ပေးထားသော ထမင်းဘူးကို အဆင်သင့် ကောက်ယူ၍ စတိုင်ကျကျ ကျောင်းတက်ကြရသည် မဟုတ်ကြကုန်။ မိမိတို့၏ ၀မ်းစာအတွက် မိမိတို့၏သလုံးမြင်းခေါင်းကိုသာ အားကိုးကာ ရှာဖွေတော်မူကြရ၏။ ထို့ကြောင်း ကျွန်တော်တို့ ဒါယကာ၊ ဒါယိကာမတို့ကလည်း မြတ်ဗုဒ္ဓသာသနာတော် ဆက်လက်ရှင်သန်စေရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးသောအားဖြင့် ထိုသာသနာ့မျိုးဆက် ရှင်ရဟန်းသာမဏေတို့ကို ဆွမ်းအစရှိသော ပစ္စည်းလေးပါးတို့ဖြင့် မိမိတို့ တတ်စွမ်းသမျှ ထောက်ပံ့လှူဒါန်းကြရပေသည်။
ကျွန်တော်နှင့်ဦးလေးတို့ မိသားစုသည် ကြာသာပတေးနေ့တိုင်း ဆွမ်းလောင်းဓမ္မာရုံတွင် ဆွမ်းလောင်းလှူလေ့ ရှိသည့်အပြင် အိမ်တွင်လည်း ထိုင်ကိုယ်တော်များကို ပင့်ဖိတ် ဆွမ်းကပ်လေ့ရှိပါသည်။ ထို့ပြင်လည်း စာသင်သားသံဃာများ ဖြစ်နေသောကြောင့် ဘောလ်ပင်၊ ဗလာစာအုပ် စသော စာရေးကိရိယာများကိုလည်း အခါအားလျော်စွာ လှူဒါန်းပါသည်။ ထိုအထဲတွင် ရပ်ရွာက ဆွေမျိုးရိပ်မကင်းသည့် ဦးပဉ္စင်းများလည်း ပါဝင်လျက်ရှိရာ ထိုဆွေမျိုး ဦးပဉ္စင်းများထဲမှ ဦးပဉ္စင်းတစ်ပါးမှာ ကျန်းမာရေး သိပ်ပြီးမကောင်းလှပါ။ အထက်ပိုင်း ဒေသတွင် ခေတ်တ္တသီတင်းသုံးစဉ်က ဖြစ်ခဲ့ရသည့် ငှက်ဖျားရောဂါကို အမြစ်ပြတ် ကင်းစင်အောင် ကုသခြင်း မပြုခဲ့၍လား မသိ (ကျွန်တော့်အထင်ပါ) ။ ခဏခဏ ဖျားတတ်၏။ စာမေးပွဲဖြေခါနီးတွင် အတော်လေး နေမကောင်းသဖြင့် ဓမ္မာစရိယစာမေးပွဲကို မဖြေနိုင်တော့ဘဲ ရွာသို့ ပြန်ကြွသွားခဲ့ရပါတော့သည်။ ကျန်ရစ်သည့် ဦးပဉ္စင်းများ စာမေးပွဲဖြေပြီး၍ ရွာသို့ ခေတ္တပြန်ကြွခါနီးတွင် လာရောက်နှုတ်ဆက်ကြသဖြင့် “နေမကောင်းဖြစ်နေတဲ့ ဦးပဉ္စင်းလေးကို ဆေးစစ်ဖို့နဲ့ ဆေးကုသမှုခံယူဖို့ ပြန်ပင့်ခဲ့ကြပါဘုရား”ဟု လျှောက်ထားလိုက်ပါသည်။

ရိုးရာကိုင်၏- မကိုင်၏
ဦးပဉ္စင်းများ မြို့သို့ ပြန်ကြွလာသောအခါ ထိုနေမကောင်းသော ဦးပဉ္စင်းလေး မပါလာ၍ မေးလျှောက်ကြည့်ရာတွင် ဦးပဉ္စင်းများက “ခေါ်မရခဲ့ဘူး ဒကာလေးရေ၊ ဆီးဖြူ-ဖန်ခါး-နွားကျင်ငယ်ရေများနဲ့ ဖော်စပ်ရတဲ့ ဘုရားဆေးနည်းတော်အတိုင်း ဖော်စပ်ပြီး စားကြည့်ဦးမယ်တဲ့။ ပိန်သွားလိုက်တာ ဒကာလေးရယ်” ဟု ဦးပဉ္စင်းတစ်ပါးက မိန့်ပါ၏။ ကျွန်တော်က “ဘုရားဆေးနည်းတော်နဲ့ ကုတာလဲ ကုတာပေါ့ဘုရား။ ဒါပေမယ့် အခုခေတ်က ရောဂါတွေက ဆန်းပြားတယ်မဟုတ်လား။ ဒါကြောင့် ဓါတ်မှန်ရိုက်တန်ရိုက်၊ သွေးစစ်တန်စစ်ပြီး ရောဂါရှာဖွေ စစ်ဆေးကြည့်ချင်တယ် ဘုရား။ ဒါမှလဲ အနာသိ ဆေးရှိဆိုတဲ့အတိုင်း ကုသရတာ လွယ်ကူတာပေါ့ ဘုရား ။ ကုတာကတော့ ဘုရားဆေးနဲ့ပဲ ကုကု၊ သိပ္ပံဆေးနဲ့ပဲ ကုကု၊ တိုင်းရင်းဆေးနဲ့ပဲ ကုကု ဆန္ဒရှိသလို ကုလို့ရပါတယ် ဘုရား” ဟု လျှောက်တင်မိပါ၏။
“ဦးပဉ္စင်းတို့လဲ ပြောတာပါပဲ ဒကာလေးရယ်။ သူတွင်မကဘူး၊ သူ့ရဟန်း ဒကာ၊ ရဟန်းအမများရဲ့ အိမ်ကြွပြီး ဦးပဉ္စင်း မြို့ကိုပြန်လိုက်အောင် ဖျောင်းဖျ၊ တိုက်တွန်းပေးဖို့သွားပြောတော့ ဦးပဉ္စင်းကို ရိုးရာနတ် ကိုင်ထားတယ်လို့ အဟောထွက်ထားလို့ နတ်တင်ကြည်ပါဦးမယ်တဲ့ ဒကာရဲ့” ဟု စိတ်မကောင်းသံဖြင့် မိန့်ပါသည်။
“ဘယ်လိုဘုရား” မကြားလိုက်ရ၍ ထပ်မေးခြင်း မဟုတ်ပါ။ ပီပီသသကြီးကို ကြားလိုက်ရပါသည်။ အံ့အားသင့်သွား၍ အာမေဍိတ်တစ်လုံး တုန်လှုပ်ချောက်ချားစွာ ခုန်ထွက်သွားခြင်းဖြစ်ပါ၏။
“ကြံကြံဖန်ဖန် ဘုရား၊ ဗုဒ္ဓသာဝက သာသနာ့ဝန်ထမ်း ရဟန်းတော်ကို ရိုးရာနတ်ကိုင်ရတယ်လို့” ဟူ၍လည်း အံသြ ထိတ်လန့် ၀မ်းနည်းကြေကွဲ ယူကျုံးမရခြင်းများဖြင့် ဆို့နင့်စွာ ရေရွတ်မိပါတော့သည်။ “သြော် လူတွေ လူတွေ ၊ ပြောတော့ ဗုဒ္ဓဘာသာ၊ လုပ်ဆောင်နေကြတာက ဘုရားနှင့် ဆန့်ကျင်ဘက်ချည်းပါလား”
လူသားများ လောကတွင် ကပ်ဘေးများ ဆိုက်ရောက်ခဲ့ပါက ဘုရားရှင်အမှူးပြုလျက် သံဃာတော် အရှင်မြတ်များကို ဒေသစာရီ ကြွချီတော်မူကြပြီး ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူကြခြင်း၊ လူများကို ကောင်းသောအကျင့်သီလများ ဆောက်တည်ပွားများကြရန် ဟောကြားတော်မူကြခြင်းဖြင့် ကပ်သုံးပါးနှင့် ဘေးဆိုးအန္တရာယ်များမှ လွတ်ကင်ချမ်းသာကြရကြောင်း ထေရ၀ါဒ သမိုင်းကြောင်း အစဉ်အလာရှိပါသည်။ (ပရိတ်ကြီး ၁၁သုတ် ဖြစ်တော်စဉ် သမိုင်းတွင်ရှုပါ။) မျက်မှောက်ကာလတွင်လည်း လူသားများ ဘယာဝေး၍ အေးချမ်းသာယာရေးအတွက် မြန်မာနိုင်ငံအနှံ့အပြား၌ နေရာဒေသအသီးသီး နှစ်ဆန်းတစ်ရက်နေ့တိုင်းပင် အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ပွားကြခြင်း၊ အသံမစဲ ပဋ္ဌာန်းပူဇော်ပွဲများ အခါအားလျော်စွာ ကျင်းပနေကြ သည်မှာ အထင်အရှားဖြစ်သည်။ ထို့ပြင် မြေကွက်ဝယ်ဝယ်၊ တိုက်တာအိမ်ကိုပင် ဆောက်ဆောက်၊ မြေသန့် ကမ္မ၀ါရွတ်ဖတ်ကြခြင်း၊ အိမ်တက်-တိုက်တက် မင်္ဂလာကျင်းပကြခြင်းနှင့် ရဟန်းတော်များ ဖိတ်ကြား၍ တရားနာယူကြရသည်သာ ဖြစ်ပါ၏။
ယခုတော့ လူသားလောကကို အန္တရာယ်ကင်းအောင် ပြုဆောင်ပေးတော်မူကြသော၊ လောကကို သန့်ရှင်း စင်ကြယ်မှု ပြုတော်မူနေကြသော ဗုဒ္ဓ၏သာဝက ရဟန်းတော်မြတ်ကိုမှ အပါယ်လေးပါး စာရင်းဝင် ၃၇ မင်း ရိုးရာနတ်ဆိုသူက ခန္ဓာကိုယ်ကို ရောဂါဝေဒနာများကပ်အောင် ဖမ်းစားမှုပြုနိုင်သတဲ့ ။ “ဟောသူကလဲ ဟောပါပေ့။ ယုံသူကလည်း ယုံကြပါပေ့” ဟုသာ ဆိုလိုက်ချင်ပါတော့သည်။

နတ်က ဘုန်းကြီးကို ဆံပင်နုတ်လေသတတ်
မကြာခင် ထိုဦးပဉ္စင်းသည် ရွာသို့ ကိစ္စတစ်ခုဖြင့်ကြွရင်း နေမကောင်းသော ဦးပဉ္စင်းကို ပြန်ပင့်လာ၏။ ကျွန်တော်လည်း ကတိအတိုင်း ဆေးခန်းများသို့ လိုက်ပြ ကုသပေးပါသည်။ ယခု အတော်ပင် ကျန်းမာနေပါပြီ။ နေမကောင်းစဉ်ကတည်းက ဆေးခန်းပို့ဖို့ အကြိမ်ကြိမ်လျှောက်ထားသော်လည်း ဦးပဉ္စင်းက သူ့အတွက်နှင့် တစ်ပါးသူတို့ တာဝန်ဒုက္ခပိုနေကြမည်ကို မဖြစ်စေလို၍ ခွင့်ပြုတော်မူခြင်း မရှိခဲ့ပါ။ အလှူဝတ္ထုငွေများကိုလည်း လက်မခံခဲ့။ အကယ်၍သာ ထိုစဉ်ကတည်းက ကုသခဲ့မည်ဆိုလျှင် ဓမ္မာစရိယ စာမေးပွဲကို ချောချောမွေ့မွေ့ ဖြေဆိုအောင်မြင်နိုင်လိမ့်မည်ဟု ကျွန်တော်ယုံကြည်လျက် နှမြောနေမိပါသည်။
ထို့ပြင် ရဟန်းတော်ကို နတ်ကိုင်သည်သည်ဟု ဆိုခြင်းကို အစာမကျေဖြစ်နေသော ကျွန်တော်က “ဦးပဉ္စင်းကို နတ်ကိုင်တယ်ဆို ဘုရား”ဟု မေးလျှောက်မိရာ ဦးပဉ္စင်းက သူ့ရဟန်း ဒကာ၊ ဒကာမတို့အတွက် ရှက်စနိုးတော် မူဟန်တူသည် ရှက်ပြုံးလေး ပြုံးနေ၏။ကျွန်တော်က မကျေနပ်နိုင်သေးဘဲ “လူတွေ ဒီလို အယူအဆလွဲနေတာကို ရွာဦးကျောင်း ဘုန်းတော်ကြီး မသိဘူးလား ဘုရား” ဟု ဆက်လက်မေးလျှောက်ပြန်သည်တွင် နေမကောင်းသော ဦးပဉ္စင်းကို ပြန်ပင့်လာသော ဦးပဉ္စင်းက “မပြောပါနဲ့တော့ ဒကာရယ်၊ ရွာဦးကျောင်း ဘုန်းကြီးကိုယ်တိုင်တောင် နတ်နုတ်ခံရလို့ ခေါင်းပြောင်နေသတဲ့။ အဲ့ဒါနဲ့ နတ်ဆရာကိုမေးတော့ နတ်က လက်ရှိနေရာမှာ မပျော်လို့ဆိုတာနဲ့ နတ်စင်နေရာ ရွှေ့ပေးလိုက်မှ ဘုန်းကြီး ဆံပင် ပြန်ပေါက်သတဲ့ ဒကာရေ့” ဟူလေ၏။
ကျွန်တော် ငိုအားထက် ရယ်အားသန် ဖြစ်သွားပါသည်။ သို့သော် ချက်ချင်းပင် စိတ်မချမ်းမသာ ဖြစ်သွားမိပါ၏။ “ဖြစ်ရလေ ဘုရား၊ တပည့်တော်တို့လဲ တစ်ခါတစ်ရံ အပူအားကြီးတဲ့အခါ ဆံပင်ကျွတ်တတ်တာပါပဲ ဘုရား၊ ဆေးဝါးနဲ့ ပြုပြင်လိုက်လို့ အပူအအေးမျှတ ညီညွတ်သွားရင် ဆံပင်ပြန်ပေါက်တာပါပဲ ဘုရား။ ဘယ်မှာ နတ်နှုတ်တာ ဟုတ်မလဲ ဘုရား။ အချို့လူတွေများ ခေါင်းတစ်ဝက်လောက်၊ အချို့တစ်ခေါင်းလုံးနီးပါး ထိပ်ပြောင်နေကြတာတွေဟာ ဒီလိုဆို ခက်ကရောပေါ့။ နတ်စင်ရွှေ့လိုက်မှ ဆံပင်ပြန်ပေါက်တယ် ဆိုတာကလဲ ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ဖြစ်မှာပါ ဘုရား ”
“ဟုတ်ပါတယ် ဒကာရယ် ၊ ဒါပေမယ့် ဘုန်းကြီးကလဲ သူကိုယ်တိုင် လက်တွေ့ခံရတာဆိုပြီး စွဲနေ ယုံနေတယ်”
သွားပြီ။ “ခုမှ ကယ်သူဝေးပါပေါ့၊ လှေကွဲက အဖာ” ဆိုသကဲ့သို့ ဖြစ်တော့သည်။ ရှင်တော်ဗုဒ္ဓက လူအဖြစ် ရခဲစွ၊ ယောက်ျားဘ၀ ရခဲစွ၊ ရဟန်းအဖြစ် ရခဲစွ၊ သာသနာတော်ကြီးနှင့် ကြုံကြှိုက်ခဲစွ၊ သဒ္ဒါတရား ရှိခဲစွ- ဟု ရရန်၊ ဖြစ်ရန် ခဲယဉ်းလှသော ဒုလ္လဘတရား ငါးပါးဟူ၍ ဟောကြားတော်မူခဲ့ပါသည်။ ထိုဒုလ္လဘတရားငါးပါးကို ပိုင်ဆိုင်သူတို့ကား လူသားဖြစ်သော ရဟန်းသာမဏေ၊ သံဃာတော်များမှတစ်ပါး အခြားမရှိ။ မည်သည့် ဗြဟ္မာ၊ သိကြား၊ နတ်များမှ မရနိုင်ကြပါချေ။ ထို့ကြောင့်လည်း မြတ်ဗုဒ္ဓက ယနေ့မှဖြစ်သည့် ပုထုဇဉ်သာမဏေငယ်ကို အရိယာဖြစ်သော လူ ဒါယကာ၊ ဒါယိကာမများနှင့်တကွ ဗြဟ္မာ၊ သိကြား၊ နတ်တို့ အားလုံးကပင်လျှင် ရှိခိုး ပူဇော်ခြင်းငှာ ထိုက်သည်ဟု မိန့်ကြားတော်မူခဲ့ခြင်း ဖြစ်ပါ၏။ထိုသို့ ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င် ဖြစ်သည့် သံဃာရတနာတော်မြတ်ကို ဦးခေါင်းထက်မှ ဆံပင်ကိုများ မိစ္ဆာနတ်က ပြောင်အောင်နုတ်သတဲ့။ လူသူလေးပါး ကြား၍မှ လျော်ကန်ပါ၏လော။
“ဒီလိုဆိုရင်ဖြင့် ဒီအစွဲတွေကို ကျွတ်အောင်ချွတ်ဖို့ ကယ်သူဝေးကြပြီပေါ့ ဘုရား”ဟု ၀မ်းနည်းပက်လက် တင်လျှောက်မိရာ ဦးပဉ္စင်းက “မဝေးပါဘူး ဒကာရဲ့ ၊ ရှိပါတယ်”
“ဘယ်သူများလဲ ဘုရား”
“အထက်ကျောင်း ဘုန်းကြီးလေ”
ဦးပဉ္စင်းမိန့်မှ သတိရမိတော့သည်။ အထက်ကျောင်းဘုန်းကြီးဆိုသည်မှာ ရွာနှင့်ခပ်လှမ်းလှမ်းရှိ တောရကျောင်းတွင် သီတင်းသုံးနေသော ဘုန်းတော်ကြီးဖြစ်၏။ တောကျောင်းတွင် ကျောင်းထိုင်၍ နေခြင်းကြောင့် တောကျောင်းဘုန်းကြီးဟု ခေါ်ဝေါ်နေကြသော်လည်း သက်တော်မှာ ငယ်ငယ်ပင်ရှိသေး၏။ နမ္မားမြို့ ၊ မြို့မကျောင်းတိုက်၌လည်းကောင်း၊ မန္တလေးမြို့ ၀ိသုဒ္ဓါရုံကျောင်းတိုက်၌လည်းကောင်း ပရိယတ္တိစာပေများ သင်ယူဆည်းပူးခဲ့သဖြင့် စာပေဗဟုသုတ ကြွယ်ဝပြီး ၀ိဘဇ္ဇဥာဏ် ထက်သန်တော်မူသည့် အပြင် ရိပ်သာတရားစခန်းဝင်၍ ပဋိပတ္တိကိုလည်း လက်တွေ့အားထုတ်တော်မူခဲ့သည်။ ဓမ္မာစရိယတန်း အရောက်တွင် ဤယခုလက်ရှိတောကျောင်းဘုန်းကြီး ပျံလွန်တော်မူ၍ အဝေးရောက်အစ်ကိုတော်လည်း ဖြစ်သော ဆရာတော်၏ “ရွာကိုပြန်၍ သာသနာပြုပါ” ဟူသော သြ၀ါဒကို ဦးထိပ်ပန်ဆင်ကာ ဤတောကျောင်းသို့ လာရောက်ကျောင်းထိုင်ရခြင်း ဖြစ်သည်။ ရောက်စတွင် ငယ်ရွယ်သူဖြစ်သည့် အားလျော်စွာ တောကျောင်း၌ မပျော်မွေ့သော်လည်း နေရမည့်အတူတူ ကိုယ်တိုင်နှင့်တကွ အများအကျိုးရှိအောင်နေမည်ဟု ဆုံးဖြတ်တော် မူဟန်တူသည်။ နွေရာသီတွင် ကလေးငယ်များကို ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ပို့ချပေးသည်။ လူလတ်ပိုင်းများကို ဓမ္မစကြာဝတ်အသင်းများ ဖွဲ့စည်းစေသည်။ သာရေး နာရေးရှိ၍ တရားဟောခွင့်ကြုံ လျှင်လည်း အယူအမြင် စင်ကြယ်ရေး တရားတော်များကို ဦးစားပေး၍ ဟောသည်။ အငယ်တန်း၊ အလတ်တန်း၊ အထိလည်း စာချပေးသည်။
“အထက်ကျောင်းဘုန်းကြီးက အယူမှား၊ အစွဲမှားများကို ထောက်ပြပြီး အမှန်တရားတွေ သက်ဝင်လာအောင် ပြုပြင်ရေးတရားတွေ ဟောပါတယ် ဒကာရယ်။ ဒါပေမယ့် လူတွေက ခက်တယ်။ တစ်ချို့က အဲဒီလို ဟောတာကိုပဲ သူတို့အစွဲတွေ ထိခိုက်ရမလားဆိုပြီး အထက်ကျောင်းဘုန်းကြီ နတ်နှောက်လို့ ရူးနေပြီလို့ ပြောကြသေးတယ်”
“အလိုလေး ဘုရားဘုရား ။ မကြားဝံ့ မနာသာတွေပါလား။ တကယ့်သေနတ်ကျည်ဆံကမှ တစ်ခါမှန်လျှင် တစ်သက်တစ်ဘ၀သာ သေရမည်။ ပါးစပ်ကျည်ဆန်ကတော့ တစ်ခါမှန်လိုက်ပြီ ဆိုမှဖြင့် ဘ၀များစွာ သံသရာ တစ်လျှောက် ခံပေးဦးရော့ ”
“သိပ်လဲ စိတ်မပူပါနဲ့ ဒကာရယ်။ ဘယ်သူတွေ ဘာပြောပြော အထက်ကျောင်းဘုန်းကြီးက လက်လျှော့မှာ မဟုတ်ပါဘူး။ အခုတောင်မှ ရွာကျောင်းကိုလာပြီး ၀ိပဿနာတရားစခန်းဖွင့်ဖို့ စီစဉ်နေလေရဲ့။ အစပိုင်းတော့လဲ လူအို လူမင်းတွေနဲ့ပေါ့။ တဖြည်းဖြည်းတော့ လူလတ်ပိုင်းနဲ့ လူငယ်တွေကိုပါ စည်းရုံးနိုင်ပါလိမ့်မယ်”
ဦပဉ္စင်းက ဤသို့ မိန့်မှပင် ကျွန်တော် စိတ်သက်သာရာ ရသွားပါသည်။ “စိတ်ရှည် ဇွဲသန်၊ သည်းညည်းခံ၊ ပြုရန် သာသနာ” ဟု ဆိုသည့်အတိုင်း မိမိကို မှိုချိုး မျှစ်ချိုးပြောသော်လည်း စိတ်နာ စိတ်ပျက်တော်မူခြင်း မရှိဘဲ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တော်မူသည့် အရှင်မြတ်အား လေးစားကြည်ညိုမိသည်နှင့်အမျှ အရှင်မြတ်၏ သာသနာပြုလုပ်ငန်းကြီး အောင်မြင်ပါစေ၊ အရှင်မြတ်လို သာသနာ့ အာဇာနည်များ များများကြီး ပေါ်ထွန်းလာပါစေဟုသာ အကြိမ်ကြိမ် ဆုတောင်းလိုက်မိပါတော့သည်။

လင်းဦး ( စိတ်ပညာ )


သသာနာတော်အရေးတွေးပေးပါ(၃)

အခုတလော ထေရ၀ါဒသာသနာတော်အတွက်ရည်စူးပြီးတော့ စာရေးဖြစ်တယ်၊ တကယ်လိုအပ်နေတယ်လို့ ခံစားမိလို့ပါ၊ ဘုရားပြောတာတမျိုး၊ လိုက်လုပ်တာကတမျိုး၊ တလွဲစီဖြစ်တာတွေ တွေ့နေရတာများတော့၊ သိသလောက်လေးကို ဝေမျှယုံပေးပါ၊ သိလွန်းတတ်လွန်းလို့တော့ မဟုတ်ဘူး၊ မှားတာတွေဟာ ကြာလာရင် အမှန်ဖြစ်သွားတတ်တယ်။ အခုကျွန်တော်တို့တိုင်းပြည်မှာက ဗုဒ္ဓ၀ါဒရဲ့ အခြေခံလိုအပ်ချက်တွေကို စေ့စေ့ငှငှ လေ့လာဖို့ အရမ်းလိုအပ်နေပါပြီလို့ဆိုရင် ရယ်(ရီ)ကြမလားဘဲ။ စဉ်းစားကြည့်ပါ … ၀ိပဿနာ တရားစခန်း တိုင်းမှာ လူတွေ အရမ်းကိုများပါတယ်။ တရားစခန်းကထွက်တဲ့အခါ ဒီလူတွေရဲ့ နှလုံးသားတွေ ပြောင်းလဲ သွားကြပါသလား ? ဘာကြောင့် အဲလိုဖြစ်ရတာလဲ ? တရားရဲ့ဂုဏ်တော်ထဲမှာ `အကာလိကော´ `အခါမလင့် အကျိုးပေး၏´ ဆိုတဲ့ ဂုဏ်တော်ပါပါတယ်။ အဲဒီတရားရဲ့ အကျိုးကိုရော တကယ်ခံစားခဲ့ရပါသလား ? ရှိတော့ ရှိပါလိမ့်မယ်။ ရှားပါတယ်။ နှလုံးသားထဲတွင် တကယ့်တရား မကိန်းအောင်းသ၍ နှလုံးသားကိုပြောင်းလဲစေရန် မစွမ်းဆောင်နိုင်ပါ။ လှူတန်းတဲ့နေရာမှာလည်း တကယ်လိုအပ်နေသော နေရာများ၊ ပုဂ္ဂိုလ်များကို မျက်ကွယ်ပြု၍ ရေများရာရေလျှံကာ လှူဒါန်းနေကြသည်ကို တွေ့ရပါသည်။ အလှူ့ရှင်တော်တော်များများသည် ကားစီး၍ သွားနေသော နာမည်ကြီးသည့် သံဃာတော်အရှင်သူမြတ်များကိုသာလှူဒါန်းချင်ကြပါသည်။ ကျောင်းတိုက် အတွင်း နေထိုင်၍ စာပေများကိုသင်ကြားနေသော၊ သာသနာ့ဝန်ကို မိမိနိုင်သည့်ဘက်မှ ကျေပွန်စွာ ထမ်းဆောင်လိုသော ဆင်းရဲသည့်သံဃာတော်များကိုလည်း မမေ့သင့်ပါ။ ကျွန်တော်သည် ဤသို့ စာပေသင်ကြား နေသော ဆင်းရဲသည့် သံဃာတော်များကို မြင်ရသည့်အခါ အလွန်တရာ ၀မ်းနည်းမိပါသည်။ ဥပသကာ၊ ဥပသကီများအနေဖြင့် ဘတ်(စ်)ကားတိုးစီး၊ ဝေးလံသောခရီးများကို ခြေလျင်ကြွမြန်း၍ ဆွမ်းတစ်နပ် ရရန်အတွက် အားသွန်ခွန်စိုက်ပြီး ကြိုးစားနေရသော သံဃာတော်များကိုလည်း မပင်ပန်းရအောင် စောင့်ရှောက် သင့်ပါသည်။ မြတ်ဗုဒ္ဓသည် လောကမှ လွတ်မြောက်ကြောင်းဖြစ်သော လောကုတ္တရာတရားများကိုသာ ဟောကြားခဲ့သည်မဟုတ်။ လောကီလူ့ဘောင်မှ လူသားများအတွက် ကျင့်သင့်ကျင့်ထိုက်သော လူ့ဝတ္တရားများကို ဟောကြားခဲ့ပေသည်။ သို့တိုင်လျက် ကျွန်တော်တို့လူ့ဘောင်မှလူသားများ မေ့နေကြသည်လော ? မသိ၍လော ? ဟောပြောဆုံးမမည့်သူ မရှိ၍လော ? ထိုဝတ္တရားများကို မကျင့်ကြတော့သည်ကို တွေ့ရသည်မှာ ၀မ်းနည်းဖွယ် ကောင်းပါသည်။ မိဘ၀တ်ကို ရသော မိဘများ၊ ဘယ်နှယောက် ကျန်သေးသနည်း။ ထိုမိဘတို့သည် ဘုရားဟော ခဲ့သော မိဘ၀တ္တရားအတိုင်း ကျင့်ခဲ့ကြသည်လော ? အလားတူပင် သားသမီးတို့သည်လည်း ဘုရားဟောသည့် သားသမီးကျင့်ဝတ်အတိုင်း မိဘအပေါ် ကျင့်ရကောင်းမှန်း မသိကြတော့ချေ။ အလားတူပင် ဆရာကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ်၊ အလုပ်သမားကျင့်ဝတ်၊ အလုပ်ရှင်ကျင့်ဝတ်တို့ကို မည်မျှ လိုက်နာနေကြ သနည်း။ ယခု ထေရ၀ါဒနိုင်ငံဟုဆိုသော ကျွန်တော်တို့နိုင်ငံ၌ပင်လျှင် ထိုကျင့်ဝတ်တရားတို့သည် ပျောက်ကွယ် နေပါ၏။ သို့ဖြစ်လျှင် ထေရ၀ါဒသာသနာတော် တည်တံ့ပြန့်ပွားရေးအတွက် ထိုကျင့်ဝတ်သိက္ခာတို့ကို ပြန်လည် အသက်သွင်းတည်ဆောက်ရန်လိုအပ်ပါကြောင်းကို မျှဝေခံစားရင်း … … … … ။
နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ …. ။